
ချောင်းဆိုးချွဲထွက်တာကို လူတိုင်းဖြစ်ဖူးကြမှာပါ။ အေးတဲ့အချိန်နဲ့ ရာသီအကူးအပြောင်းအချိန်တွေမှာ ဖြစ်တာကတော့ ပုံမှန်ဖြစ်နေကြလို့ ယူဆလို့ ရပါတယ်။ ဒါပေမဲ့ ရာသီအကူးအပြောင်းချိန်မဟုတ်ဘဲ တစ်ချိန်လုံးဖြစ်နေတာဆိုရင်တော့ စိုးရိမ်ရပါတယ်။ ချွဲဘယ်အခါမှာ ထွက်သလဲဆို အဆုတ်မှာ ရောဂါတစ်ခုခုရှိနေရင်၊ ပိုးဝင်ရင် ထွက်နိုင်ပါတယ်။ သလိပ်လို့လည်း ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုကတည်းက သူ့ကို စိုစွတ်အောင် လုပ်ပေးမယ့် အချွဲအနည်းငယ် ရှိပြီးသားပါ။ ဒီအချွဲတွေက ခန္ဓာကိုယ်ထဲကို အမှုန်အမွှားတွေ၊ ရောဂါပိုးတွေ ဝင်လာတဲ့အခါ ဖမ်းယူလိုက်ပြီး အပြင်ကို ချောင်းဆိုးပြီး ပြန်ထုတ်ပေးပါတယ်။ အဆုတ်ထဲကို ပိုးဝင်တာ များရင်တော့ ဒီအချွဲတွေက ပိုများ ပိုပျစ်လာပြီး သလိပ်အနေနဲ့ ထွက်လာပါတယ်။ သလိပ်က အရောင်အမျိုးမျိုးရှိပါတယ်။ သလိပ်အရောင်တွေက ကျန်းမာရေးအတွက် စိုးရိမ်ရလား မစိုးရိမ်ရဘူးလားဆိုတာကိုလည်းပြောပြနိုင်ပါတယ်။ ဒါကြောင့် သလိပ်ရဲ့ ဘယ်လိုအရောင်တွေက ဘယ်အစိတ်အပိုင်းကို ထိခိုက်နေလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။
သလိပ်အရောင်ကနေ ဘာတွေသိနိုင်လဲ
သလိပ်ဆိုတာ အသက်ရှူလမ်းကြောင်းရဲ့ လေပြွန်မနဲ့ လေပြွန်ငယ်လေးတွေကနေ ထွက်လာတဲ့အချွဲတွေပါ။ ပါးစပ်ထဲကနေထွက်တဲ့ တံတွေးနဲ့မတူပါဘူး။ အကြည်ရောင်၊ အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ သွေးရောင် စသဖြင့် အရောင်အမျိုးမျိုး ရနိုင်ပါတယ်။
သလိပ်အကြည်
သလိပ်အကြည်ကတော့ ပုံမှန်ဖြစ်တာ များပါတယ်။ ခန္ဓာကိုယ်ကနေ ပုံမှန်အတိုင်းလည်းသလိပ်အကြည်တွေ ထွက်လေ့ရှိပါတယ်။ ရေ၊ ပရိုတိန်း၊ ပဋိဇီဝပစ္စည်းနဲ့ ဆားဓာတ်တွေ ပါဝင်ပြီး အသက်ရှူလမ်းကြောင်းကို ချောမွေ့စိုစွတ်နေအောင် လုပ်ပေးပါတယ်။ သလိပ်အကြည်တွေ ပုံမှန်ထက် များလာတာက ခန္ဓာကိုယ်က သူ့ကို အနှောင့်အယှက်ဖြစ်စေတဲ့ ပစ္စည်း (ဥပမာ ဝတ်မှုန်၊ ဗိုင်းရပ်စ်)ကို ဖယ်ထုတ်ချင်လို့ပဲ ဖြစ်ပါတယ်။ အဆုတ်ရောဂါ တချို့မှာတော့ သလိပ်အကြည်တွေ အများကြီးထွက်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့် နှာရည်ယိုတာ၊ ဒီနှာရည်တွေက အသက်ရှူလမ်းကြောင်းထဲကိုဝင်ပြီး ချောင်းဆိုးတဲ့အခါ သလိပ်အကြည်အနေနဲ့ ပြန်ထွက်လာတာပါ။ စစချင်းမှာ သလိပ်အကြည် ဒါမှမဟုတ် အဖြူရောင် သလိပ်ပဲ ထွက်ပါတယ်။ ဘက်တီးရီးယားပိုး ဝင်လာတဲ့ အခါကျမှ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်တာပါ။

