အစာစားပြီးရင် ဗိုက်​တောင့်​တောင့်​နေတယ်၊ ဘာ​ကြောင့်လဲ? 
ondoctor.com.mm
|
2021-12-18

အစာစားပြီးရင် ဗိုက်​တောင့်​တောင့်​နေတယ်ဆိုတဲ့​အ​ခြေအ​နေကို လူ​​တော်တော်များများ ကြုံ​တွေ့ခံစားဖူးပါလိမ့်မယ်။ ဒါဟာ အစာမ​ကြေ ရင်ကယ်ခြင်းအ​​ခြေအ​နေတစ်ခုဖြစ်ပါတယ်။  အစားအစာပမာဏ အလွန်များစွာစားမိပြီး​နောက် ဗိုက်​တောင့်​​တောင့်နေခြင်းဟာ ပုံမှန်အ​ခြေအ​နေတစ်ခုဖြစ်​လေ့ရှိ​ပေမဲ့လည်း အ​ကြောင်းအရင်းတိတိကျကျမရှိပဲ အမြဲတ​စေ အစာစားပြီးတိုင်း ဗိုက်​တောင့်​တောင့်​နေခြင်းဖြစ်​နေပါက ပုံမှန်မဟုတ်ပဲ ​ရောဂါတစ်ခုခုရှိ​နေနိုင်ပါတယ်။

အောက်​ဖော်ပြပါအ​ကြောင်းအရင်းတွေက​တော့ အများဆုံး​တွေ့ရတယ့် အစာစားပြီးတိုင်း ဗိုက်​တောင့်​တောင့်​​နေခြင်းဖြစ်​စေတဲ့အ​ကြောင်းအရင်း​တွေဖြစ်ပါတယ်။

အစာစားတဲ့အ​မူအကျင့် 

-အစားအစာကို တစ်ခါထည်းပမာဏများစွာစားခြင်း

-မြန်မြန်စားတတ်ခြင်း

-စိတ်ဖိစီးမှုများနေချိန်တွင် အစာစားခြင်း စတဲ့အစားအ​သောက်ပုံစံ​တွေဟာ ဗိုက်​တောင့်ခြင်းကိုဖြစ်​စေပါတယ်။

အဲဒီလိုမဖြစ်​အောင် အစာစားတဲ့အခါ ဗိုက်အပြည့်မစားပဲ စိတ်​ကျေနပ်တဲ့အခါ အာသာ​ပြေတဲ့အခါ ရပ်ပါ။

-တစ်​နေ့ ထမင်းအနပ်ကြီး ၂နပ်စားမည့်အစား အ​နပ်သေး ၄ကြိမ် /၅ကြိမ်ခွဲစားပါ။

-အစာစားတဲ့အခါ ​ဖြေး​ဖြေးနဲ့ မှန်မှန် ​​ကြေညက်​အောင်ဝါးစားပါ။

-ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။

ဗိုက်​တောင့်​စေတဲ့ အစားအစာများ 

အချို့အစာအစာတွေဟာ  ဗိုက်​တောင့်ခြင်းကိုဖြစ်​စေပါတယ်။  ယေဘုယျအားဖြင့် အမျှင်ဓာတ်များ​တဲ့၊ အက်စစ်ဓာတ်များတဲ့ အစားအ​သောက်တွေ၊ဂက်စ်ပါ​သောအရည်တွေနဲ့ ​ကော်ဖီ၊အရက်​တွေက ဗိုက်​တောင့်ခြင်းဖြစ်​စေပါတယ်။ ဥပမာ –

*ပဲအမျိုးမျိုး

*ကြက်သွန်နီ

*​ဂေါ်ဖီထုပ်

*ဆီ​ကြော်စာများ

*ဆီပါဝင်မှုများ​သောအစားအ​သောက်များ

*​ကဖင်း

*အရက်

*ဂက်စ်ပါ​သောအရည်များ

ဆေးလိပ်​သောက်ခြင်း 

ဆေးလိပ်​သောက်ခြင်းဟာ အစာအိမ်နံရံတွေကို ထိခိုက်​စေခြင်း၊အစာအိမ်အက်စစ်လျှံခြင်းများအပြင် အစာမ​ကြေခြင်း၊ဗိုက်​တောင့်ခြင်းများကိုဖြစ်​စေပါတယ်။

ဝမ်းချုပ်ခြင်း 

တစ်ပတ်လျှင် ဝမ်းသွားတဲ့အကြိမ်​ရေ ၃ကြိမ်ထက်နည်းရင် ​ယေဘုယျအားဖြင့် ဝမ်းချုပ်တယ်လို့သတ်မှတ်ကြပါတယ်။ ဒီအ​ခြေအ​နေဟာလည်း ဗိုက်ကယ်ခြင်း၊ ဗိုက်​တောင့်ခြင်း နှင့် ဗိုက်မအီမသာဖြစ်ခြင်းကို ဖြစ်​စေပါတယ်။ ဝမ်းချုပ်ခြင်းဟာ အဖြစ်များတဲ့ ​ဝေဒနာတစ်ခုဖြစ်ပါတယ်။  ရေများများ​သောက်ခြင်း၊အမျှင်ဓါတ်ကြွယ်ဝ​သောအစားအစာပိုစား​ပေးခြင်းနှင့် ​လေ့ကျင့်ခန်းလုပ်ခြင်းများက ဝမ်းချုပ်ခြင်းကိုသက်သာ​စေပါတယ်။

အူလှုပ်ရှားမှုပုံမှန်မဟုတ်​တဲ့ ​​ဝေဒနာစု(IBS) 

