အဖျားတာရှည်ခြင်းနဲ့ ဖျားနေတဲ့အချိန် စားသင့်တဲ့ အစားအစာ
myanmaplatform.com
|
2021-12-17

ရာသီအပြောင်းအလဲကြောင့် အဖျားက အရှင်းမပျောက်ဘဲ တငွေ့ငွေ့နဲ့ ဖျားနေတာမျိုးကိုကြုံဖူးကြမှာပါ။ ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့သာမကောင်းတာ ကိုယ်ကလည်း မပူ၊ အိပ်ရာထဲမှာလဲနေတာလည်း မဟုတ်၊ အဖျားပျောက်လားဆိုတော့ အဖျားကလည်း မပျောက်ဖြစ်နေတတ်ပါတယ်။ ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျား ရှိနေတာလို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ခြင်း ရဲ့အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ နေလို့မကောင်းဘူးဆိုတာနဲ့ မစားချင်၊မသောက်ချင်၊ တရှောင်ရှောင်နဲ့နေတတ်ကြပါတယ်။ ခန္ဓါကိုယ်ကနေလို့မကောင်းမှတော့ ခံတွင်းလည်းမကောင်းနိုင်တော့ပါဘူး။ အအေးမိတာပဲဖြစ်ဖြစ် တုပ်ကွေးဖြစ်နေတာပဲဖြစ်ဖြစ်၊ အပူလျှပ်တာပဲဖြစ်ဖြစ် ဖျားနေတဲ့အချိန်မှာ အာဟာရပိုနည်းသွားလို့မဖြစ်ပါဘူး။

အဖျားတာရှည်ခြင်း ဘာတွေကြောင့် ဖြစ်နိုင်လဲ

အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံးဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့


(၁) အသက်ရှူလမ်းကြောင်းပိုးဝင်တာ

ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ ကိုယ်အပူချိန်မြင့်လာပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့ လေပြွန်ရောင်ခြင်းတို့ကလည်း အဖျားငွေ့ငွေ့ရှိစေတဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ ဖြစ်ပါတယ်။ ရက်သီတင်းပတ်ချီအောင် အဖျားနည်းနည်းရှိမယ်၊ ချမ်းမယ်၊ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်စတဲ့ လက္ခဏာတွေနဲ့အတူ ဖြစ်လာတတ်ပါတယ်။


(၂) ဆီးလမ်းကြောင်းပိုးဝင်တာ

ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လည်း အဖျားတာရှည်နိုင်ပါတယ်။ တစ်ခါတလေ ဘာကြောင့်မှန်းမသိ ကိုယ်ပူနေတာကြောင့် အအေးမိပျောက်ဆေးလည်းမရ၊ ကိုယ်ပူကျဆေးသောက်လည်းမရ ဖြစ်တတ်ပါတယ်။ ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးပေးမှ သက်သာမယ့်ရောဂါကိုး။ သိသာတဲ့လက္ခဏာကတော့ ဆီးသွားတဲ့ အခါ ပူတာ၊ နာကျင်တာ၊ မကြာခဏဆီးသွားလွန်းတာ၊ ဆီးအရောင်ရင့်လာတာ တွေရှိနိုင်ပါတယ်။


(၃) စိတ်ဖိစီးလို့

စိတ်ဖိစီးမှုတာရှည်လာရင်လည်း အဖျားငွေ့ငွေ့ရှိနေနိုင်ပါတယ်။ စိတ်ကြောင့် ဖြစ်တဲ့ အဖျားဝေဒနာလို့ဆိုနိုင်ပါတယ်။ ဒီဝေဒနာကို စိတ်ခံစားချက်နုတဲ့သူတွေ၊ စိတ်ဖိစီးမှုတာရှည်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒီလိုအခြေအနေတွေအတွက် အဖျားကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေမတိုးတဲ့အတွက် စိတ်တည်ငြိမ်စေမယ့်ဆေးဝါးတွေ၊ နည်းလမ်းတွေနဲ့ ကုသရပါတယ်။ ဆရာဝန်နဲ့ပြသတာ ပိုအဆင်ပြေနိုင်ပါတယ်နော်။ 


(၄) သိုင်းရွိုက်ပြဿနာရှိနေတာ

သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းကြောင့် အဖျားတာရှည်နိုင်ပါတယ်။ ကြွက်သားနာကျင်တာ၊ မောဟိုက်နွမ်းနယ်တာ၊ သိုင်းရွိုက်ဂလင်းနားတဝိုက် အထိမခံနိုင်တာ၊ နားရွက်အထိ ဖြာထွက်လာတဲ့ ဇက်နာခြင်း စတဲ့လက္ခဏာတွေပါ တွဲပြီးဖြစ်တတ်ပါတယ်။


