
ရေဖျဉ်းဖြစ်ရင် ဗိုက်ကြီးပူလာမယ်ဆိုတာကို လူတိုင်းနားလည်ကြပါတယ်။ လူကြီးတွေ ပြောခဲ့တဲ့ ထမင်းစားပြီး ရေမချိုးနဲ့နော် ရေဖျဉ်း စွဲလိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့သတိပေးစကား။ မျိုးရိုးစဉ်ဆက် လက်ဆင့် ကမ်းခဲ့ကြတဲ့ရှေးထုံးမပယ် အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လား လို့ တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီး ကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ ကြောက်စိတ် နဲ့ လိုက်နာခဲ့ကြတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေဖျဉ်းစွဲမှာ ကြောက်ကြလို့ဖြစ်ပါတယ်။
ရေဖျဉ်းဆိုတာ
တကယ်တော့ရေဖျဉ်းဆိုတာ အပြင်ကရေတွေဗိုက်ထဲဝင်သွားတာမဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းက အမြှေးပါး နှစ်လွှာကြားမှာ အရည်တွေစုလာတာဖြစ်ပါတယ်။ အရည်ပမာဏအနည်းငယ်ပဲဆို ပုံမှန်ဖြစ်ပေမယ့် အသည်းက ပုံမှန်အလုပ်မလုပ်တဲ့အခါ အရည်တွေစုလာတတ်ပါတယ်။ အသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲ တတ်ပါတယ်။ အသည်းအရွတ် ဖြစ်တဲ့အခါ အသည်းရဲ့ သွေးကြောတွေ အတွင်းမှာ ဖိအားဖြစ်စေရာကနေ ဗိုက်ထဲမှာ အရည်တွေ စုပုံစေတာ ဖြစ်ပါတယ်။ ရေဖျဉ်း ဖြစ်စေတဲ့ အသည်းထိခိုက်မှုတွေထဲမှာ အသည်းခြောက်ခြင်း၊ အသည်းရောင် ဘီ နဲ့ စီရောဂါတွေနဲ့ အရက်သောက်ခြင်းတို့ အဓိကပါဝင်ပါတယ်။

ရေဖျဉ်းဖြစ်နိုင်ခြေ များစေတဲ့ တခြားအကြောင်းရင်းတွေကတော့ –
ရေဖျဉ်းက ထမင်းစားပြီးရေချိုးလို့ ဖြစ်တာမဟုတ်ပါဘူး။ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်လာတာပါ။ သားဥအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ကင်ဆာ၊ နှလုံး သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်း၊ ပန်ကရိယ ရောင်ခြင်း၊ တီဘီရောဂါ၊ သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ တို့ဖြစ်ပါတယ်။

