ခန္ဓာကိုယ်ပေါ်က အဖြစ်များတဲ့ ကိုယ်လက် ကိုက်ခဲခြင်းများ
myanmaplatform.com
|
2021-12-25

ကျန်းမာခြင်းသည်လာဒ်တစ်ပါးဆိုတဲ့အတိုင်း လူတိုင်းကျန်းမာဖို့ လိုအပ်ပါတယ်။ လူသားတွေ နေ့တိုင်းကြုံတွေ့ နေရတဲ့ အရာတစ်ခုက အမြဲရှိနေပါတယ်။ အဲ့ဒါက ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက အမြဲကိုက်ခဲနေတာမျိုးဖြစ် တတ်ကြပါတယ်။ တစ်နေ့တစ်နေ့လှုပ်ရှားသွားလာနေရတဲ့ ကျွန်တော်တို့ဟာ ခေါင်းကိုက်၊ ခါးနာ၊ ခြေလက်ကိုက်ခဲတဲ့ ပြဿနာတွေကို တစ်ချိန်မဟုတ် တစ်ချိန် ကြုံကို ကြုံရတတ်ပါတယ်။ တစ်ချို့သူ့ဘာသာ ပြန်ကောင်းသွားတာ ရှိသလို တစ်ချို့လည်း ဆေးသောက်လိုက်မှ တစ်ခုခု လုပ်လိုက်မှ သက်သာသွားတာတွေ ရှိပါတယ်။ ကိုက်ခဲနာကျင်မှုတွေက သက်သောင့်သက်သာမဖြစ်ဘဲ နေ့စဉ်အလုပ်တွေကို ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ မြန်မြန်သက်သာလေ ကောင်းလေလေပါပဲ။ 

(၁) ခေါင်းကိုက်ခြင်း

ခန္ဓကိုယ်ရဲ့ အခြားနေရာတွေ ကိုက်ခဲတာထက် ခေါင်းကိုက်တာက ပိုပြီးတော့ ခံစားရခက်ပါတယ်။ ခေါင်းကိုက်တာက နေပူထဲသွားတာများလာရင် ၊ စိတ်ရှုပ်စရာတွေ ၊ ဖိအားတွေများလာရင်ခေါင်းကိုက်ခြင်းက ဖြစ်လာတတ်ပါတယ်။ ခဏလောက်အနားယူလိုက်တာဖြစ်ဖြစ်၊ ရေအေးလေးသောက်လိုက်တာဖြစ်ဖြစ်  သက်သာသွားတတ်ကြသလို အချို့ကလည်း ဆေးသောက်လိုက်မှ သက်သာကြတာမျိုးနဲ့ ခေါင်းကို အသာအယာနှိပ်ပေးပြီးသက်သာသွားကြတာလည်းရှိပါတယ်။ 


(၂) ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းကိုက်တဲ့ ပြဿနာတွေထဲမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း ခံရပိုခက်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့သူတွေ အများစုက ပျို့အန်တာ၊ အလင်းရောင်ကိုဒဏ်မခံနိုင်တာတွေပါ ဖြစ်လာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ နေ့စဉ်တာဝန်တွေကိုတောင် ပစ်ထားရတဲ့အထိဖြစ်တတ်ကြပါတယ်။ ဒီလို ဖြစ်နေပြီဆိုရင်တော့ ဆိတ်ငြိမ်ပြီး အလင်းနည်းတဲ့နေရာတစ်ခုမှာ အနားယူပါ။ ကိုက်နေတဲ့ခေါင်းကို ရေခဲ( ဒါမှမဟုတ် ) ရေနွေးအိတ်လေး ကပ်ပေးပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပေးလို့လည်း ရပါတယ်။