သလိပ်အဖြူ (သို့) ခဲရောင်
သလိပ်အဖြူကတော့ အဆုတ်ရောဂါတွေ အပြင် တခြားသော ရောဂါတွေမှာလည်း တွေ့နိုင်ပါတယ်။ ဥပမာ ဗိုင်းရပ်စ် လေပြွန်ရောင် ရောဂါ- စစချင်းမှာ အဖြူရောင် သလိပ်ပဲ ထွက်ပါတယ်။ ဘက်တီးရီးယားပိုး ဝင်လာတဲ့ အခါကျမှ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်တာပါ။ စားချဉ့်ပြန်ရောဂါလို နာတာရှည် အစာရေမျိုပြွန် ရောဂါမှာလည်း အဖြူရောင် သလိပ်ထွက်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်း ရောဂါ (COPD) ဒီရောဂါမှာ လေပြွန်တွေ ကျဉ်းလာပြီး အဆုတ်ကနေ အချွဲတွေ ပိုထွက်ပါတယ်။ တဖြည်းဖြည်း အောက်ဆီဂျင်ဝင်ဖို့လည်း ခက်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဖြူရောင် သလိပ်ထွက်တတ်ပါတယ်။ နှလုံးပျက်စီးတယ်ဆိုတာ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်တာကို ပြောတာပါ၊ ဒါကြောင့် ကိုယ်ထဲမှာ အရည်တွေ စုလာပြီး ဖောလာပါတယ်။ အဆုတ်ထဲမှာ စုလာရင် အဖြူရောင် သလိပ်တွေ ထွက်လာပါမယ်။ မောလည်း မောပါမယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

အဝါပုပ် (သို့) အစိမ်းရောင်သလိပ်
သွေးဖြူဥတစ်မျိုးဖြစ်တဲ့ neutrophils ဆဲလ်ဟာ အစိမ်းရောင် ရှိတတ်ပါတယ်။ ဒီသွေးဖြူဥကို ရောဂါပိုးမွှားရှိတဲ့နေရာမှာ တွေ့ရတတ်တာမို့ ဘက်တီးရီးယား အဆုတ်ရောင်တာမျိုးမှာ ဒီအရောင်သလိပ် ထွက်တတ်ပါတယ်။ Cystic fibrosis လို့ခေါ်တဲ့ မွေးရာပါအဆုတ်ရောဂါမျိုးမှာလည်း ဒီလိုသလိပ်ထွက်နိုင်ပါတယ်။ လေပြွန်ရောင်ခြင်း စစချင်းမှာတော့ ချောင်းခြောက်ဆိုးမယ်။ သလိပ်ကျဲကျဲ ဒါမှမဟုတ် အဖြူလောက်ပဲ ထွက်မယ်။ နောက်ပိုင်းကြာလာရင်တော့ အဝါရောင်တွေ၊ အစိမ်းရောင်တွေ ပါလာမယ်။ ပြောချင်တာက စစချင်း ဗိုင်းရပ်စ်ပိုး ဝင်ရာကနေ ဘက်တီးရီးယားပိုးပါ ပါလာပြီလို့ ဆိုလိုချင်တာပါ။ ချောင်းဆိုးတာက ရက် ၉၀လောက်ကြာနိုင်ပါတယ်။ အဖျားပျောက်သွားရင်တောင် ချောင်းကျန်နိုင်တယ်ဆိုတာ သတိရပါ။ အဆုတ်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ Cystic fibrosis နာတာရှည် အဆုတ်ရောဂါဖြစ်ပြီး အဆုတ်ထဲမှာ ချွဲသလိပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ကလေးနဲ့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ သလိပ်အရောင်ကတော့ အဝါရောင်၊ အစိမ်းရောင်ကနေ အညိုရောင်အထိ ဖြစ်တတ်ပါတယ်။

