
အိမ်ထောင်ရက်သားကျပြီးတဲ့ စုံတွဲတွေတိုင်းရဲ့ အိပ်မက်တွေထဲမှာ ချစ်စဖွယ်ရင်နှစ်သည်းချာ သားသားမီးမီးလေးတွေ မွေးဖွားပြီး ပြုစုပျိုးထောင်ပေးဖို့ဆိုတဲ့ အချက်က အမြဲတမ်းဦးစားပေးလို့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ ကြိုးပမ်းသမျှ အဖတ်မတင်ဖြစ်ပြီး ကိုယ်ဝန်မရ သေးတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ဟာ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ အတူတူနေကြပါ လျက်နဲ့ ကာကွယ် တားဆီးမှုတွေ မပြုပါဘဲနဲ့ (၁) နှစ်တိတိအတူတူနေရဲ့သားနဲ့ ကိုယ်ဝန်မရနိုင်ဘူးဆိုရင် ဒါဟာ ကိုယ်ဝန် မရနိုင်ခြင်း ပြဿနာလို့သတ်မှတ်ပါတယ်။ (၃၀) ကျော်နှင့်အထက် လက်ထပ်တဲ့ စုံတွဲတွေကျတော့ (၆) လလောက်နေလို့မှ ကိုယ်ဝန်မရနိုင်ရင် ကိုယ်ဝန်မရနိုင်သေးတဲ့ ပြဿနာ ရှိပြီလို့ယူဆပြီး နားလည်တတ်ကျွမ်း သူနဲ့ ပြသသင့်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ အမျိုးသား အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ရဖို့ မခက်ခဲနိုင်ဘူးလို့ ယျေဘုယျအားဖြင့် သတ်မှတ်ထားကြပေမယ့် တကယ်တမ်းမှာတော့ ခြွင်းချက်အခြေအနေတွေရှိနေပါသေးတယ်။ ကျန်းမာသန်စွမ်းပေမယ့် ကိုယ်ဝန်ရနိုင်ခြေကို နှောင့်ယှက်နေတဲ့ အချက်တွေက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ရှိတတ်ပါတယ်။ ကိုယ်ဝန်မရတိုင်း ကိုယ်မစွမ်းလို့ သူမစွမ်းလို့ဆိုတာမျိုး တစ်ထစ်ချတွေးထင်လို့တော့ မရပါဘူး။ တစ်ခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အရွယ်ကောင်းဖြစ်ပြီး ကိုယ်ဝန်ရဖို့ ကြိုးပမ်းတာလည်း ၆ လ ထက်မနည်းကြာမြင့်လာချိန်မျိုးမှာ ကိုယ်ဝန်မရသေးဘူးဆိုရင် တစ်ချို့က မြုံနေလို့ တစ်ခုခုချို့ယွင်းနေလို့လို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ မတော်တဆကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။ လူတိုင်းက အကြောင်းမဲ့ ကိုယ်ဝန်မရတာမျိုးမဖြစ်တတ်ပါဘူး။ အကြောင်းမတိုက်ဆိုင်သေးလို့ မရတာသာ ပိုများတာကြောင့်ပါ။
ကိုယ်ဝန်မရနိုင်ခြင်း ဘယ်နှစ်မျိုးရှိပါသလဲ
ကိုယ်ဝန်မရနိုင်ခြင်း (၂) မျိုးရှိပါတယ်။ (၁) လက်ထပ်သက်တမ်း တလျှောက် ကိုယ်ဝန်မတားထားဘဲနဲ့ (၁) နှစ်ကျော်ထိ ကိုယ်ဝန်မရနိုင်ခြင်းနှင့် (၂) ပထမကလေး တစ်ဦးနှစ်ဦး ရခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ထပ်မရခြင်းတို့ ဖြစ်ပါတယ်။ စုံတွဲ ၂၀% လောက်ဟာ ကိုယ်ဝန်ရယူရာမှာ ခက်ခဲတဲ့ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ၁၅% လောက်ဟာ သိသာထင်ရှားတဲ့ ချို့ယွင်းချက်ရှာဖွေလို့မရပဲ ဖြစ်နေတတ် ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သဘာဝအတိုင်းဖြစ်တတ်တဲ့ ပြဿနာတစ်ချို့ ကြောင့်လို့ဆိုရမှာပါ။

