
နေလို့ ထိုင်လို့ မအီမသာဖြစ်နေတဲ့အချိန်မှာ ဘာပဲ လုပ်လုပ်အဆင်ပြေမနေကြပါဘူး။ အကြောင်းမရှိဘဲ စိတ်ဆိုးတာ၊ ဒေါသထွက်တာ၊ အလိုမကျတာတွေ ဖြစ်နေတတ်ပါတယ်။ ထိုင်းမှိုင်း နေရင် အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာလိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာလိုလို တစ်ခုခုလိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။ ဒီလို ဖြစ်နေတဲ့အခါ ထိုင်းမှိုင်းမှုတွေကို အဝေးကို မောင်းထုတ်ချင်ပေမယ့် ဘယ်လိုလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီလား။
ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင်
လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ ထိုင်းမှိုင်းမှုကြီးကို ဒီနည်းလမ်းလေးတွေ သုံးပြီး မောင်းထုတ်လိုက်ရအောင်လား။

(၁) ရေချိုး လိုက်ပါ
ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားနေရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ရေချိုးလိုက်ပါ။ ရေချိုးတယ်ဆိုတဲ့နေရာမှာလည်း ရေအေးအေးလေးနဲ့ ချိုးစေချင်ပါတယ်။ ဒါမှ သွေးလည်ပတ်မှု ကောင်းစေပြီး ထိုင်းမှိုင်းနေတာတွေ ပျောက်သွားမှာပါ။ ဆပ်ပြာ သင်းသင်းလေးနဲ့ပါ ချိုးပေးလိုက်မယ်ဆိုရင် စိတ်လက်တွေ ကြည်လင်လန်းဆန်းလာစေမှာ အသေအချာပါ။

(၂) ရေသောက်ပါ
ရေသောက်လိုက်ပါ။ ရေသောက်တာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးပြီး ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေပြီး လန်းဆန်းမှုကို ခံစားရစေမှာပါ။ ဒါကြောင့် ထိုင်းမှိုင်းနေတယ်ဆိုရင် ရေအေးအေး တစ်ခွက် ပြည့်ပြည့်ကို သောက်ချလိုက်ပါ။ ဒီလို လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေပြီး အသားအရေကိုပါ ကြည်လင်စေပါတယ်။

(၃) သီချင်း နားထောင်ပါ
ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေချိန်မှာ မြူးမြူးကြွကြွ သီချင်းလေးတွေ နားထောင်တာက လန်းဆန်း တက်ကြွလာစေမယ့် နည်းလမ်းကောင်းပါ။ သီချင်း မြူးမြူးလေးတွေက စိတ်ပျော်ရွှင်စေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်မှာပါ။ ဒါကြောင့် ထိုင်းမှိုင်း သလို ခံစားလာရရင် သီချင်းမြူးမြူးလေး ဖွင့်နားထောင်ပါ။ လိုက်ဆိုပေးတာလည်း နည်းလမ်းကောင်း တစ်ရပ်ပါပဲ။

(၄) နေရောင်ခံပါ
နေရောင်ခြည်က စိတ်ပျော်ရွှင်စေတဲ့ သဘာဝဆေး တစ်မျိုးပါ။ စိတ်ထဲ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တဲ့အခါ နေရောင်ခံပေးတာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ချိန်သားကိုက်ဖို့ လုပ်ဆောင်ပေးတာကြောင့် ထိုင်းမှိုင်းနေတာတွေကို အဝေးကို မောင်းထုတ်ပေးမှာပါ။ ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတယ်လို့ ခံစားရရင် နေရောင်ခြည်ကို ထိတွေ့လိုက်ပါ။ နေပူထဲတော့ ထွက် မရပ်ပါနဲ့နော်။

(၅) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက သွေးစီးဆင်းမှုကို ကောင်းစေပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အကြောတွေကို ပြေလျော့စေပြီး လန်းဆန်းတက်ကြွစေဖို့လည်း ထောက်ကူ ပေးနိုင်ပါတယ်။ ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားရတယ်။ လန်းဆန်း တက်ကြွမှု မရှိဘူးဆိုရင် လမ်းလျှောက်တာကနေစလို့ အကြောလျှော့တာ၊ ယောဂ၊ Gym ဆော့တာ၊ ပြေးတာလိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
ဒီလိုလေးတွေ လုပ်ကြည့်လိုက်လို့ လန်းဆန်းသွားနိုင်တာကြောင့် သင့်မှာ ခံစားနေရတဲ့ ထိုင်းမှိုင်းမှုတွေကို မောင်းထုတ်လိုက်ကြရအောင်နော်။ ဒီလိုတွေလုပ်လို့မှာ အဆင်မပြေရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်နော်။ ဒါမှ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။