
ဆောင်းရာသီမှာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းတွေရဲ့ ၈၀% ဟာ ရိုတာဗိုင်းရပ်စ် (Rota Virus) ကြောင့်ဝမ်းပျက် ကြတာဖြစ်ပါတယ်။ ရိုတာဗိုင်းရပ်စ်ကြောင့် ဝမ်းပျက်တဲ့အခါ ကလေးငယ်ဟာ ဝမ်းလျှောဝမ်းပျက်ခြင်း၊ အန်ခြင်း (အရပ်ခေါ် အထက်လန်အောက်လျှော) ခံစားရပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွား နိုင်တဲ့ အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။
Rota virus ကူးစက်ခြင်းဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး နှစ်ပတ်အကြာမှာ စဖြစ်ပါတယ်။ အစပိုင်းမှာ ဖျားခြင်း၊ အန်ခြင်းတို့ ဖြစ်ပြီး ၃ ရက်မှ ၇ ရက်အတွင်းမှာ ဝမ်းလျှောပါတယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ ကျန်းမာတဲ့လူကြီးများမှာတော့ ရောဂါလက္ခဏာ နည်းနည်းပဲပေါ်တာနဲ့ လုံးဝမပေါ်တာလည်း ဖြစ်နိုင်ပါတယ်။ Rota virus ကူးစက်ခြင်းဟာ စိတ်ညစ်ညူးဖွယ်ဖြစ်ပေမယ့် အိမ်မှာပဲ ရေဓါတ်မခမ်းခြောက်စေရန် အရည်များများတိုက်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တခါတရံ ပြင်းထန်စွာရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတက်ပြီး ဆေးပုလင်းချိတ်ဖို့ လိုနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ ဝမ်းပျက်ဝမ်းလျှောနဲ့ Rota virus ကူးစက်ခြင်းရဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်။
ရိုတာဗိုင်းရပ်စ် က ဘယ်လိုကူးစက်သလဲ
ရိုတာဗိုင်းရပ်စ (Rota virus) ဟာ ရောဂါရှိသူရဲ့ ဝမ်းထဲမှာ ရောဂါလက္ခဏာ မပေါ်ခင် သုံးလေးရက်ကနေ ၁၀ရက်လောက်အထိ ရှိနေနိုင်ပါတယ်။ ဒီအချိန်မှာ လူနာမှာရောဂါလက္ခဏာမရှိနေပေမယ့် လက်နဲ့ပါးစပ် ထိတွေ့ရာကနေ ဗိုင်းရပ်စ်ဟာ အလွယ်တကူ ပြန့်ပွားနိုင်ပါတယ်။ Rota virus ရှိနေချိန် အိမ်သာတက်ပြီး လက်မဆေးလျှင်၊ ကလေးမှာ Rota virus ရှိနေချိန်မှာ ကလေးအနှီးလဲပေး၊ အိမ်သာတည်ပေးပြီး လက်မဆေးလျှင် ဗိုင်းရပ်စ်ပိုးဟာ အစားအစာ၊ အရုပ်၊ အသုံးအဆောင်များစသဖြင့် ထိမိတဲ့အရာတိုင်းကို ကပ်ငြိသွားနိုင်ပါတယ်။ အခြားလူတစ်ယောက်က သင့်ရဲ့ မဆေးရသေးတဲ့ လက်ကိုဖြစ်စေ၊ ဗိုင်းရပ်စ်ပိုးကပ်နေတဲ့ အရာတစ်ခုခုကိုဖြစ်စေ ထိကိုင်မိပြီးသူ့ပါးစပ်သူထိမိပါက ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ မျက်နှာပြင်တစ်ခုအပေါ်မှာ ပိုးမသတ်သရွေ့ ရက်သတ္တပတ်နှင့်ချီပြီး အကြာကြီးရှိနေနိုင်ပါတယ်။

ဘယ်သူတွေက ကူးစက်နိုင်သလဲ
ကလေးအသက် ၃လမှ ၃နှစ်အတွင်း အထူးသဖြင့် ကလေးထိန်းနေရာများမှာ ရိုတာဗိုင်းရပ်စ် (Rota virus) ကူးစက်ခြင်းဖြစ်ပွားနိုင်ချေများပါတယ်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စောင့်ရှောက်သူများ မှာလည်း အဖြစ်များပါတယ်။