(၁) သုတ်ပိုး၏ချို့ယွင်းချက်
သုတ်ပိုးများ၏ အရေအတွက်၊ ပုံသဏ္ဍာန်၊ လှုပ်ရှားနိုင်စွမ်းနှင့် သက်တမ်းစတဲ့ အခြေအနေတွေဟာ သန္ဓေတည်ဖို့ အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။ သုတ်ပိုး အရေအတွက်နည်းခြင်း၊ မူမမှန်သော သုတ်ပိုးများဖြစ်နေခြင်း၊ လှုပ်ရှားနိုင်စွမ်းနည်း ပါးခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကြောင့် သားသမီးမရနိုင်ခြင်း ဖြစ်ပါတယ်။ အမျိုးသားရဲ့သုတ်ရည်မှာ သုတ်ပိုးလုံးဝမပါရှိရင်လည်း ဘယ်လိုနည်းနဲ့မှ သန္ဓေ ရနိုင်မှာ မဟုတ်ပါဘူး ဒီအချက်ကိုသိရအောင် သုတ်ရည်စစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။

(၂) မမျိုးဥမပေါက်ခြင်း
အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေ နည်းစေတဲ့ အဓိက ပြဿနာကတော့ သားအိမ်ကနေ မမျိုးဥကို အောင်အောင်မြင်မြင်မထုတ်လုပ်နိုင်တာပါပဲ။ ပြောရရင် သုတ်ကောင်နဲ့ထိမိကာ ကိုယ်ဝန်ရစေမယ့် မမျိုးဥကို သားအိမ်ကနေ မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေပါ။ သားအိမ်ကနေထုတ်လုပ်လိုက်တဲ့ သားဥတွေဟာ သားအိမ်ပြွန်ကနေ ကောင်းစွာ ထွက်မလာနိုင်တာကြောင့်လည်း ကိုယ်ဝန်ရနိုင်ခြေနည်းပါးသွားတတ်ပါတယ်။ သားအိမ်ပြွန်ဟာ တစ်ခါတစ်ရံမှာ ရောဂါပိုးကူးစက်မှုလို အခြေအနေမျိုးတွေ၊ တစ်သျှူးဆဲလ်တွေကြောင့် ယာယီအားဖြင့် ပိတ်ဆို့နေတာမျိုးဖြစ်တတ်ပြီး ဒီအချက်ကလည်း အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးထားတတ်ပါတယ်။ အမျိုးသမီးတွေရဲ့ မျိုးဥအိမ်ဟာ အရွယ်ရောက်ပြီးချိန်ကစပြီး သွေးမဆုံးမီ အထိ လစဉ် မမျိုးဥပေါက်လေ့ရှိပါတယ်။ အမျိုးသမီးများ မမျိုးဥပေါက်ကြွေခြင်း မရှိပါက သန္ဓေရနိုင်မှာ မဟုတ်ပါဘူး။ မမျိုးဥပေါက်ခြင်း ရှိမရှိခြင်းကိုလည်း နည်းမျိုးစုံနဲ့ စမ်းသပ်စစ်ဆေးလို့ ရနိုင်ပါတယ်။

(၃) ဥပြွန်ချို့ယွင်းချက်
မမျိုးဥဟာ မျိုးဥအိမ်ကပေါက်ခဲ့ပြီးနောက် ဥပြွန်အတွင်းမှာ သုတ်ပိုးနဲ့ ဆုံတွေ့ပြီး သန္ဓေတည်ရမှာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ဥပြွန်ပိတ်ဆို့နေရင် သုတ်ပိုးနဲ့မမျိုးဥတို့ တွေ့ဆုံနိုင်ခြင်းမရှိတာကြောင့် သန္ဓေမရနိုင်တော့ပါဘူး။ ဥပြွန်လမ်းကြောင်းကောင်းသည်၊ မကောင်းသည်ဖြစ်လည်း စစ်ဆေးကြည့် နိုင်ပါတယ်။

