အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါများ
myanmaplatform.com
|
2022-01-02

လူတစ်ယောက်မှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှာ အာရုံကြောတွေက လည်းအရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲမှာ ပါဝင်ပါတယ်။ အာရုံကြောစနစ်မှာ ပင်မအာရုံကြောမကြီးလို့ ခေါ်တဲ့ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးကနေ ဖြာပြီးထွက်လာတဲ့ အာရုံကြောငယ်လေးတွေရယ်ဆို ပြီးရှိပါတယ်။  ဒီအာရုံကြောလေးတွေမှာ ပြင်ပကလာတဲ့ အပူ၊ အအေး၊ တုန်ခါတာ၊ ထိသိတာကို ခံစားနိုင်တဲ့ အာရုံကြောတွေရှိသလို ဦးနှောက်က ပို့လွှတ်လိုက်တဲ့ လျှပ်စီးလှိုင်းတွေကို ကြွက်သားတွေဆီ ပို့ဆောင် ပေးနိုင်တဲ့ အာရုံကြောတွေရယ်ဆိုပြီး ရှိပါတယ်။

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါဆိုတာ

အာရုံကြောတွေမှာ ရောဂါတစ်ခုခုရှိနေရင် ဒါမှမဟုတ် တစ်ခုခုထိခိုက်သွားပြီဆိုရင် ပုံမှန်လုပ်နေကြအတိုင်း မလုပ်နိုင်တော့ပါဘူး။ ဥပမာ အာရုံကြောငယ်တစ်ချောင်း လုံးဝပျက်စီးသွားမယ်ဆိုရင် (ဒါမျိုး ဖြစ်တာ ရှားတော့ ရှားပေမယ့်) သူထောက်ပံ့ပေးနေတဲ့ ကြွက်သားက လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ သူက ဦးနှောက်နဲ့ ကြွက်သားကြားကို လျှပ်စီးကြောင်းကို အသယ်အပို့ လုပ်နေတာကိုး။ အများစုကတော့ လုံးလုံး ပျက်စီးတာမျိုး မဟုတ်ဘဲ အာရုံကြောအားနည်းတာ၊ ထိခိုက်တာကြောင့် ကြွက်သားတွေ အားပျော့တာလောက်ပဲ ခံစားရပါတယ်။ အာရုံငယ်လေးတွေက ထိသိခံစားမှုကိုလည်း အာရုံခံနိုင်တာကြောင့် သူတို့ ထိခိုက်သွားရင် နာတာကို မသိဘဲ ထုံသွားတာ ဒါမှမဟုတ် ကျဉ်နေတာ၊ နည်းနည်းလေးထိလိုက်တာနဲ့ များများနာနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဥပမာ ကိုယ်ပေါ်မှာ အဝတ်ပါးလေး လွှမ်းလိုက်တာကအစ နာနေတာမျိုးပေါ့။

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါအမျိုးအစားများ

Guillain-Barre´ Strohl Syndrome၊ နာတာရှည် အာရုံကြောအမြှေးပါး ရောင်ရမ်းတဲ့ရောဂါ Chronic Inflammatory Demyelinating Polyneuropathy (CIPD)၊ ဆီးချိုကြောင့် အာရုံကြောအားနည်းတာ၊ အာရုံကြောတစ်ချောင်းထဲ ထိခိုက်ခြင်း(Mononeuropathies)၊ အာရုံကြောအများကြီး ထိခိုက်ခြင်း (Polyneuropathies)၊ အာရုံကြော ဒဏ်ဖြစ်ခြင်း (Peripheral Nerve Injuries)၊ myotrophic Lateral Sclerosis (ALS)၊ အာရုံကြောညပ်ခြင်း (Radiculopathies)၊ အရေပြားရှိ အာရုံကြောများ ထိခိုက်ခြင်း (Small Fiber Neuropathies)၊ လုပ်ငန်းခွင်က အလုပ်တွေကြောင့် အာရုံကြောထိခိုက်ခြင်း (Occupational Neuropathies)