(၃) သွားကိုက်ခြင်း

သွားကိုက်တဲ့ဝေဒနာကို လူတိုင်းနီးပါးခံစားဖူးကြမှာပါ။ အံ့ဆုံးပေါက်လို့ နာတာဖြစ်စေ၊ သွားကိုက်တာကြောင့် ဖြစ်စေ စိတ်ညစ်ကြရပါတယ်။ သွားကိုက်လာပြီဆိုရင် ဘာလုပ်လုပ်အဆင်မပြေဘူးလို့ကို ခံစားကြရပါတယ်။  သွားကိုက်လာရင် အကိုက်အခဲပျောက်ဆေးသောက်ပေးလို့ ရသလို သွားကိုက်ပျောက်ဆေးမှုန့်တွေကိုလည်း သုံးပြီးသွားကိုက်သက်သာအောင်လုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် သွားကိုက်တဲ့ ပြဿနာရဲ့ အကြောင်းအရင်းနဲ့ ရောဂါကိုပျောက်အောင် သွားဆရာဝန်ဆီကို သွားတာအကောင်းဆုံးဖြစ်ပါတယ်။ 


(၄) ဇက်ကြောတတ်ခြင်း၊ ဇက်ကြောနာခြင်း

ဇက်ကြောတတ်ခြင်း၊ ဇက်ကြောနာခြင်းဖြစ်တဲ့ လူတွေအများစုက အလုပ်စားပွဲမှာ ထိုင်ပြီးကွန်ပျူတာတွေ အသုံးပြုရတဲ့သူတွေဖြစ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ သုံးနေတဲ့အချိန်တွေမှာ ခေါင်းလေ့ကျင့်ခန်း လေးတွေလုပ်ပေးသင့်ပါတယ်။ ကွန်ပျူတာရှေ့ကနေ ခဏအနားယူတဲ့သဘောမျိုးဖြစ်အောင်လမ်းခဏ လျှောက်ပေးပါ။


(၅) ခါးနာခြင်း

ခါးနာတာက အသက်ကြီးတာ အသက်ငယ်တာကို မရွေးတော့ပါဘူး။ အခုဆိုရင် လူကြီးလူငယ်မရွေ းဖြစ်နေကြတာဖြစ်ပါတယ်။ အလေးအပင်တွေ မတာ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခါးကို အားပြုပြီးလုပ်မိတဲ့ အခါတွေမှာလည်းဖြစ်တတ်သလို ရောဂါကြောင့်လည်း ခါးနာတာမျိုးဖြစ်လာကြသလို ထိုင်နေရင်းကနေတောင် အခန့်မသင့်ခါးနာသွားတာမျိုးရှိပါတယ်။ သက်သာဖို့ဆိုရင်တော့ လေ့ကျင့်ခန်းပြန်လုပ်ပေးတာ၊ ဆေးသောက် တာ ၊ရေခဲကပ် ရေနွေးအိတ်ကပ်ပေးတာမျိုးတွေ လုပ်လို့ရပါတယ်။


(၆) အစာအိမ်အောင့်ခြင်း

အစာအိမ်အောင့်တဲ့ပြဿနာဟာလည်း ခုနောက်ပိုင်း လူတွေတော်တော်များများ ကြုံတွေ့လာရတဲ့ ပြဿနာတစ်ခုပါ။ ဗိုက်ဆာရင်နာတယ် ၊အစာလည်း မကြေဘူးလေလည်း အောင့်တယ် စတာတွေက အစာအိမ်အောင့်တဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့အရာတွေပါ။ အစာကိုအချိန်မှန်စားပါ။ အဆာမခံပါနဲ့။ အစာအိမ်အောင့်တဲ့ပြဿနာက ဆေးမှန်မှန်စွဲသောက်ဖို့လည်း လိုတာကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးဆေမှန်မှန်သောက်စေချင်ပါတယ်။