(၄) သားအိမ်၏ချို့ယွင်းချက်
သန္ဓေသားဟာ သားအိမ်ရဲ့ နံရံမှာတွယ်ကပ်ပြီး ၂ ရက်ခန့် ရှင်သန်နေထိုင်ရပါတယ်။ သားအိမ်ရဲ့ချို့ယွင်းချက်တွေကြောင့် သန္ဓေသား သားအိမ်နံရံမှာ တွယ်ကပ်နိုင်ခြင်း မရှိတာကလည်း သန္ဓေမရနိုင်ခြင်းမှာ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရပါတယ်။
(၅) ဆက်ဆံမှုချို့ယွင်းခြင်းက်ဆံရာမှာ ချို့ယွင်းမှုကြောင့်လည်း သားသမီး မထွန်းကားခြင်း ဖြစ်နိုင်ပါသေးတယ်။

(၆) သားအိမ်ဝရှိ အမြှေးပါးလွှာချို့ယွင်းချက်
သုတ်ပိုးတွေဟာ သားအိမ်ဝရှိ အမြှေးပါးလွှာကို ဖြတ်ကျော်နိုင်စွမ်းရှိမှသာ သန္ဓေအောင်မှာဖြစ်တယ်။ မြူးကပ်အရည်လွှာရဲ့ ပျစ်ချွဲသိပ်သည်းလွန်းမှုကြောင့် သုတ်ပိုးများ မဖြတ်သန်းနိုင်တဲ့အခါမှာ သားသမီးမရနိုင်ပြန်ပါဘူး။ အမြှေးပါးလွှာရဲ့ သဘာဝကို ဟော်မုန်းတွေက ခြယ်လှယ်နိုင်စွမ်းရှိကြောင်း တွေ့ရပါတယ်။

(၇) အမျိုးသားများကြောင့် ဖြစ်စေတတ်သော
အမျိုးသားတွေမှာ မွေးရာပါချွတ်ယွင်းချက် (ဥပမာ - ကပ်ပယ်အိတ်ထဲ သို့ ဝှေးစေ့ဆင်းမလာခြင်း)၊ ငယ်စဉ်က ဝှေးစေ့ယောင်ယမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သုတ်ပိုးမထွက်ခြင်း၊ အထွက်နည်းခြင်း၊ နာတာရှည်ရောဂါရှိခြင်း၊ ပန်းသေပန်းညိုးခြင်း၊ အချိန်မတိုင်မီစော၍ သုတ်လွှတ်ခြင်း၊ ကာလသားရောဂါ ဖြစ်ခဲ့ဖူးခြင်းတို့ကြောင့် ကလေးမရနိုင်ဖြစ်တတ်ပါတယ်။

(၈) အမျိုးသမီးများကြောင့် ဖြစ်စေတတ်သော
အမျိုးသမီးများမှာ မွေးရာပါသားဥအိမ် ချွတ်ယွင်းမှုကြောင့် သားဥမကြွေနိုင်ခြင်း ၊ မွေးရာပါ သားဥအိမ်ချွတ်ယွင်းမှုကြောင့် သန္ဓေမတည်နိုင်ခြင်း၊ သားဥပြွန် ပိတ်နေတာကြောင့် သုတ်ပိုးနဲ့ မတွေ့ဆုံနိုင်ခြင်း၊ မျိုးပွားလမ်းကြောင်းရောဂါ ပိုးဝင်ပြီး ယောင်ယမ်းမှုကြောင့် သန္ဓေမတည်နိုင်ခြင်း၊ သန္ဓေတားထိုးဆေး သုံးစွဲထားပြီး ဆေးအာနိသင်ရှိနေသေးခြင်း၊ ကိုယ်ဝန်နုစဉ်ပျက်ကျခြင်းနဲ့အခြား ရောဂါ (ဥပမာ - စိတ်ဖိစီးမှု၊ နာတာရှည်ရောဂါ၊ ပင်ပန်းလွန်းခြင်း၊ အာဟာရနည်းပါးခြင်း၊ ဟော်မုန်းဓာတ်နည်းပါးခြင်း) များကြောင့် ကလေးမရနိုင်ဖြစ်တတ်ပါတယ်။
ကလေးတစ်ယောက်ရဖို့ဆိုတာ လူ့သဘာဝနဲ့ သက်ဆိုင်သလို ကံအကြောင်းတွေနဲ့လည်း တိုက်ဆိုင်နေတာမျိုးပါ။ ဒါကြောင့် မိမိက ကလေးအရမ်းလိုချင်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ကြီုးစားမှု ပြုလုပ်သင့်ပါတယ်။