ဘယ်လိုအကြောင်းရင်းတွေကြောင့် အာရုံကြောငယ်လေးတွေ ထိခိုက်နိုင်သလဲ။

တစ်ခုခု လုပ်လိုက်လို့ အာရုံကြောထိခိုက်မိတယ်ဆိုရင် ဖြစ်တဲ့နေရာမှာ ထုံသွားမယ်၊ ကျဉ်သွားမယ်။ နည်းနည်းလေး ပြင်းထန်ရင် ကြွက်သားလေး အားပျော့သွားပါမယ်။ ဒါပေမဲ့ ခဏလောက်နေရင် သူ့အလိုလို ပြန်ကောင်းသွားပါတယ်။ ဒါက ပြဿနာ မရှိပါဘူး။ တချို့တွေမှာတော့ နာတာရှည် ဖြစ်သွားနိုင်ပြီး ဒီတိုင်းထားမယ်ဆိုရင် ပိုတောင် ဆိုးလာနိုင်ပါတယ်။

ဆီးချို၊ အာရုံကြောပိတ်တာ၊ ညပ်တာ (လက်ကောက်ဝတ်နာစေတဲ့ Carpal Tunnel Syndrome လိုမျိုး)၊ ပြင်းပြင်းထန်ထန် ထိခိုက်မိတာ၊ အာရုံကြောကို ထိုးမိတာ၊ ဖြတ်မိတာ၊ အရိုးကျိုးပြီး အာရုံကြောထိတာ၊ အလုံးအကျိတ်က အာရုံကြောကို ဖိတာ၊ အာရုံကြောထဲမှာ သွေးယိုတာ၊ အေးလွန်းတာ၊ ရောင်ခြည်ထိတာ (အေးလွန်းလို့ တစ်ကိုယ်လုံး ဘာမှမဖြစ်ဘဲ မျက်နှာပဲ ရွဲ့သွားတဲ့ Bell’s palsyလိုမျိုး)၊ စွဲသောက်နေတဲ့ ဆေးဝါးတွေ၊ အာရုံကြောကို ဘေးဖြစ်စေတဲ့ ဆေးတွေ၊ သွေးကြောနဲ့ ခုခံအားရောဂါတွေ (ဥပမာ အာရုံကြောကို ထောက်ပံ့နေတဲ့ သွေးကြောကျဉ်းနေတာ၊ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ)၊ မျိုးရိုးလိုက်ရောဂါ၊ ဗီတာမင်ချို့တဲ့တာ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။


ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ။

အာရုံကြောငယ်လေးတွေထိခိုက်ရင် လူအများသိထားပြီးသားဖြစ်တဲ့ ကြွက်သားအားနည်းတာ၊ ကြွက်တက်တာ၊ ထုံတာ၊ ကျဉ်တာ၊ ပူတာ စတာတွေ ခံစားရတတ်ပါတယ်။ ဘယ်အာရုံကြောထိသလဲပေါ် မူတည်ပြီး လက္ခဏာ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ တချို့က ရက်ပိုင်းလောက်ပဲ ခံစားရပေမယ့် တချို့က လပိုင်း၊ နှစ်ပိုင်းလောက်ထိ ခံစားရနိုင်ပါတယ်။ အာရုံကြောအားနည်းတာက သာမန်ကျန်းမာရေး ပြဿနာတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာထိခိုက်တာ၊ နေ့စဉ်လူမှုဘဝမှာ ထိခိုက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ ပိုဆိုးတတ်တာကြောင့် အိပ်ရေးတွေပျက်ပြီး စိတ်တိုစိတ်ဆတ်တာ၊ တခြားကျန်းမာရေး ပြဿနာတွေပါ ဝင်လာတတ်ပါတယ်။


ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြောငယ်လေးတွေ ထိခိုက်တာဆိုရင်တော့ကြွက်သားတွေ အားနည်းတာ၊ ကြွက်တက်တာ၊ ကြွက်သားတွေ သိမ်လှီတာ၊ အရိုးတွေ ပျက်စီးတာ၊ အသားအရေ၊ အမွေးအမျှင်နဲ့ ခြေသည်းလက်သည်းတွေပါ ပြောင်းလဲလာနိုင်ပါတယ်။


ထိသိခံစားမှု အာရုံကြောငယ်လေးတွေ ထိခိုက်သွားရင်တော့ ထုံတာ (အထူးသဖြင့် ခြေဖျားလက်ဖျားမှာ)၊ ခြေအိတ်၊ လက်အိတ်ဝတ်ထားသလို ခပ်လေးလေး၊ ခပ်ထုံထုံ ခံစားရတာ ထုံနေတာကြောင့် ထိမိခိုက်မိလို့ နာတာကို မသိတော့တာ၊ ဒါကြောင့် အနာပိုးဝင်တာ (အထူးသဖြင့် ဆီးချိုသမားတွေမှာ တွေ့ရပါတယ်)၊ တချို့ဆို သာမန်နာကျင်မှုတင်မကဘဲ အသက်ဘေး နီးတဲ့ နှလုံးသွေးကြောကျဉ်းတာကြောင့် ရင်ဘတ်အောင့်တာကိုပါ မသိနိုင်တော့တဲ့အထိ ဖြစ်သွားပါတယ်။ တချို့များကျတော့လည်း သာမန်ထက်ကို ပိုနာတတ်သွားပါတယ်။ နည်းနည်းထိ များများနာပါ။


အာရုံကြောငယ်လေးတွေမှာ ရောဂါဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ။

အာရုံကြောရောဂါတွေက တိတိကျကျစစ်ဆေးဖို့ရာ ခက်ခဲလှပါတယ်။ ရောဂါတွေကို ကုသမယ်ဆိုရင်တော့ ရောဂါရာဇဝင်တွေ မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ရပါမယ်။ အာရုံကို စမ်းသပ်တဲ့ Tendon reflexes၊ ကြွက်သားအလုပ်လုပ်နိုင်ရဲ့လား၊ ကိုယ်နေဟန်ထားထိန်းနိုင်ရဲ့လား၊ ထိသိခံစားမှုတွေ ရှိသေးရဲ့လား စသဖြင့် စမ်းသပ်မှာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုပါ ရှာရမှာပါ။ မဟုတ်ရင် လက္ခဏာတော့ သက်သာပါရဲ့။ ခဏခဏ ပြန်ဖြစ်နေမှာပါ။ ဒါကြောင့် သွေးတွင်း ဗီတာမင် B12ပမာဏ စစ်ဆေးတာ၊ ဆီးစစ်တာ၊ သိုင်းရွိုက်ဟော်မုန်းဓာတ်စစ်ဆေးတာ၊ EMG လို့ ခေါ်တဲ့ ကြွက်သားကနေထွက်တဲ့ လျှပ်စီးဓာတ်တွေ စမ်းသပ်တာ၊ အာရုံကြော လျှပ်စီးဓာတ်စမ်းသပ်တာ ( nerve conduction study)၊ ရံဖန်ရံခါ အာရုံကြောအသားစယူတာ (အသားစယူတာက ပါတယ်ဆိုရုံပဲ ယူတာဖြစ်လို့ အာရုံကြောထိခိုက်ဖို့ဆိုတာ အင်မတန်ဖြစ်ခဲပါတယ်။) စတာတွေ စစ်ဆေးရတတ်ပါတယ်။ အာရုံကြောအသားစယူပြီး စစ်သည့်တိုင် အကြောင်းအရင်းရှာမရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက အကုန်စစ်ဖို့ မဟုတ်ပါဘူး။ လူနာရဲ့ ရောဂါအခြေအနေကို လိုက်ပြီး လိုအပ်တာပဲ စစ်ဆေးမှာ ဖြစ်ပါတယ်။

အာရုံကြောရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။

အာရုံကြောရောဂါတွေက ဖြစ်စေတဲ့ အကြောင်းရင်းကို မကုသရွေ့ ပြန်ပြန်ဖြစ်နေဦးမှာပါပဲ။ အပြီးပျောက်အောင် ကုသလို့ မရတဲ့ ရောဂါတွေ (ဥပမာ ဆီးချိုကြောင့် အာရုံကြောထိတာ) ဆိုရင်တော့ အကောင်းဆုံးထိန်းပြီး အခြေအနေပိုဆိုးမလာအောင် ကုသပေးရမှာပါ။ 

ဆီးချိုကြောင့်

ဆီးချိုရောဂါကို ထိန်းထားတာက နောက်ဆက်တွဲ ဖြစ်တဲ့ အာရုံကြောရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ထုံတာ၊ ကျဉ်တာအတွက် ဆေးဝါးတွေ ပေးပြီး ကုလို့ရပါတယ်။ ဆေးနဲ့မရမှသာ ခွဲစိတ်ကုသတာပါ။

ဗီတာမင် ချို့တဲ့တာကြောင့် 

အထူးသဖြင့် ဗီတာမင် B12ချို့တဲ့တာဆို အရင်ဆုံး ထိုးဆေးတွေနဲ့ ပြန်ဖြည့်ပြီး ထပ်ပြီး မချို့တဲ့အောင် အားဆေးတွေ ပေးသွားမှာပါ။

ခုခံအားကမောက်ကမရောဂါကြောင့် 

အရေပြားလေးဖက်နာတို့ ပိုးလေးဖက်နာတို့ဆို ဒီရောဂါတွေကို ကြွမလာအောင် ထိန်းတာကသာ အာရုံကြောကို မထိခိုက်စေမယ့် အကောင်းဆုံး နည်းလမ်းပါပဲ။

အာရုံကြောညပ်တာ၊ ပိတာကြောင့်

စာရိုက်တာများလို့ အာရုံကြောပိပြီး လက်ကောက်ဝတ်တွေ နာနေပြီဆိုရင် စာရိုက်တဲ့အခါ ဒဏ်မဖြစ်အောင် အထောက်အကူပြု ပစ္စည်းလေးတွေ သုံးပေးလို့ ရပါတယ်။ ဥပမာ လက်ကောက်ဝတ်အောက်မှာ တစ်ခုခုခံထားတာမျိုးပေါ့။ သာမန်အားဖြင့်တော့ အာရုံကြောညပ်တာ၊ ပိတာတွေက အနားယူလိုက်ရုံ၊ အာရုံကြောကို ထိခိုက်မယ့် အပြုအမူတွေကို ရှောင်လိုက်ရုံနဲ့ သက်သာပါတယ်။ အခြေအနေဆိုးမှသာ ခွဲစိတ်ရတာပါ။

အကျိတ်တွေ၊ ထိခိုက်ဒဏ်ရာတွေ၊ သွေးယိုတာတွေကြောင့် အာရုံကြောထိခိုက်ရရင်တော့ ခွဲစိတ်ပြီး ကုသရနိုင်ပါတယ်။ ခွဲစိတ်ပြီး သူ့အပေါ်ပိနေတာတွေကို ဖယ်ရှားရမှာပါ။

အာရုံကြောငယ်လေးတွေမှာ ထုံတာ၊ ကျဉ်တာက စလို့ ကြွက်သားတွေ အားပျော့တာ၊ ကြုံလှီတာအထိ အမျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း အများကြီး ရှိပါတယ်။လက္ခဏာသက်သာရုံမကုဘဲ အကြောင်းရင်းကို ရှာဖွေကုသမှသာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။


#ရောဂါ
#ကြွက်သား
#အာရုံ
#ဆီးချို
#ကုသ

Some text some message..