IBS​ဝေဒနာရှင်​တွေဟာလည်း အစာစားပြီးလျှင် ဗိုက်​တောင့်​တောင့်​​နေခြင်းအ​ခြေအ​နေ ကြုံ​တွေ့ခံစားရတတ်ပါတယ်။  အူလမ်း​ကြောင်းပိုးဝင်ခြင်း၊ အူအကျိုးပြုပိုး​ပမာဏ အ​ပြောင်းအလဲဖြစ်ခြင်း ၊ဓာတ်မတည့်​တဲ့ အစားအစာစားမိခြင်း၊ စိတ်ပူပန်မှုလွန်ကဲခြင်း နဲ့ စိတ်ဓာတ်ကျခြင်းအ​ခြေအ​နေ​တွေဟာ IBS ​ဝေဒနာ​တွေကို ကြွ​စေဆိုး​စေပါတယ်။

အစာအိမ်အနာ (Stomach Ulcers) 

အစာအိမ်ပိုး (Helicobacter Pylori)​ကြောင့် အများဆုံးဖြစ်​လေ့ရှိပါတယ်။  NSAID အကိုက်အခဲ​ပျောက်​ဆေးများ၊စတီးရွိုက်​ဆေးများ ၊​ဆေးလိပ်နဲ့ အရက်တွေကလည်း အစာအိမ်အနာဖြစ်​စေပါတယ်။  အစာအိမ်အနာဖြစ်တဲ့အခါ –

*အစာစားလိုက်တာနဲ့ ဗိုက်​အောင့်ခြင်း

*အစာမ​ကြေခြင်း

*ဗိုက်​တောင့်​တောင့်​နေခြင်း

*ကိုယ်အ​လေးချိန်ကျခြင်းတို့ ခံစားရ​လေ့ရှိပါတယ်။

အစာအိမ်အနာရှိ​နေလျှင် –

*အစာအိမ်ပိုးကိုသေချာကုသမှုခံယူခြင်း

*NSAID အကိုက်အခဲ​ပျောက်​ဆေးများ၊စတီးရွိုက်​ဆေးများကို ပမာဏများစွာ​သောက်ခြင်းနဲ့ ရက်ရှည်​သောက်ခြင်းများ​ရှောင်ခြင်း

*ဆေးလိပ်နဲ့ အရက်​ရှောင်ခြင်း တို့ ပြုလုပ်ရပါမယ်။

အစာအိမ်အက်စစ်လျှံတက်​တဲ့ရောဂါ(GERD) 

အစာအိမ်အက်စစ်လျှံတက်သည့်အခါ –

*ရင်ပူခြင်း

*အစာအိမ်အချဥ်​ပေါက်ခြင်း

*လည်ပင်းတစ်ဆို့ဆို့ဖြစ်ခြင်း

*အစာမျိုရခက်ခဲခြင်း

*အစာမ​ကြေရင်ကယ်ခြင်း

တို့ခံစားရ​လေ့ရှိပါတယ်။

အဝလွန်ခြင်း၊​ ဆေးလိပ်​သောက်ခြင်း၊ အရက်နဲ့ အပူအစပ်တွေဟာ GERD ဖြစ်​စေတဲ့ အ​ကြောင်းအရင်း​တွေဖြစ်ပါတယ်။  GERD မဖြစ်ရ​အောင် –

*အဝမလွန်​အောင်ထိန်းပါ။

*GERD ဖြစ်​စေ​သောအစားအစာတွေ ရှောင်ပါ။ (ဥပမာ-အပူအစပ်တွေနဲ့ အရက်)

*အစားအစာတွေကို ညအိပ်ချိန်နဲ့ ၃နာရီခွာစားပါ။

*​ဆေးလိပ်မ​သောက်ပါနဲ့။

အစာ​ချေဖျက်မှုကြာ​သော​ရောဂါ (Gastroparesis) 

အစာအိမ်မှအစာ​​ချေဖျက်ချိန် (Gastric Emptying) ကြာ​တဲ့အ​ခြေအ​နေတစ်ခုဖြစ်တယ်။

-အနည်းငယ်စားရုံနှင့် ဗိုက်ပြည့်လွယ်ခြင်း

-အစာစားပြီးဗိုက်​တောင့်​တောင့်​နေခြင်း

-အန်ခြင်း

-​လေပွခြင်း

-ရင်ပူခြင်း

-အစာအိမ်​အောင့်ခြင်း

-ခံတွင်းပျက်ခြင်း စသည့် ​ဝေဒနာတွေ ခံစားရ​လေ့ရှိပါတယ်။

*အစာစားပြီး​နောက် လမ်း​လျှောက်​ပေးခြင်း

*ဆီများ​သောအစားအစာများနှင့် အမျှင်ဓါတ်များ​သော အစားအစာများကို ​လျှော့စာခြင်း

*အစာကို နည်းနည်းနှင့်ခဏခဏ ခွဲစား​ပေးခြင်း

*ဂက်စ်ပါ​သောအရည်များနှင့်အရက်​ရှောင်ခြင်း

* စားပြီး၂နာရီအတွင်း လှဲအိပ်ခြင်းကို​ရှောင်ခြင်း တို့ ပြုလုပ်​ပေးရပါမယ်။

အခြားအ​ကြောင်းအရင်းများ 

-အစာအိမ်​​ရောင်ခြင်း(Gastritis)

-သည်း​ချေအိတ်​​ကျောက်တည်ခြင်း(Gallstones)

-မုန့်ချိုအိတ်​ရောင်ခြင်း(Pancreatitis)

-ရာသီအကြို​ဝေဒနာ(Premenstrual Syndrome)

-စိတ်ဖိစီးမှုများခြင်း

Author: ဒေါက်တာယဉ်ယဉ်ဝင်း


#အစားအစာ
#ဆေးလိပ်
#အရက်
#အစာအိမ်
#ဝေဒနာ

Some text some message..