လက်တုန်တာ ဘာကြောင့်လဲ
myanmaplatform.com
|
2022-01-04

တစ်ခုခုများ အာရုံစိုက်ပြီး လုပ်ရမယ်ဆို လက်က တုန်လာပြီ။ ဇွန်းလေး ကိုင်ပြီး ဟင်းချိုသောက်တာတောင် တုန်လို့ ဖိတ်ကုန်တာ၊ တူနဲ့ စားမယ်ဆို ညှပ်ရခက်တာ၊ ရေခွက် ကိုင်ရင် လက်တုန် တာတွေက အတော် အဆင်မပြေဖြစ်ရတာပါ။ လက်တုန်တာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့သူအချို့တွေမှာတောင် လက်တုန်တာမျိုးက သိပ်မဖြစ်ကြပါဘူး။ လက်တုန်တာက  ရောဂါ တစ်ခုခုကြောင့် သောက်နေရတဲ့ ဆေးဝါးတစ်ချို့ရဲ့ နောက်ဆက်တွဲပြဿနာ လည်း ဖြစ်နိုင်သလို စိတ်လှုပ်ရှားရင်၊ စိတ်တတ်ကြွလွန်း တာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။  လက်တွေတုန်တုန်ယင်ယင်နှင့် အမြဲဖြစ်နေတတ်တာဟာ တစ်ချို့တွေမှာ မျိုးရိုးဗီဇကြောင့် လည်း ဖြစ်တတ်ပါသေးတယ်။ အများစု ကတော့ အရက်ကြောင့်၊ ကဖင်းကြောင့် ဒီလို ဖြစ်တတ်တယ်လို့ ပြောကြပေမယ့် အရက် မသောက်၊ ကော်ဖီ မသောက်တတ်တဲ့ သူတွေ အတွက်တော့ တခြား အကြောင်းရင်းတွေ ရှိနေပါသေးတယ်။

(၁) ဗီတာမင် အားနည်းခြင်း

အာရုံကြောစနစ် ကျန်းမာရေးအတွက် B12 ရဲ့အခန်းကဏ္ဍ က ကြီးမားပါတယ်။ အသား ၊ကြက်ဥ သိပ်မစားရင် ဒါမှမဟုတ် နွားနို့ မသောက်ရင်၊ ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေ မစားရင် အားနည်းနိုင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့တဲ့ အခါ လက်တုန် တာ၊ ခြေလက်တွေ ထုံကျဉ်တာ၊ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။


(၂) ကဖင်းလွန်ကဲခြင်း

မနက်ပိုင်း ကော်ဖီသောက်တယ်၊ နေ့လယ် ခဏနားချိန်မှာ သောက်တယ်၊ လက်ဖက်ရည် သောက်တယ်၊ အားဖြည့်အချိုရည် သောက်တယ်၊ ညကျ ကော်ဖီထပ်သောက်တယ်။ ကဲ ကဖင်းဓာတ်တွေ အများကြီး ဗိုက်ထဲ ဝင်သွားပြီပေါ့။ ကဖင်းက အာရုံလန်းဆန်းအောင် နှိုးဆွတဲ့ဓာတ်တစ်မျိုးဖြစ်သလို သောက်တာများရင်လည်း လက်တုန်အောင် ပိုနှိုးဆွတဲ့အရာလည်း ဖြစ်ပါတယ်။


(၃) အရက်အလွန်အကျွံသောက်ခြင်း

အယ်လ်ကိုဟော ပါဝင်တဲ့အရည်တွေကို အလွန်အကျွံသောက်တာကြောင့် အာရုံကြော စနစ်တွေကို လိုအပ်တာထက် ပိုပြီးလှုံ့ဆော်သလိုဖြစ်စေပြီး မရပ်မနား လက်တွေ တုန်ယင်နေတတ်ပါတယ်။ တကယ်လို့ သင်က အရက်ကို မသောက်ဘဲ မနေနိုင်အောင် ဖြစ်နေတယ်၊ အရက် မသောက်ရလို့လည်း တုန်ယင်နေတယ်ဆိုရင်တော့ အရက်ဖြတ်သင့်တဲ့ အခြေအနေဖြစ်နေပါပြီ။  အရက်ကြိုက်သူတွေ မသောက်ရတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေထဲ လက်တုန်ခြင်း ပါဝင်ပါတယ်။ နောက်ဆုံးသောက်ခဲ့ပြီး ၁၀ နာရီအတွင်းမှာ စပြီး ခံစားရတတ်ပါတယ်။


(၄) စိတ်ဖိစီးခြင်း

စိတ်ဖိစီးတဲ့ အခါ ခန္ဓာကိုယ်က အာရုံကြော တွေရဲ့ လှုပ်ရှားမှု ကလည်း လွန်ကဲလာပါတယ်။ နှလုံးခုန်တွေ မြန်လာပြီး လက်လည်း တုန်တတ်ပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ်၊ တရားထိုင်တာ ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့လိုက်တဲ့ အခါ ပြန်ပြေပျောက်သွားမှာပါ။


