
ချက်ဆိုတာက အတွင်းထဲကို ချိုင့်ဝင်နေတာကြောင့် ချေးတွေ၊ ဆဲလ်သေတွေ အလွယ်တကူ စုဝေးနိုင်ပါတယ်။ ဒါအပြင် ဘက်တီးရီးယားပေါင်း များစွာကလည်း ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်လည်း ချက်က အနံ့တစ်မျိုး ထွက်နေတာပါ။ ဒီလို မသန့်တဲ့နေရာ ဖြစ်တဲ့အတွက် ပိုးဝင်ဖို့လည်း လွယ်ကူပါတယ်။ ဒီလိုနဲ့ ချက်ပြည်ယို တဲ့ ပြဿနာ ဖြစ်လာပါတယ်။ ကလေးမွေးပြီးတဲ့အခါ မိခင်နဲ့ ချိတ်ဆက်ထားတဲ့ ချက်ကြိုးကို ဖြတ်ထုတ်ပစ်လိုက် ရပြီး အဲဒီနေရာမှာ ချက်အဖြစ် ကျန်နေခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ချက်ဟာ အနံ့ဆိုးတွေ မထွက်တတ်သလို ထွက်လာခဲ့ရင်လည်း နှာခေါင်းနဲ့ အလွန်ဝေးတဲ့နေရာမှာ ရှိနေတဲ့အတွက် တော်ရုံအနံ့မျိုးလောက်နဲ့တော့ သိနိုင်မှာမဟုတ်ပါဘူး။ အကယ်လို့ ကိုယ့်နှာခေါင်းထဲမှာ အနံ့တစ်ခုခု အမြဲရနေလို့ ချက်ကထွက်လာတယ်လို့ သံသယရှိရင် ဒီအချက်တွေကို သေချာစစ်ကြည့်သင့်ပါတယ်။
ချက်အနံ့ထွက်ရင် ဘာတွေကို အရင်ဆုံးစစ်မလဲ
ပုံမှန်မဟုတ်တဲ့ ပြည်လို အရည်များ စိမ့်ထွက်နေခြင်း (အဖြူရောင်၊ အဝါရောင်၊ စိမ်းဖန့်ဖန့်အရောင်)၊ ရောင်ရမ်းပြီး နီရဲနေခြင်း၊ ယားယံနေခြင်း၊ နာကျင်မှုရှိခြင်း၊ ပိုးကောင် တစ်ကောင်ကောင် ဖြတ်သွားနေသလို ခံစားရခြင်း၊ ဝမ်းဗိုက်မှာ အကျိတ်လုံးလို စမ်းမိခြင်း၊ အဖျားတက်ခြင်း စတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပါ။

ချက်အနံ့ထွက်ခြင်းရဲ့ အဓိက အကြောင်းအရင်းများ
ချက်အနံ့ထွက်လာပြီဆိုရင် မပေါ့ဆပါနဲ့နော်။ အဓိက ချက်အနံ့ထွက်လာခြင်းရဲ့ အကြောင်းအရင်းတွေကတော့

(၁) တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်း
ချက်မှာ အနံ့ဆိုးထွက်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိလို့ပဲ ဖြစ်ပါတယ်။ ရေချိုးတဲ့အခါမှာ ချက်ကို သန့်ရှင်းရေးလုပ်ဖို့ မေ့သွားရာကနေ ချေးညှော်နဲ့ အညစ်အကြေးတွေ ပိတ်မိပြီး ရောဂါပိုးတွေ ပွားလာတာဖြစ်ပါတယ်။ ချက်ပေါက်ကနေ အတွင်းထိချိုင့်ဝင်နေတဲ့သူဆိုရင် ချေးပိတ်မိဖို့ ပိုများပါတယ်။ ချေးညှော်တွေ ပိတ်မိတဲ့နေရာမှာ ဘက်တီးရီးယား များခိုအောင်းနေတဲ့အတွက် ချက်ကနေ အနံ့ဆိုးအပြင် အရေပြားဆိုင်ရာရောဂါများ၊ ချက်ပိုးဝင်ခြင်း၊ ပြည်များယို စိမ့်ထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုကြောင့် ဖြစ်သော ပြဿနာအတွက် ဆရာဝန်ပြစရာမလိုပါဘူး။ အဓိက ချက်ပတ်လည်ကို နေ့စဉ် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးမယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အနံ့ဆိုးများ ပျောက်သွားနိုင်ပါတယ်။ အဓိက လုပ်ပေးဖို့ လိုအပ်တာတွေကတော့ အဝတ်သန့်သန့် တစ်ထည်ကို ဆပ်ပြာနည်းနည်းစွတ်ပါ။ လက်ညှိုးထိပ်တွင် အဝတ်ပတ်ထားပြီး ချက်အတွင်းထဲသို့ ပွတ်သုတ်ပေးပါ။ အထဲထိ ထိုးထည့်တာမျိုး၊ ကုတ်ခြစ်တာမျိုး မလုပ်ပါနဲ့။ ပြီးသွားတဲ့အခါ ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပါ။ ရေချိုးပြီးသွားရင် ရေခြောက်အောင် သုတ်ပြီးမှ အဝတ်အစားဝတ်ပါ။ မလိုအပ်ဘဲ ချက်နေရာကို လက်နဲ့ထိကိုင်တာ၊ ပွတ်တာမျိုးကို ရှောင်ပါ။

