
ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့အလုပ်လုပ်သူတွေ၊ ကွန်ပျူတာအသုံးများသူတွေမှာသာ ကြားရလေ့ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေပေါလာတာနဲ့အမျှ မဖြစ်ဖူးသူမရှိသလောက်ဖြစ်လာပါပြီ။ တိုးတက်ခေတ်မီလာမှုရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပါ။ ဖုန်း သို့မဟုတ် လပ်တော့ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ်သုံးနေမယ်၊ ဂိမ်းဆော့နေမယ်၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံမမှန်တာနဲ့ ဇက်ကြောတက်တာ၊ အကြောအခြင်တွေတောင့်တင်းတာတွေဖြစ်လာပါလိမ့်မယ်။
အသက်အရွယ်မရွေးဖြစ်နိုင်လား
ဇက်ကြောတက်၊ လည်ပင်းကြောနာတာက အရင် လူကြီးတွေမှာသာ အဖြစ်များရာကနေ၊ အခု လူငယ်တွေမှာပါ အဖြစ်များလာတယ်။ လူငယ်တွေမှာ အဖြစ်များလာတဲ့ ဒီ ဇက်ကြောတက်၊ လည်ပင်းကြောနာတာက၊ တကယ်တော့ အသက် ၄၀-၅၀ အရွယ် လည်ပင်းအသုံးများတဲ့လူကြီးတွေမှာ ဖြစ်တတ်တဲ့ လည်ပင်းကြီးပေါင်းတက်တဲ့ အဆင့်မဟုတ်ပါဘူး။ လူကြီးတွေ လည်ပင်းကြီးပေါင်းတက်လာချိန်မှာ အများအားဖြင့် လည်ရိုးအဆစ်ကြားတွေကျဉ်းတာနဲ့ အရိုးအတက်ထွက်တာတွေ တွေ့ရပေမယ့် အခု အသက် ၁၈ နှစ်ကနေ ၂၅-၃၀ အရွယ် လူငယ်တွေမှာ အလားတူ ဇက်ကြောတက်၊ လည်ပင်းကြောနာတာတွေမှာတော့ ကြီးပေါင်းလိုမျိုး လည်ပင်းအဆစ်ကျဉ်းတာ၊ အရိုးအတက်ထွက်တာတွေ မတွေ့ရပါဘူး။

လူငယ်တွေက ဘာကြောင့်ဖြစ်တာလဲ
လူငယ်တွေမှာ အခုလို ဇက်ကြောတက်၊ လည်ပင်းကြောနာ ဖြစ်ရခြင်း အဓိကအကြောင်းရင်းက၊ အကြာကြီး ခေါင်းငုံ့ အာရုံစိုက် တစ်ခုခုလုပ်တာကြောင့် အများကြီးပိုလေးလာတဲ့ ခေါင်းကို လိုက်ထိန်းပေးရတဲ့ လည်ပင်းကြွက်သားတွေ အများကြီး တင်းလာကာ၊ ဒဏ်ပိသွားတာကြောင့်ပါ။ ခေါင်းက ရှေ့ကိုတည့်တည့်ထားလျှင် (၁၂) ပေါင်ခန့်သာလေးပြီး၊ (၁၅) ဒီဂရီ ငုံ့လိုက်ချိန်မှာ (၂၇) ပေါင်လေးလာကာ၊ (၃၀) ဒီဂရီထိ ငုံ့လိုက်လျှင်တော့ ပေါင် (၄၀) အထိကို လေးသွားတာပါ။ အခုခေတ်မှာ အထူးသဖြင့် လူငယ်တွေအနေနဲ့ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မိုဘိုင်း လက်ကိုင်ဖုန်း၊ စမတ်ဖုန်းတွေ၊ ကွန်ပြူတာ Game ကစားတာတွေ၊ Tablet တွေ၊ ကွန်ပြူတာသုံးတာ စတာတွေကို၊ နာရီတွေနဲ့ချီ အချိန်ကြာကြာ ဆက်တိုက် ခေါင်းငုံပြီး သုံးစွဲတာ ပိုများလာတာကြောင့် အခုလို ပိုအဖြစ်များလာတာပါ။