(၅) ပါကင်ဆန် ရောဂါ

ပါကင်ဆန်ရောဂါရှိသူ တွေမှာ ကြွက်သားတွေကို လှုပ်ရှားဖို့ သတင်းပို့တဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတာကြောင့် လက်တုန်တတ်ပါတယ်။ စစချင်းတော့ လက်တစ်ဖက်မှာပဲ တုန်တတ်ပေမယ့် ကြာလာတာ နဲ့အမျှ နောက်တစ်ဖက်မှာပါ ဖြစ်လာပါတော့တယ်။ လှုပ်ရှားမှုတွေ နှေးလာနိုင်သလို ဟန်ချက်ညီအောင် ထိန်းဖို့လည်း ခက်လာတယ်၊ ဒါမှမဟုတ် လက်နဲ့ ခြေထောက်တွေ တောင့်တင်းလာနိုင်ပါတယ်။ ပါကင်ဆန်ကြောင့် တုန်ရီတာ ဆိုရင်တော့ သောက်ဆေးတွေ ဒါမှမဟုတ် ခွဲစိတ်ကုသမှု လိုအပ်လာနိုင်ပါတယ်။


(၆) သိုင်းရွိုက် ရောဂါ (Hyperthyroidism)

လက်တုန်ခြင်းက သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက အရမ်းအလုပ်လုပ်လွန်းပြီး နှလုံးခုန်နှုန်းကိုမြင့်စေပါတယ်။ ဘာမှလည်း မလုပ်ရဘဲ ကိုယ်အလေးချိန် ကျဆင်းသွားတာ၊ အလင်းရောင်ကို မခံနိုင်တာ၊ နှလုံးခုန်မြန်တာ၊ကောင်းကောင်းအိပ်မပျော်တာတွေလည်း ဖြစ်နိုင်ပါတယ်။


(၇) အိပ်ရေးပျက်ခြင်း

လောင်စာအလုံအလောက် မဖြည့်ပေးရင် ကားစက်တောင် နှိုးမရပါဘူး။ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကောင်းလည်ပတ်နိုင်ဖို့က အစားအသောက်နဲ့ အိပ်ရေးဝနေဖို့လိုပါတယ်။ မအိပ်ဘဲနဲ့ဆို ဦးနှောက်က မှန်မှန်ကန်ကန် အလုပ်လုပ်မယ် ထင်ပါသလား။ ဦးနှောက်ရဲ့ မှားယွင်းသတိပေးချက်တွေ ကြောင့် လက်တုန်တာ အပါအဝင် အာရုံကြောစနစ်တွေ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။


(၈) အာရုံကြော ရောဂါ

Essential Tremor လို့ ခေါ်တဲ့ အာရုံကြောရောဂါ တစ်မျိုး ကြောင့် လက်တုန် စေတတ်ပါတယ်။ ကော်ဖီခွက် ကိုင်လည်း တုန်၊ ဖယောင်းတိုင် ကိုင်လည်း တုန်၊ ဇွန်းခက်ရင်း ကိုင်လည်း တုန်နေတတ်တဲ့ သူတွေ မှာ အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တုန်ခါမှု အမျိုးအစား ရဲ့ အကြောင်းရင်းက အတိအကျ မသိရပါဘူး။ နေ့စဉ် အလုပ်တွေမှာ နည်းနည်း အဆင်မပြေ ရှိတတ်ပေမယ့် Essential Tremor ခံစားရသူ အများစု ကတော့ အန္တရာယ် မရှိသလို နောက်ဆက်တွဲ ပြဿနာ ကြီးကြီးမားမား မရှိတတ်ပါဘူး။ Multiple Sclerosis (MS) ဟာ myelin လို့ခေါ်တဲ့ အာရုံကြောအပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လက်တွေ သို့မဟုတ် တခြားအစိတ်အပိုင်းတွေမှာ တုန်ခါတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။


(၉) သွေးချို ကျခြင်း

ကြွက်သားတွေနဲ့ အာရုံကြောတွေ ဆိုတာ သွေးတွင်းသကြားဓာတ်နဲ့ အားဖြည့်ပေးထားတာပါ။ သကြားဓာတ် အလုံအလောက်မရရင် လက်တွေတုန်လာနိုင်တယ်။ ဆီးချိုကြောင့်၊ဆေးဝါးတချို့ကြောင့်၊ အရက်ကြောင့်၊ အစားနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်ပါတယ်။


(၁၀) အချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး

လက်တုန် ခြင်းက စိတ်ကျန်းမာရေး ဆိုင်ရာ ဆေးတွေ၊ အတက်ရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အာရုံကြော ရောဂါ၊ ပန်းနာရင်ကျပ် တို့လိုရောဂါတွေ အတွက် သောက်သုံးရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နေတတ်ပါတယ်။


(၁၁) ဆေးလိပ်ကိုအလွန်အကျွံသောက်ခြင်း

ဆေးလိပ်ထဲမှာ နီကိုတင်း (Nicotine) ဓာတ် ပါဝင်ပါတယ်။ နီကိုတင်း လွန်ကဲတာကလည်း လက်တွေ တုန်စေပါတယ်။ ဆေးလိပ် အများကြီးသောက်တာကြောင့် သိသိသာသာ လက်တွေ တုန်လာတတ်ပါတယ်။ ဆေးလိပ်သောက်နေတဲ့သူတွေမှာလဲဖြစ်တတ်တာကြောင့် ဆေးလိပ်ဖြတ်သင့်ပါတယ်။ 


#ကော်ဖီ
#လက္ခဏာ
#အရက်
#ရောဂါ
#အာရုံ

Some text some message..