(၂) ပိုးဝင်ခြင်း
ကန်ဒီဒါ (Candida) လို့ ခေါ်တဲ့ မှိုပိုးတစ်မျိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြားချင်းထိတွေ့မှုများပြီး စိုစွတ်တဲ့၊ ပူနွေးတဲ့၊ အလင်းနဲ့ ထိတွေ့မှုနည်းတဲ့ နေရာအစိတ်အပိုင်းတွေမှာ ပွားများလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် လိင်အင်္ဂါနဲ့ ချိုင်းကြားမှာ မှိုရောဂါစွဲကပ်တာ အဖြစ်များပေမယ့် ချက်ကိုလည်း လုံးဝသန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ဒီမှိုပိုး ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါရှင်တွေ၊ ကိုယ်ခံအားနည်းနေသူတွေ၊ လတ်တလော ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှု ခံယူထားသူတွေမှာ ဒီပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အဓိက ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ပြဿနာမို့ အနံ့ဆိုးအပြင် ပြည်အရည်တွေပါ စိမ့်ထွက်ပြီး ချက်ပတ်ပတ်လည်မှာ နီရဲရောင်ရမ်းနေတတ်ပါတယ်။
ရောဂါပိုးဝင်တဲ့ ပြဿနာမှာ အရင်ဆုံး အပေါ်မှာ ပြထားခဲ့တဲ့နည်းလမ်းအတိုင်း ချက်ကို နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပါ။ ချက်နေရာကို ခြောက်သွေ့နေအောင် ထားပေးပါ။ ကျပ်လွန်းတဲ့ အဝတ်တွေကို ဝတ်တာ ရှောင်ပါ။ တစ်ပတ်လောက်နဲ့ မသက်သာတဲ့အခါ ဆရာဝန်နဲ့ သေချာပြသပြီး ညွှန်းပေးလိုက်တဲ့ လိမ်းဆေးကို သေချာလိမ်းပါ။

(၃) အကျိတ်ဖြစ်နေခြင်း
Epidermoid cyst လို အရေပြားရဲ့ အပေါ်ယံလွှာမှာ ဖြစ်တည်သော အကျိတ်၊ Pilar Cyst ကဲ့သို့ ဆံသားမွေးညှင်းပေါက်နားတွင် ဖြစ်တည်သော အကျိတ်၊ ဆဘေးရှပ်စ် ဂလန်း (Sebaceous Glands) မှာ ဖြစ်တည်သော အကျိတ်တွေကြောင့်လည်း ချက်ကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။ အရေပြားအကျိတ်များ ရှိနေတဲ့အခါ ချက်ပတ်လည်ကို စမ်းကြည့်လိုက်ရင် အဖုလုံးလို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ချက်မှာဖြစ်သော အကျိတ်များ ကြီးလာပြီးပေါက်သွားတဲ့အခါ အနာထဲသို့ ရောဂါပိုးဝင်ပြီး အနံ့ဆိုးထွက်သလို အနာကနေ ထွက်လာတဲ့ပြည်အရည်တွေကြောင့်လည်း အနံ့ဆိုးထွက်နိုင်ပါတယ်။
ရိုးရိုးဖြစ်တဲ့ အကျိတ်အတွက် ထူးထူးခြားခြား ကုသမှုခံယူစရာမလိုပါဘူး။ ဒီအကျိတ်က ပေါက်ပြီး ရောဂါပိုးဝင်သွားတဲ့အခါမျိုး၊ ခန္ဓာကိုယ်ထဲ ဖြစ်နေတဲ့ အကျိတ်ကြောင့် အလွန်စိုးရိမ်ပူပန်နေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်အနေနဲ့ အကျိတ်ကို ဖယ်ရှားပေးဖို့ ဆေးထိုးတာ၊ ဆေးထိုးအပ်ဖြင့် စုပ်ယူတာ၊ အကျိတ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ပေးနိုင်ပါတယ်။

ချက်နေရာနဲ့ ပတ်သက်ပြီး လူတော်တော်များများက နေ့စဉ်သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ကြပါတယ်။ တကယ်တော့ အရေပြားဆိုတာ အမြဲတမ်း ချွေးထွက်ပြီး ဆဲလ်အသေတွေနဲ့ စုနေတဲ့အတွက် ရေကို ပုံမှန်ချိုးပေးဖို့လိုအပ်သလို အမြဲတမ်း သန့်ရှင်းအောင် ထားတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။