အရေပြားအကြောပြတ်ရာတွေအတွက် အုန်းဆီရဲ့ကောင်းကျိုး
ondoctor.com.mm
|
2022-01-15

အုန်းဆီကို လူအများစုက ဆံပင်အတွက်သာ အသုံးပြု​​လေ့ရှိကြပါတယ်။ အုန်းဆီဟာ အ​ရေပြားအတွင်းထဲကို အလွယ်တကူစိမ့်ဝင်နိုင်ပြီး ​ခြောက်​သွေ့ပျက်စီး​နေတဲ့အသားအ​ရေကို ပြန်လည်​ကောင်းမွန်လာ​စေနိုင်ပါတယ်။ ဒါ့ပြင် အုန်းဆီမှာ ပိုးသတ်နိုင်စွမ်းနဲ့ မှိုသတ်နိုင်စွမ်းလည်းရှိပါတယ်။

အ​ရေပြားအ​ကြောပြတ်ရာဆိုတာဟာ အ​ရေပြားရဲ့အတွင်းပိုင်းအလွှာက ဆွဲဆန့်နိုင်တဲ့အတိုင်းအတာတစ်ခုကို ​ကျော်လွန်သွားလို့ဖြစ်လာရခြင်းဖြစ်ပါတယ်။ အ​ရေပြားဟာ အလွန်အမင်းဆန့်ရတဲ့အခါမှာ Collagen Fibers ​တွေကျိုးပျက်ကုန်ပြီး ​အောက်မှာရှိတဲ့​သွေး​ကြော​လေး​တွေကို မြင်​နေရပါ​တော့တယ်။ အဲဒါ​ကြောင့် အ​ကြောပြတ်ရာ​တွေဟာ အနီ​ရောင်သန်းတာ၊ ခရမ်း​ရောင်သန်း​နေတာမျိုး​တွေ​တွေ့နိုင်ပြီး အနည်းငယ်​ဖောင်း​နေတာမျိုးလည်း​တွေ့ရနိုင်ပါတယ်။

အ​​ကြောပြတ်ရာ​​အဖြစ်များတဲ့​နေရာ​တွေက​တော့ ဝမ်းဗိုက်၊ ​ပေါင်၊ လက်​မောင်း၊ တင်ပါးနဲ့ ရင်ဘတ်တို့ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်​ဆောင်ချိန်၊ ကိုယ်အ​လေးချိန်တိုးလာတဲ့အချိန်နဲ့ အရွယ်​ရောက်ချိန်​တွေမှာ အ​ရေပြားအ​ကြောပြတ်ရာ​တွေဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ ယားယံတာမျိုးရှိတတ်​ပေမဲ့ ကျန်းမာ​ရေးအတွက်​​တော့စိုးရိမ်စရာမလိုပါ။ ဒါပေမဲ့ အလှအပအတွက်​တော့ စိတ်အ​နှောင့်အယှက်ဖြစ်​စေနိုင်ပါတယ်။

အုန်းဆီဟာ အ​​ကြောပြတ်ရာ​တွေသက်သာ​စေဖို့ အသုံးများတဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာ ​ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် အ​သားအ​ရေကိုစို​ပြည်​စေကာ အ​ကြောပြတ်ရာ​တွေကို ​မှေးမှိန်လာ​စေနိုင်ပါတယ်။ အုန်းဆီရဲ့​ကောင်းကျိုး​တွေက​​တော့-

(၁) ​ရေဓာတ်ဖြည့်တင်း​ပေးနိုင်ခြင်း

အုန်းဆီဟာ အ​ရေပြားကို ​ရေဓာတ်ဖြည့်တင်း​ပေးနိုင်တဲ့ အ​ကောင်းဆုံးသဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အ​ရေပြားအလွှာအသီးသီးမှ​ရေဓာတ်ဆုံးရှုံးမှုကိုတားဆီး​ပေးတဲ့အတွက် အသားအ​ရေကိုစို​ပြည်လာ​စေပါတယ်။ ​ရေဓာတ်ပြည့်ဝပြီးစို​ပြည်​နေတဲ့အသားအ​ရေ​ပေါ်မှာ အ​ကြောပြတ်ရာဖြစ်​ပေါ်နိုင်​ခြေနည်းပါတယ်။

(၂) Collagen ထုတ်လုပ်မှုကိုအား​ပေးခြင်း

အုန်းဆီမှာ Lauric Acid ပါဝင်တာ​တဲ့အတွက် အရေပြားအလွှာအတွင်းသို့ လွယ်ကူစွာစိမ့်ဝင်စေကာ Collagen ထုတ်လုပ်မှုကို အား​ပေးပါတယ်။ Collagen ​တွေဟာ အနာကျက်​ရာမှာ အ​ရေးပါပါတယ်။ ဒါ​ကြောင့် အုန်းဆီကို အ​ရေပြားအ​ကြောပြတ်ရာ​တွေ​ပေါ်လိမ်း​ပေးရင် Collagen ထုတ်လုပ်မှုများလာ​စေပြီး အ​ကြောပြတ်ရာ​တွေကိုလည်း​မှေးမှိန်လာ​စေနိုင်ပါတယ်။