ဘယ်လိုလက္ခဏာတွေ စဖြစ်တာလဲ
ဇက်ကြောတက်၊ လည်ပင်းကြောနာတာနဲ့တွဲပြီး ခေါင်းကိုက်တာ၊ ခေါင်းအုံတာနဲ့ တချို့မျက်ရိုးကိုက်တာ တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေ စပြလာချိန်မှာ ချက်ချင်း ဆရာဝန်ပြသင့်ပါတယ်။ ဆရာဝန်မပြဘဲ၊ အခုလို ဖြစ်နေတာကို ရေရှည် ဆက်လုပ်မိပါက၊ လည်ပင်းအရိုးကိုပါထိခိုက်ကာ လည်ပင်းကြီးပေါင်းတက်တာအပြင်၊ နောက်ဆုံး လည်ပင်းက အာရုံကြောကြီးတွေကိုပါ ထိခိုက်ပြီး ထုံကျင်လာတာ၊ လှုပ်ရှားမှုတွေ အားနည်း၊ ပျက်စီးသွားတာအထိ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်ပါတယ်။

ဒီဇတ်ကြောတတ်တာက ဘယ်အချိန်မှာ စနာလာတာလဲ
စစချင်း အဆင့်ဖြစ်တဲ့ ဒီ ဇက်ကြောတက်၊ လည်ပင်းနာတာကို မဖြစ်အောင် အထူး ကာကွယ်သင့်ပါတယ်။ အဓိက အားဖြင့်တော့ ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ခေါင်းအကြာကြီးငုံ့ တစ်ခုခုလုပ်တာကို ရှောင်ကျဉ်ဖို့ပါ။ အကြောင်းက နာရီဝက်ကျော် အခုလို ငုံ့ပြီးတစ်ခုခုလုပ်တာကြောင့် လည်ပင်းကြွက်သားတွေ စတင်းလာပြီး (၁) နာရီကျော်အကြာမှာ စနာလာနိုင်လို့ပါ။
ဇက်ကြောနာလာခဲ့ရင် သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ နေရမလဲ

ခေါင်းအုံးပုံစံ အနေအထားများ ပြောင်းအိပ်ကြည့်ပါ
တကယ်တော့ လူတွေရဲ့ကျောရိုးဟာ သံတိုင်ကြီးလို တစ်ဖြောင့်တည်း တောင့်တောင့်ကြီး ရှိနေတာ မဟုတ်ပါဘူး။ ဘေးတိုက်ကြည့်မယ်ဆိုရင် ကောက်ကြောင်းလေးတွေ ရှိနေပါတယ်။ ဒါကြောင့် ဇက်ကြောတောင့်တင်းပြီး နာခဲ့မယ်ဆိုရင် ခေါင်းအုံးလေးတွေကို သုံးပြီး ကျောရိုးတိုင်ကို သဘာဝကောက်ကြောင်းအတိုင်းဖြစ်အောင် ထားပေးပြီး အိပ်စက်ခြင်းက ဇက်ကြောနာတာကို သက်သာစေပါတယ်။ ဥပမာ - ခေါင်းအုံးပါးပါး အုံးတာမျိုး၊ ဦးခေါင်းနေရာ ပိုချိုင့်ထားပြီး လည်ပင်းနေရာ ပိုမြှင့်ထားတဲ့ ခေါင်းအုံး အုံးတာမျိုးတွေပဲ ဖြစ်ပါတယ်။

ခေါင်းအုံးမပါဘဲ အိပ်ကြည့်ပါ။
တချို့တွေကတော့ ဒီပြဿနာကိုဖြေရှင်းဖို့ ခေါင်းအုံးကိုမအုံးဘဲ ဇက်ကြောကို တင်းမနေအောင်ထောက်ပံ့ပေးဖို့ လက်မောင်းတစ်ဖက်စီရဲ့အောက်မှာသာ ခေါင်းအုံးတွေကိုထားပြီး အိပ်ကြပါတယ်။ ဘေးတစောင်းအိပ်တတ်တဲ့ သူတွေအတွက်ကတော့ (၄) လက်မကနေ (၆) လက်မအထိထူတဲ့ ခေါင်းအုံးကိုသာ အသုံးပြုပေးပါ။ ဦးခေါင်းနဲ့ လည်ပင်းကို ပုံမှန်အနေအထားအတိုင်း ရှိနေစေဖို့ ဒီခေါင်းအုံးအထူက အကောင်းဆုံးပါပဲ။ ခေါင်းအုံးမပါဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်မတ်ပြီးအိပ်ဖို့ အနိမ့်အမြင့်ကို ချိန်ညှိလို့ရတဲ့ ခုတင်တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