အနီရောင် သို့မဟုတ် ပန်းရောင်
အလွယ်ပြောရင်တော့သလိပ်ထဲ သွေးပါနေတာပါ။ ဒါကြောင့် အနီရောင်၊ ပန်းရောင် ဖြစ်နေတာပေါ့။ ဘယ်လို ရောဂါတွေက ချောင်းဆိုး သွေးပါတတ်လဲ ဆိုတော့ အဆုတ်ရောင်ရောဂါ ပိုဆိုးလာရင် သလိပ်တွေ နီလာပါတယ်။ ချမ်းတုန်ဖျားတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေနဲ့ တွဲတတ်ပါတယ်။ တီဘီရောဂါ အဓိက လက္ခဏာတွေကတော့ ၃ပတ်ထက်ပိုပြီး ချောင်းဆိုးတာ၊ သလိပ်ထဲမှာ သွေးစတွေပါတာ၊ ဖျားတာ၊ ညဘက် ချွေးထွက်များတာတွေပဲ ဖြစ်ပါတယ်။ နှလုံးပျက်စီးတဲ့ အခါ မောတာအပြင် ချောင်းဆိုးပြီး ပန်းရောင် ဒါမှမဟုတ် အနီရောင် သလိပ်ထွက်တတ်ပါတယ်။ အဆုတ်သွေးကြောကို သွေးခဲ လာပိတ်တာပါ။ ဒီသွေးခဲက ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက ပြုတ်ထွက်ပြီး လာပိတ်တာပါ။ ဥပမာ ခြေထောက်သွေးကြောပေါ့။ ဒါမျိုးဖြစ်ရင်လည်း သလိပ်မှာ သွေးစတွေပါတတ်ပါတယ်။ ရုတ်တရက် မောတာ၊ ရင်ဘတ်အောင့်တာ ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ရင်တော့ သလိပ်ထဲ သွေးစပါတာအပြင် သွေးခဲတွေပါ ထွက်လာတတ်ပါတယ်။ ဒါအပြင် ချောင်းအလွန်ဆိုးတာ၊ ပိန်သွားတာ၊ နုံးတာ စတဲ့ လက္ခဏာတွေလည်း ရှိနေမှာပါ။

သွေးပါတဲ့သလိပ်
သွေးပါတဲ့သလိပ်ကတော့ အမြဲတမ်း စစ်ဆေးကြည့်ဖို့ လိုပါတယ်နော်။ သလိပ်သွေးပါတာဟာ အရေးကြီးတဲ့လက္ခဏာတစ်ခုဖြစ်ပြီး ၇-၃၅%မှာ အဆုတ်ကင်ဆာရဲ့ ပထမဆုံးလက္ခဏာတစ်ခု ဖြစ်နေတတ်ပါတယ်။ အဆုတ်သွေးခဲပိတ်တဲ့အခါမှာလည်း သလိပ် သွေးပါတတ်ပါတယ်။ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းလောက်ဆိုရင်တောင် အရေးပေါ်လို့ သတ်မှတ်နိုင်ပြီး ခွက်ရဲ့လေးပုံတစ်ပုံလောက် ထွက်တယ်ဆိုရင်တော့ အတော်များတယ်လို့ ယူဆပြီးတော့ သေသေချာချာ ကုသမှုခံယူသင့်ပါတယ်။
ဒါကြောင့် ပါးစပ်ကနေ သလိပ်ထွက်တယ်ဆိုရင် မပေါ့ဆဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်နော်။