(၃) ​နေ​လောင်ဒဏ်ကိုကာကွယ်​ပေးနိုင်ခြင်း

​နေ​လောင်ဒဏ်နဲ့ UV ​တွေဟာ အမာရွတ်​တွေပြန်လည်​ကောင်းမွန်​စေဖို့အတွက် အ​ဟန့်အတားဖြစ်​စေပါတယ်။ အုန်းဆီလိမ်းခြင်းဟာ အ​ရေပြားကို UV တိုက်ရိုက်မထိ​တွေ့နိုင်​အောင် ကာကွယ်​ပေးနိုင်ပါတယ်။

အုန်းဆီဟာအ​ကြောပြတ်ရာ​တွေကို လုံးဝ​ပျောက်ကင်း​စေတာမျိုးမဟုတ်​ပေမယ့် အတိုင်းအတာတစ်ခုထိ​​တော့ ​မှေးမှိန်သွား​စေနိုင်ပါတယ်။ ကိုယ်ဝန်​​ဆောင်မေ​မေတို့အ​နေနဲ့က‌‌တော့ အကြောပြတ်ရာတွေသက်သာစေဖို့အုန်းဆီလိမ်းတော့မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှလိမ်းတာက အ​ကောင်းဆုံးဖြစ်ပါတယ်။

အုန်းဆီကိုအ​ကြောပြတ်ရာ​တွေမဖြစ်လာ​အောင် ကာကွယ်နိုင်ဖို့အတွက်လည်း လိမ်း​ပေးနိုင်ပါတယ်။ မိမိကိုယ်ဝန်စရှိချိန်ကတည်းက အုန်းဆီလူး​​ပေးမယ်ဆိုရင် အ​ရေပြားကို​ရေဓာတ်ပြည့်ဝ​စေပြီး အ​ရေပြားဆွဲဆန့်နိုင်အားကိုလည်း တိုးမြင့်လာ​စေနိုင်ပါတယ်။ ဒါ​ကြောင့် အ​ကြောပြတ်ရာ​တွေအလွယ်တကူမဖြစ်လာနိုင်​အောင် အုန်းဆီကကာကွယ်​ပေးနိုင်ပါတယ်။

အုန်းဆီက ရောင်ရမ်းမှုကို​လျော့ကျ​စေနိုင်တဲ့အတွက်  ရှိပြီးသားအကြောပြတ်ရာတွေကို မြန်မြန်သက်သာလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့ပြင် အရေပြားအတွင်းပိုင်းထိ ရေဓာတ်ဖြည့်တင်းပေးနိုင်လို့ အကြောပြတ်ရာ​ကြောင့်ဖြစ်တဲ့ ယားယံခြင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ အုန်းဆီဟာအသားအ​ရေကို နဂိုအ​ရောင်ထက်ပိုမိုကြည်လင်ဝင်းပ​စေနိုင်ပြီး အ​ကြောပြတ်ရာ​တွေကိုလည်း ​မှေးမှိန်​​ဖျော့တော့လာ​စေပါတယ်။ သဘာဝအုန်းဆီဟာ လူအများစုအတွက်အန္တရာယ်မရှိ​ပေမဲ့ ​အုန်းဆီနဲ့မတည့်တဲ့သူ​တွေက​တော့ လုံးဝစမ်းမသုံးကြည့်သင့်ပါဘူး။

အ​ရေပြားအ​ကြောပြတ်ရာ​တွေဟာ လူအများစုမှာရှိ​နေနိုင်ပြီး သာမန်ဖြစ်​လေ့ဖြစ်ထရှိတဲ့အရာပဲ ဖြစ်ပါတယ်။ မိမိရဲ့အ​ကြောပြတ်ရာ​တွေဟာ သိသာထင်ရှားတဲ့​နေရာမှာဖြစ်​နေလို့ သက်သာချင်တယ်ဆိုရင်​တော့ လွယ်ကူပြီး အန္တရာယ်ကင်းတဲ့ သဘာဝအုန်းဆီကို ပုံမှန်လူး​ပေးပါက အ​ကြောပြတ်ရာ​တွေ​မှေးမှိန်လာကာ စို​ပြည်ဝင်းပတဲ့အသားအ​ရေကို ရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။

Author: Dr. Aye Myat


#သဘာဝ
#အရေပြား
#အုန်းဆီ
#ကိုယ်ဝန်
#လူအများစု

Some text some message..