ဖုန်းသုံးလျှင် ခေါင်းကို မတ်မတ်ထားပြီး သုံးပါ။
အများစုဟာ ဖုန်းသုံးတဲ့အခါမှာ ခေါင်းငုံ့ပြီးသုံးနေတတ်ကြတာကို သတိမပြုမိကြပါဘူး။ ဒါဟာလည်း ဇက်ကြော တောင့်တင်းနာကျင်ရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်ပါပဲ။ ခေါင်းကို ကြာရှည်စွာငုံ့ထားခြင်းကြောင့် လည်ပင်းကျောရိုးများ၊ ကြွက်သားများ၊ အရွတ်အဆိုင်းများကို ဆွဲဆန့်ထားသလိုဖြစ်စေပြီး ဒဏ်ဖြစ်ကာ နာကျင်စေပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကိုလည်း မျက်စိနဲ့တစ်တန်းတည်းဖြစ်နေအောင် ထားပြီး သုံးသင့်ပါတယ်။

ခေါင်းလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ
ခေါင်းလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းက ဦးခေါင်းအနေအထားကို တည့်မတ်ပေးတဲ့အပြင် ဇက်ကြောနားက ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။

ရေများများသောက်ပါ
လည်ပင်းရိုးလေးတွေကြားထဲက အရိုးနုပြားလေးတွေဟာ ရေဓာတ်နဲ့ အဓိကဖွဲ့စည်းထားတာဖြစ်လို့ တစ်နေ့ကို ရေ (၂) လီတာခန့် သောက်ပေးခြင်းကလည်း ဇက်ကြောနာခြင်းကို ကာကွယ်ခြင်းတစ်မျိုးပါပဲ။

ကိုယ်နေဟန်ထားကို တည့်မတ်အောင်နေပေးပါ
လက်ပြင်ကုန်းပြီးနေခြင်းဟာ အဖြစ်တတ်ဆုံးသော ကိုယ်နေဟန်ထား မှားယွင်းမှုပါပဲ။ ဦးခေါင်းဟာ ပခုံးကနေ ရှေ့ကို တစ်လက်မ ရွေ့ရွေ့သွားတိုင်း ကိုယ်ခန္ဓာအပေါ်ပိုင်းက ကြွက်သားတွေနဲ့ ဇက်ကြောနားတစ်ဝိုက်ရှိ ကြွက်သားတွေဟာ အလေးချိန်အပို (၁၀) ပေါင်ကို တိုးပြီး ထမ်းထားရသလို ဖြစ်စေပါတယ်။

အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့
တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံး အကြောအခြင်တွေ တောင့်တင်း နေမှာသေချာလို့ပါ။

မျက်မှန်တပ်သူဖြစ်ရင် ပါဝါအမြဲစစ်ပါ
လက်ရှိတပ်ထားတဲ့မျက်မှန်က ပါဝါကိုက်မှဖြစ်မှပါ။ မျက်မှန်ပါဝါတက်နေတာ အသစ်မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေဖြစ်လာပါလိမ့်မယ်။
ဇက်ကြောတက်တာ၊ အကြောတောင့်တင်းတာတွေဟာလည်း လူတစ်ယောက်ရဲ့ ကျန်းမာရေးအရ မပေါ့ဆသင့်တာကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှု ပုံစံတွေထဲမှာ ပါဝင်နေတဲ့ စမတ်ဖုန်းသုံးတာ၊ ကွန်ပြူတာသုံးတာ စတာတွေကိုလည်း ဂရုစိုက်သင့်တယ်ဆိုတာ အကြံပြုပါရစေနော်။