
ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်မနက်ဆိုတဲ့ စကားပုံလည်း ရှိပါတယ်။ လူတိုင်းက ရေသောက်ဖို့ လိုအပ်ပါတယ်။ ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။
ရေလုံလောက်ရင် ဘာကောင်းကျိုးတွေ ရနိုင်သလဲ
လူတစ်ယောက်မှာ ရေဓာတ်လုံလောက်နေရင် ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေတယ်၊ အသားအရေစိုပြည်လှပစေတယ်၊ ကိုယ်အလေးချိန်ကျစေတယ်၊ ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ်၊ အရေပြားပြဿနာကင်းစေနိုင်တယ်၊ ကိုယ်ခံအားစနစ်ကောင်းစေနိုင်တယ်၊ အစာခြေစနစ်ကျန်းမာစေနိုင်တယ်၊ သွေးသန့်စေနိုင်တယ်၊ ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ်၊ ကျောက်ကပ်သန့်စင်စေနိုင်တယ်၊ သွေးသန့်စေနိုင်တယ်၊ သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ်၊ ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်၊ ကိုယ်အပူချိန်ကျစေနိုင်တယ်၊ နှလုံးကျန်းမာစေနိုင်တယ်၊ ခံတွင်းနံ့ဆိုးကင်းစေနိုင်တယ်၊ စိတ်ခံစားမှု ကောင်းစေနိုင်တယ်။

မနက်အိပ်ထထချင်းမှာရေကို အဝသောက်ပါ
မနက်အိပ်ရာနိုးနိုးချင်းမှာ ရေကိုအဝသောက်ပေးပါ။ မနက်စောစောရေအဝသောက်ခြင်းက ကိုယ်တွင်းအင်္ဂါတွေ ကိုအကောင်းဆုံး လည်ပတ်စေနိုင်ပါတယ်။ ဒါပြင်ကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို လည်းဖယ်ရှားပေး နိုင်ပါတယ်။

အစားမစားခင်မှာ ရေတစ်ခွက်သောက်ပါ
ထမင်းစားပြီးမှ ရေသောက်တာထက် ထမင်းမစားခင်ရေသောက်တာက ပိုကောင်းပါတယ်။ အစားမစားခင် နာရီဝက်အလိုလောက်မှာရေတစ်ခွက်သောက်ပါ။ ဒါမှ အစာခြေစနစ်ကျန်းမာမှာပါ။ တစ်ခွက်ထက်တော့ ပိုမသောက်မိဖို့သတိထားပါ။ အစားမစားနိုင်တာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာ လည်းရေတစ်ခွက် ထက်ပိုမသောက်ပါနဲ့။ အစာခြေအက်ဆစ်အားပျော့သွားပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ အကောင်းဆုံးကတော့ အူနံရံတွေက အာဟာရတွေကို အပြည့်အဝစုပ်ယူ နိုင်စေဖို့အတွက် ထမင်းစားပြီး တစ်နာရီကြာမှရေသောက်တာအကောင်းဆုံးပါ။

ရေမချိုးခင်မှာရေသောက်ပေးပါ
ရေမချိုးခင်မှာရေသောက်တာက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ရေမချိုးခင်းမှာ ရေသောက်ပေးတာက သွေးတိုးကိုလည်းကျစေနိုင်ပါတယ်။

မအိပ်ခင်မှာရေသောက်ပေးပါ
ညအိပ်ရာမဝင်ခင်မှာရေသောက်ပေးသင့်ပါတယ်နော်။ မအိပ်ခင်မှာရေသောက်ခြင်းက ညအိပ်နေစဉ်ရေဓာတ် ဆုံးရှုံးခြင်းကိုကာကွယ်ပေးဖို့အတွက်ပါ။ ညမအိပ်ခင် ရေသောက်တာကလေဖြတ်တာကို ကာကွယ်ပေးနိုင်သလို ရုတ်တရက်နှလုံးရပ်တာဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်နော်။
အချို့က ညမအိပ်ခင်ရေသောက်ကြသလို ညအိပ်နေစဉ်ရေဆာတာကိုလည်း ရေအဝသောက်လိုက်မှ အာခေါင်ခြောက်သက်သာပြီး ရေငတ်ပြေကာ နှစ်ခြိုက်စွာ အိပ်မောကျသွားတာဖြစ်ပါတယ်။ တစ်ခါတစ်လေ မှာ ဘာမှမဖြစ်ပေမယ့် အချိန်ကြာလာတော့ ညတစ်ရေးနိုးရေထသောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်လားဆိုတဲ့ စိုးရိမ်စိတ်လည်းဝင်လာတတ်ကြပါတယ်။

ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် နေ့စဉ် ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ တစ်နေ့လုံးရော အိပ်စက်နေစဉ်မှာပါ အသက်ရှူတာ၊ ချွေးထွက်တာ၊ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုတွေကြောင့် ရေကို ဆုံးရှုံးနေရသလို ဆီးသွားတာ၊ ဝမ်းသွားတာတွေကြောင့်လည်း ရေကို ဆုံးရှုံးနေရပါတယ်။
အချို့တွေက အိပ်ချိန်အတွင်း ဆုံးရှုံးသွားမယ့်ရေတွေကို ကြိုတင် ဖြည့်တင်းတဲ့ အနေနဲ့ မအိပ်ခင်မှာ ရေတစ်ခွက် သောက်တတ်ကြပါတယ်။ ဒီလို သောက်လိုက်တဲ့အခါ ညလယ်မှာ ဆီးထသွားတာမျိုး ရှိပေမယ့် ရေတအားငတ်လို့ တရေးနိုးလာတယ်ဆိုတာမျိုးကတော့ ဖြစ်ခဲပါတယ်။ ရေဆာတယ်။ ရေငတ်တယ်ဆိုတာက ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးနေပြီဆိုတာကို ဖော်ပြတဲ့ လက္ခဏာ တစ်ရပ်ပါ။ ဒါကြောင့် တစ်ရေးနိုး ရေဆာလာတဲ့အခါ ရေကို သောက်လိုက်ပါလို့ အကြံပြုပါရစေ။ ရေဆာချိန်မှာ ရေသောက်လိုက်တာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ရေဓာတ်တွေကို ဖြည့်တင်းပေးလိုက်တာပါ။

တစ်ရေးနိုး ရေသောက်တာက အထောက်အကူပြုရဲ့လား
အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းလေးကို ဆက်ရရင် ရေဆာချိန်မှာ ရေသောက်လိုက်တာ ကောင်းတယ်ဆိုပေမယ့် တစ်ရေးနိုးတိုင်း ရေဆာလို့ ရေသောက်တာက ကျန်းမာရေးကိုများ ထိခိုက်စေနိုင်သလားဆိုတော့ မထိခိုက်စေနိုင်ပါဘူး။ တကယ်ကတော့ ညအိပ်ရာ မဝင်ခင်မှာ ရေဖန်ခွက် တစ်ခွက်စာ သောက်လိုက်တာက အစာခြေစနစ်ကို ကျန်းမာစေသလို ၇ နာရီ ကနေ ၈ နာရီလောက် ကြာတဲ့ အိပ်ချိန်အတွင်းမှာ ခန္ဓာကိုယ်မှာ ရေဓာတ် ပြတ်လပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

ဒီလိုနဲ့ ညအိပ်ခါနီး ရေမသောက်တဲ့အခါ အိပ်နေစဉ်မှာ ရေဓာတ် လိုအပ်မှုကြောင့် ရေတွေဆာရင်း တစ်ရေးနိုး၊ နှစ်ရေးနိုးတွေ ဖြစ်လာပါတော့တယ်။ ဒီလိုနိုးလာတဲ့အခါ ရေကလည်းဆာ မသောက်ရင်လည်း အိပ်မပျော်တာကြောင့် သောက်ရင်း ကျန်းမာရေများ ထိခိုက်မလား စိတ်ပူနေတယ်ဆိုရင်တော့ စိတ်မပူဘဲ ရေဆာပြေအောင် သောက်လိုက်ပါနော်။ ညလယ်မှာ ရေဆာတာကို ရေသောက်တာကြောင့် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဒါပေမယ့် သတိထားရမှာ တစ်ချက်က ရေအရမ်းဆာပြီး တစ်ရေးနိုးလာတဲ့အခါ ရေကို တစ်ခွက်ထပ် ပိုပြီး မသောက်ဖို့ပါ။ တစ်ရေးနိုးလို့ ရေတစ်ခွက်သောက်လိုက်တာက ခန္ဓာကိုယ်တွင်းက ကျောက်ကပ် အပါအဝင် အခြား အစိတ်အပိုင်းတွေကို မထိခိုက်စေသလို အစာခြေစနစ်ကို ကျန်းမာစေပြီး အိပ်ရာနိုးတဲ့အခါ ဝမ်းပျော့ပျော့ သွားစေဖို့တောင် ထောက်ကူပေးနိုင်ပါတယ်။