(၇) ခြေလက်အရွတ်စုတ်ပြဲ ကိုက်ခဲခြင်း

အားကစားသမားတွေ လှုပ်လှုပ်ရှုားရှားလုပ်ရတဲ့သူတွေအတွက် ခြေလက်ကိုက်ခဲ အရွတ်တွေ ဒဏ်ရာရတဲ့ပြဿနာဟာ မဆန်းဘူးလို့တောင် ပြောလို့ရပါတယ်။ ကိုက်ခဲတာကတစ်မျိုး၊ ရောင်ကလည်း ရောင်နေသေး အညိုမဲကလည်းစွဲနေသေးတယ်ဆိုရင် ဒီတိုင်းထားလိုက်လို့ မဖြစ်တော့ဘူးလေ။ ဒါ့ကြောင့် ဒီလိုလေး လုပ်ကြည့်လို့ရပါတယ်။ ဒဏ်ဖြစ်ဖြစ်ချင်း အနားယူလိုက်ပါ၊ ဖြစ်တဲ့နေရာကို ရေခဲကပ်ပါ။ ဖိကပ်ပါ။ လှဲပြီး ခြေထောက်အောက် ခေါင်းအုံးထားပြီး ခြေထောက် ကိုထောင်ထားပါ။ ခြေထောက်လုံးဝ မလှုပ်နိုင်တော့တာ၊ ထုံကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်ဆီ သွားပြပါ။


(၈) ဒူးနာခြင်း

ဒူးနာခြင်း ဆိုသည်မှာ ခုံညင်းရိုးအောက် သို့မဟုတ် ဒူးခေါင်း အရိုးဆစ်ကြား နာသော ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒူးနာခြင်းဟာ ဒူးခေါင်းရိုး၊ ခုံညင်းရိုး၊ အရွတ် နဲ့ အရိုးနု တစ်နေရာရာမှာ ထိခိုက်ချို့ယွင်းတာကနေ အစပြုတာပါ။ ဒူးနာတာ အများစုက အသက်အရွယ်ကြောင့် နာတတ်ကြသလို၊ အားကစားအလွန်အကျွံလုပ်တဲ့သူ၊ အဝလွန်တဲ့သူတွေမှာ အဖြစ်များကြပါတယ်။ ဒူးနာတာကို သက်သာဖို့အတွက် ဝိတ်လျှော့ခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကိုမှန်မှန်သောက်ခြင်း၊ နာကျင်မှု ဖြစ်စေတဲ့ လှုပ်ရှားမှု တွေကို ရှောင်ကြဉ်ခြင်း၊ လှုပ်ရှားမှုများကို ဖြည်းညင်းစွာ ပြန်လည်စတင်တာမျိုးလုပ်ပေးပါ။ ရေနွေးအိတ်ကပ်ပေးတာမျိုးလုပ်ပေးပါ။


(၉) ခြေဖဝါးနာခြင်း၊ ခြေဖနောင့်နာခြင်း

ခြေဖဝါးဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဝန်ကို ထမ်းနေရတာဖြစ်ပါတယ်။ ဒါကြောင့် နေရာအနှံ့ သွားနေရတဲ့အချိန်တွေမှာ ကိုယ်တောင်သတိမထားမိဘဲ ခြေဖဝါးနာသွားတာမျိုးဖြစ်တတ်ပါတယ်။ ခြေဖဝါးက ကြိမ်းသလိုလို ကိုက်ခဲသလိုလို နာကျင် တတ်ပြီး ကြာရှည်စွာဖြစ်နေတတ်ပါသည်။ ခြေဖဝါးမှာရှိတဲ့ fascia  တစ်ရှူးရောင်ခြင်း၊ အာခီးလိစ်အရွတ်ရောင်ခြင်း၊ ခြေဖဝါးအရိုးကျိုးခင်း၊ ဂေါက်ရောဂါကြောင့်ခဖဝါးအဆစ် (အများအားဖြင့် ခြေမရိုးအဆစ်) ရောင်ခြင်း၊  ခြေဖနောင့် အတက်ထွက်ခြင်း၊  ခြေထောက်ရှိ အာရုံကြောများပိခြင်းတို့ကြောင့် နာကျင်ရတာဖြစ်ပါတယ်။ 

အဲဒီလို နာကျင်နေပြီဆိုရင် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်တာမျိုးတွေ လုပ်ဆောင်သင့်ကြောင့် အကြံပြုပါရစေ။


#အိတ်
#ပြဿနာ
#ဆေးသောက်
#အနာ
#ဆရာဝန်

Some text some message..