 (၅) Autoimmune ရောဂါတွေဖြစ်တာ

ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ကိုယ်ခံအားကမှားယွင်းတိုက်ခိုက်တဲ့ ဒီရောဂါအမျိုးအစားတွေကြောင့် အဖျားတာရှည်ခြင်း ကိုခံစားရတတ်ပါတယ်။ ဥပမာ လေးဖက်နာအဆစ်ရောင်ရောဂါ ဆိုရင် အဖျားငွေ့ငွေ့နဲ့ အဆစ်နာကျင်မှု၊ နွမ်းနယ်မှုတွေခံစားရပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို ထိုက်သင့်သလောက်စားပါ။ ကြေလွယ်တဲ့ အစားအစာကိုသာရွေးပြီး အပြင်စာတွေ၊ ပြုပြင်ထားတဲ့အသင့်စား တွေကိုရှောင်ပါ။ နေမကောင်းချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ စားသင့်တဲ့အစားအစာတွေကို အခုပြောပြမယ်နော်။ နေမကောင်းတဲ့အချိန်မှာ ခန္ဓာကိုယ်ကြံ့ခိုင်နေဖို့ ပရိုတင်းဓါတ်ကိုလိုအပ်ပါတယ်။ အသား၊နို့ထွက်ပစ္စည်း၊ အစေ့အဆံတွေကနေ ပရိုတင်းကောင်းကောင်းရနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေက ဗီတာမင်B6 နဲ့ B12 လို ဓါတ်တွေလည်းပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပါတယ်။ ဥပမာ ပဲ၊ အာလူး၊ ဟင်းနုနွယ်တို့မှာ ဗီတာမင်B6 ပါဝင်ပြီး အသား၊နို့နဲ့ ငါးတွေမှာ ဗီတာမင်B12 ပါဝင်ပါတယ်။


ရေနွေးပူပူ

လက်ဖက်ရည်ကြမ်းဟာ အအေးမိတုပ်ကွေးနဲ့ပတ်သက်တဲ့ လက္ခဏာတော်တော်များများကို သက်သာစေတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်လိုပဲရေနွေးကြမ်းက နှာပိတ်ခြင်းနဲ့ ချွဲသလိပ်တွေကို ရှင်းလင်းစေတဲ့ သဘာဝဆေးတစ်လက်ပါ။ သတိထားရမှာက ထိုက်သင့်သလောက် ပူတဲ့အနေအထား ကိုပဲသောက်သင့်ပါတယ်။ လည်ချောင်းကို ထိခိုက်စေနိုင်လို့ အရမ်းပူတာမသောက်ပါနဲ့။


ပျားရည်

ပျားရည်မှာ ဘက်တီးရီးယားကိုသေစေတဲ့အစွမ်းသတ္တိတွေပါရှိပြီး ကိုယ်ခံအားစနစ်ကို အထောက်အပံ့ ပေးပါတယ်။ ကလေးတွေမှာဆို ပျားရည်ကျွေးပေးရင်ချောင်းဆိုးသက်သာစေနိုင်ပါတယ်။ ပျားရည်မစစ်ရင် ချောင်းပိုဆိုးစေနိုင်တာကြောင့် ပျားရည်စစ်ဖို့တော့ လိုပါတယ်။ နွားနို့နွေးနွေးတစ်ခွက်ထဲ ပျားရည်ဇွန်း တစ်ဝက်ထည့်ပြီးသောက်ပါ။ ရေဓါတ်ဖြည့်တင်းပေးပြီး ရောဂါပိုးကိုသေစေတဲ့ အာနိသင်ရှိပါတယ်။


ငှက်ပျောသီး

ငှက်ပျောသီးက ပိုတက်စီယမ်ကြွယ်ဝပြီးချွေးစေးထွက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း တွေကိုသက်သာစေပါတယ်။ အစာကြေလွယ်စေပြီး ကိုယ်ပူကျစေတယ်၊ ဆုံးရှုံးထား တဲ့ဓါတ်ဆားဓါတ် ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။


ဗီတာမင် C ကြွယ်ဝတဲ့အစားအစာ

ဗီတာမင် C ကရောဂါပိုးတွေခုခံတိုက်ဖျက်တဲ့နေရာမှာလူသိများတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဗီတာမင် C ကိုဆေးအဖြစ်သောက်ရင် လွန်ကဲမှုဖြစ်စေနိုင်ပြီးဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကိုစားတာ ပိုကောင်းပါတယ်။ ပန်းငရုတ်ပွ၊ အရည်ရွှမ်းတဲ့အချဉ်သစ်သီးတွေ၊ အချဉ်သီးဖျော်ရည်တွေ၊ ကီဝီသီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းတို့မှာ ဗီတာမင် C ကြွယ်ဝပါတယ်။


အပူအစပ်လေးတွေ

တုပ်ကွေးဖြစ်နေရင် အပူအစပ်လေးနဲ့မှ ပွင့်သွားတယ်တို့ဘာတို့။ နှာခေါင်းပိတ်၊ ခေါင်းကိုက်၊ ချွေးမထွက်ဘဲ ကွေးနေရတယ်ဆိုရင် ပူပူစပ်စပ်လေး(အရည်သောက်ဆိုပိုကောင်းပါတယ်။ဥပမာ ရခိုင်မုန့်တီ) တစ်ခုခုစားလိုက်ရင် ချွေးထွက်လာပြီးနေရသက်သာ သွားနိုင်ပါတယ်။ အစပ်မစားနိုင်ရင် ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းလေး နည်းနည်းခတ်သောက်တာမျိုးလည်း ရပါတယ်။ အစာအိမ်ပြဿနာနဲ့ ရင်ပူခြင်း အတွက်တော့ သတိထားစားပါ။


#ခန္ဓာကိုယ်
#လက္ခဏာ
#ရောဂါ
#တုပ်ကွေး
#ဆရာဝန်

Some text some message..