ရိုတာဗိုင်းရပ်စ် ကို ဘယ်လိုကုသပါသလဲ
Rota virus ကူးစက်ခြင်းအတွက် သီးသန့် ကုသမှုမရှိပါ။ ပဋိဇီဝဆေးနှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများနှင့်လည်း မကုသနိုင်ပါ။ ၃ရက်မှ ၇ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။ ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်နေစဉ် ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ အရည်များများသောက်ပါ။ သင့်ကလေးမှာ ဝမ်းအလွန်လျှောနေလျှင် အထူးသဖြင့် ရက်အနည်းငယ်ထက် ပိုကြာအောင်ဝမ်းလျှောနေလျှင် ဆရာဝန်တွေပေးတဲ့ ဓာတ်ဆားအငန် (BPI) ကို တိုက်ပါ။ ကလေးများအတွက် ဓါတ်ဆားရည်က ရေနဲ့ အခြားအရည်များထက် ကုန်ခမ်းသွားတဲ့ သတ္တုဓါတ်များကို ပိုမိုထိရောက်စွာ ဖြည့်တင်းပေးနိုင်ပါတယ်။ အပြင်းအထန် ရေဓါတ်ခမ်းခြောက်ပါက ဆေးရုံမှာ ဆေးပုလင်းချိတ်ဖို့ လိုနိင်ပါတယ်။ ရိုတာဗိုင်းရပ်စ် ကူးစက်ခြင်းအတွက် ဝမ်းပိတ်ဆေးများ မတိုက်ရပါဘူး။
(၁) ဝမ်းပျက်ဝမ်းလျှောရင် ဓာတ်ဆားတိုက်ပါ။ အန်ရင်လည်းတိုက်ပါ။ BPI ဓာတ်ဆားလို အငန်ဓာတ်ဆားတိုက်ပေးပါ။ ရေဓာတ်ခမ်းတဲ့အခါ ကလေးကရေ/ဓာတ်ဆား ပိုတောင်းပါလိမ့်မယ်။ တောင်းသလောက်တိုက်ပေးပါ။ မိခင်နို့တိုက်တုန်းဆိုရင် ဆက်တိုက်ပါရပါတယ်။ ဓာတ်ဆားနဲ့အတူ/ ဓာတ်ဆားမရှိရင် ကြက်စွပ်ပြုတ်၊ ငါးစွပ်ပြုတ် တိုက်လို့ရပါတယ်။ ဘာမှမရှိရင် ရေသန့်ရေကျက်အေးတိုက်ထားပါ ရပါတယ်။ ညရေးညတာ ဓာတ်ဆားမရှိလို့ ရှိတဲ့အချိန်ထိမစောင့်ပါနဲ့။ တိုက်လို့ရတဲ့အရည်လေးတွေတိုက်ထားပေးပါ။
(၂) ဝမ်းလျှောတဲ့အချိန်သီးစုံဓာတ်ဆား၊ အချိုဓာတ်ဆား၊ အားကစားသမားသောက်တဲ့ ဓာတ်ဆား မတိုက်ပါနဲ့။ အချိုကြောင့်ဝမ်းပိုလျှောပါမယ်။ အားကစားသမားသောက်တဲ့ ဓာတ်ဆားကအငန်ဆိုပေမယ့် ချွေးထွက်လို့ကုန်တဲ့ဆားဓာတ်နဲ့ ဝမ်းလျှောလို့ကုန်တဲ့ဆားဓာတ်မတူတာကြောင့် အဆင်မပြေပါ။ တစ်လီတာနဲ့ဖျော်ရတဲ့ဓာတ်ဆားအငန်တိုက်လို့ရတယ်၊ ဖန်ခွက်နဲ့ဖျော်ရတဲ့ကလေးဓာတ်ဆားတိုက်လို့ရတယ်၊ ကလေးဓာတ်ဆားတိုက်မယ်ဆိုရင်တော့ ဝမ်းအရမ်းလျှောနေရင်တစ်ထုပ်နဲ့မလောက်ပါ။ ထပ်ထပ်တိုက်ပေးရပါမယ်။
(၃) Probiotics အမှုန့်ထုပ်တွေဖြစ်တဲ့ Kidlac၊ Innolac ၊ Bioflor အစရှိတဲ့အထုပ်တွေကို ဝမ်းပျက်ဝမ်းလျှောတဲ့အခါတိုက်လို့ရပါတယ် တိုက်ပါ။ ဒါပေမယ့် ဒါတွေကိုဓာတ်ဆားနဲ့မမှားပါနဲ့။ နယ်ဘက်တွေမှာ အတော်များများက Probiotics အထုပ်တွေကို ဓာတ်ဆားလို ဖျော်ပြီးကလေးတွေကိုမှားတိုက်နေကြတာတွေ့ရတယ်။ အဲဒီအခါကျတော့ တကယ်လိုအပ်တဲ့ ဓာတ်ဆားမဝင်တဲ့အခါ ကလေးပိုထိခိုက်ပါတယ်။ Probiotics လဲတိုက်ချင်တိုက်ပါ။ ဒါပေမယ့် ဓာတ်ဆားတော့ဝင်အောင်တိုက်ပါ။

(၄) တအားအန်နေတာမဟုတ်ရင် အစားမဖြတ်ပါနဲ့။ နည်းနည်းနဲ့ခဏခဏကျွေးပါ။ အချဉ်အစပ် နဲ့အရွက်တွေရှောင်ပါ။ ကလေးကြီးတွေ စားနိုင်ရင် ထမင်းဆီဆမ်း၊ ကြက်ဥပြုတ်၊ ငါးကြော် အဲဒီလိုလေး တွေကျွေးလို့ရပါတယ်။ အချိုကဲတဲ့မုန့်တွေမကျွေးပါနဲ့။

(၅) ဝမ်းပျက်ဝမ်းလျှောတာဟာ၊ ဆက်တိုက်အကြိမ်ရေများလွန်းပြီး ကလေးမှိန်းရင်၊ မျက်တွင်းချိုင့်ဝင်ရင်၊ တစ်နှစ်ခွဲအောက်ကလေးငယ် ငယ်ထိပ်ချိုင့်လာရင်၊ ရေတအားငတ်လာရင်၊ အဖျားကြီးတာနဲ့တွဲနေရင်၊ ဝမ်းသွားတာသွေးပါရင်၊ ခဏခဏအန်နေရင်၊ ဝမ်းပျက်ဝမ်းလျှော မဟုတ်တဲ့ အခြားရောဂါလက္ခဏာ တွေနဲ့တွဲ နေရင် ဆေးခန်း၊ဆေးရုံပြပါ။