
ခန္ဓာကိုယ်တစ်ခုလုံးမှာ ပါးစပ်က အရေးပါဆုံးဖြစ်ပါတယ်။ ပါးစပ်က အရေးပါတယ်ဆိုတာထက် လည်ချောင်းတို့ အာခေါင်တို့ကလည်းအရေးပါလှပါတယ်။ အာခေါင်က အတွင်းပိုင်းမှာရှိပြီး နူးညံ့လွန်းတဲ့အတွက် ပျက်စီးလိုက်၊ အသစ်ဖြစ်လိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်တတ်တဲ့ လည်ချောင်းနာခြင်း၊ အာခေါင်ရောင်ရမ်း ခြင်းတွေက စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
အာခေါင်ရောင်ရမ်းခြင်းက ဘယ်လိုလက္ခဏာတွေလဲ
ခံတွင်းထိခိုက်ခြင်း
အာခြောက်ခြင်းက ရောဂါအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် အများအားဖြင့်ကတော့ တံတွေးဂလင်းပိတ်တာ၊ ဒဏ်ရာရတာနဲ့ ပူလွန်းတဲ့ အစားအသောက်တွေ၊ အပူလောင်တာကြောင့်ဖြစ်နိုင်ပါတယ်။ မာလွန်းတဲ့ အစားအသောက်တွေဖြစ်တဲ့ သကြားလုံးအမာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အမာနဲ့ အချို့သော အကြော်အလှော်တွေကြောင့် အာခေါင်ကို ထိခိုက်စေပါတယ်။ အာခေါင်ကို ခြစ်မိတာကြောင့်လည်း ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

အနာများဖြစ်ခြင်း
အနာ (သို့) အရည်ကြည်ဖုအနေနဲ့ မဖြစ်ပေါ်မီကပင် အာခေါင်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တတ်ပြီး အများအားဖြင့် အဲဒီအနာတွေဟာ ပါး (သို့) သွားဖုံးမှာ ဖြစ်လေ့ရှိပြီး အာခေါင်မှာကတော့ သိပ်ဖြစ်လေ့မရှိပါဘူး။ Herpes simplex လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အအေးနာကတော့ တစ်ပတ်လောက် ကြာတတ်ပြီး ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းတတ်ပါတယ်။ အအေးနာတွေဟာ နှုတ်ခမ်းမှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း တစ်ခါတစ်ရံမှာတော့ အာခေါင်မှာ ဖြစ်တတ်ပါတယ်။

သတ္တုဓာတ် မညီမျှခြင်း
သတ္တုဓာတ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့အရည်၊ သွေးနဲ့ ဆီးတွေမှာ ပျော်ဝင်နေတဲ့ ဓာတ်ဆားတွေပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နေနိုင်ဖို့ သတ္တုဓာတ်ပမာဏတွေဟာ သင့်တော်တဲ့ပမာဏတစ်ခုမှာ ရှိနေဖို့ လိုအပ်ပါတယ်။ သတ္တုဓာတ်ပမာဏ များလွန်းခြင်း၊ နည်းလွန်းခြင်းတွေကြောင့် အာခေါင်ရောင်ရမ်းခြင်း အပါအဝင် အခြားရောဂါလက္ခဏာတွေကိုလည်း ကြုံတွေ့ခံစားရနိုင်ပါတယ်။

အရက်သောက်ခြင်း
အရက် အလွန်အကျွံသောက်ပြီး နောက်တစ်ရက်မှာ အရက်နာကျတဲ့အခါ အာခေါင်ရောင်ရမ်းနေတာကို အရက်သောက်သုံးသူတချို့ သတိပြုမိပါလိမ့်မယ်။ အကြောင်းအရင်းမှာ အရက်ဟာ ခန္ဓာကိုယ်ကို ဆီးတွေ အမြောက်အမြား စွန့်ထုတ်ဖို့ လှုံ့ဆော်တာကြောင့် ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အာခေါင်ခြောက်ခြင်း ဖြစ်ပေါ်လာကာ အလွန်အမင်း ခြောက်သွေ့ပါက အာခေါင်ရောင်ရမ်းခြင်း၊ နာကျင်ခြင်း ဝေဒနာကို ဆက်လက်ခံစားရနိုင်ပါတယ်။

ကင်ဆာ
ကင်ဆာကြောင့် ဖြစ်တယ်ဆိုပါက ကင်ဆာရောဂါ အထူးကုဆရာဝန်နှင့် သွားရောက်ပြသ၍ ခွဲစိတ်ခြင်း၊ ဓာတုဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ခံတွင်းကင်ဆာနှင့် အခြားအရေးကြီးသော အခြေအနေများ
ရှားရှားပါးပါးအနေနဲ့ အာခေါင်ရောင်ရမ်းခြင်းဟာ ခံတွင်းကင်ဆာကဲ့သို့ ပြင်းထန်တဲ့ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒီလိုပဲ အာခေါင်ရောင်ရမ်းခြင်းအပြင် ဗိုက်အောင့်တဲ့ဝေဒနာ ခံစားရပါက အသည်းရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
ရောဂါရှာဖွေခြင်း
ဆရာဝန်က လူနာရဲ့ ခံတွင်းကို စစ်ဆေးရုံနဲ့ မလုံလောက်တာ ဒါမှမဟုတ်ရောဂါလက္ခဏာတွေဟာ တစ်ပတ်ထက် ကျော်လွန်နေမယ်ဆိုရင် အာခေါင်ကိုခြစ်ပြီး အသားစနမူနာ ယူကြည့်ပြီး ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ရှာဖွေမှာ ဖြစ်ပါတယ်။
ဒီလိုတွေဖြစ်လာရင် ဆေးမြီးတိုတွေနဲ့ ကုသတာမျိုးမလုပ်ပါနဲ့။ တကယ်ကို တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ပဲ ကုသသင့်ပါတယ်နော်။ ဒါမှ ကိုယ်ဖြစ်နေတဲ့ရောဂါကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အကောင်းဆုံး ကုသမှုကတော့ ဖြစ်ပွားရတဲ့အကြောင်းအရင်းကို ကုသခြင်းပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ
အာခေါင်ရောင်ရမ်းခြင်းဖြစ်စေတဲ့ အကြောင်းအရင်းအားလုံးကို မကာကွယ်နိုင်ပေမယ့် သတိထားဆင်ခြင်သင့် တဲ့အချက်တွေရှိပါတယ်။ ပူနေတဲ့ အစားအစာ၊ အရည်တွေဟာ အာခေါင်ကို အပူလောင် စေနိုင်ပါတယ်။ အစာကို ကြေညက်စွာ ဝါးစားပါ။ မာလွန်းတဲ့ အစားအစာတွေဟာ သွားကို နာကျင်စေရုံသာမက သွားဖုံးနဲ့ အာခေါင်ကိုပါ ဒဏ်ရာရစေနိုင်ပါတယ်။ စိတ်ဖိစီးမှုမှ ကင်းဝေးအောင်နေပါ။ စိတ်ဖိစီးမှုများတဲ့ အချိန်တွေမှာ ပါးစပ်အနာတွေ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုကို လျှော့ချပါ။ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း စသည့် နည်းလမ်းများကို ကျင့်သုံးနိုင်ပါတယ်။