ရေဖျဉ်းလက္ခဏာ
ဖြစ်လာစေတဲ့ အကြောင်းရင်းကို မူတည်ပြီး ရေဖျဉ်း လက္ခဏာတွေက ရုတ်တရက်လည်း ပေါ်လာနိုင်သလို တဖြည်းဖြည်းချင်းလည်းပေါ်လာနိုင်ပါတယ်။ လက္ခဏာတွေက အမြဲတော့ အရေးပေါ်အခြေအနေ မဖြစ်နေပေမယ့် အောက်ပါအချက်တွေ ဖြစ်လာရင် ဆရာဝန်ချက်ချင်း ပြသင့်ပါတယ်။ ရုတ်တရက် ဝိတ် အရမ်းတက်လာတာ၊ ဗိုက်ဖောင်းလာတာ(ဖောရောင်သလို)၊ လှဲအိပ်နေရင် အသက်ရှူရခက်တာ၊ အစာစားချင်စိတ် လျော့နည်းလာတာ၊ ဗိုက်အောင့်တာ၊ လေပွတာ၊ မအီမသာ၊ ပျို့အန်တာ၊ ရင်ပူတာတွေ ဖြစ်လာရင် စစ်ဆေးကုသမှု ခံယူပါ။ အမှန်က အစားစားပြီး ရေချိုးလိုက်တဲ့အခါ အစာကို ချေဖျက်ဖို့ လုပ်ဆောင်ချက်မှာနှေးသွားစေပါတယ်။ အစာမကြေမှာ စိုးတဲ့အတွက်ရှေးလူကြီးတွေက ရေဖျဉ်း ကို ဆွဲထည့်ပြီး ဖြဲခြောက်လိုက်ပုံ ရပါတယ်။ အစားစားပြီး ရေချိုးလိုက်ရင်ပဲ ဗိုက်ကြီးပွပြီး ရေဖျဉ်းဖြစ်လာတော့မလို ကြောက်စိတ်ကြောင့် ချက်ချင်း ရေမချိုးတော့ပါဘူး။ အစာမကြေစေတာတော့ အမှန် ဖြစ်တာကြောင့် စွန့်စားပြီး ရေချိုးချလိုက်တဲ့သူတွေမှာ ဗိုက်ပွခြင်းကို ခံစားရနိုင်ပါတယ်။
ရေဖျဉ်းဆွဲတယ်ဆိုတာက ဝမ်းဗိုက်မှာ အရည်တွေစုပုံလာတဲ့ အခြေအနေတစ်ရပ်ပါ။ ရောဂါအခြေအနေ တစ်ရပ်ရပ်ရဲ့နောက်ဆက်တွဲအနေနဲ့ ခံစားရတဲ့ အနေအထားတစ်ရပ်ပေါ့။

ဆားလျှော့စားပါ
ရေဖျဉ်းစွဲနေသူတစ်ယောက်အနေနဲ့ ဆားစားသုံးမှုကိုလျှော့ချသင့်ပါတယ်။ ဆားစားသုံးမှုများတာကရေတွေကိုပိုပြီး စုစေနိုင်တာကြောင့်ရေဖျဉ်းစွဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသောက်မှုမှာ ဆားကို တတ်နိုင်သမျှလျှော့စားပေးပါ။ အငန်ကဲတဲ့အစားအစာတွေကိုလျှော့စားဖို့လည်း မမေ့ပါနဲ့။

နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ
ရေဖျဉ်းစွဲသူတစ်ယောက်အနေနဲ့ ပုံမှန်ထက်စားချင်စိတ်နည်းနေနိုင်ပါတယ်။ ဒါပေမယ့် အစားစားမှ အာဟာရပြည့်ဝမှာဖြစ်တာကြေင့် တစ်နေ့ကို နည်းနည်းချင်းစီနဲ့ ၇ ကြိမ်၈ ကြိမ်လောက် အစားစားပေးပါ။ ပရိုတင်းကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ အသားတွေအစားပဲအမျိုးမျိုးနဲ့ အခြားသော ပရိုတင်းရနိုင်တဲ့ အစားအစာတွေကို စားပေးဖို့ပြောပါရစေ။

အဆိပ်အတောက်နဲ့ဓါတုပစ္စည်းတွေကိုရှောင်ပါ
ဖြစ်နိုင်ရင် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုပဲစားသုံးပေးပါ။ ဒီလိုစားသုံးပေးတာက ခန္ဓါကိုယ်ထိခိုက်နိုင်ခြေကို နည်းစေနိုင်ပါတယ်။ အသည်းထိခိုက်မှုဖြစ်နိုင်ခြေကို နည်းစေနိုင်တာကြောင့်ရေဖျဉ်းစွဲနေသူတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်မှာပါ။

အုန်းရည်သောက်ပါ
ပိုတက်ဆီယမ် နဲ့electrolytes ပါဝင်တဲ့ အုန်းရည်က ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်စေပြီး ကိုယ်တွင်းမှာ အရည်တွေစုနေတာမျိုး မဖြစ်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။

အယ်လ်ကိုဟောရှောင်ပါ
အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့သောက်စရာတိုင်းကိုရှောင်ဖို့လိုပါမယ်။ အယ်လ်ကိုဟောက ရောဂါအခြေအနေကို ပိုဆိုးစေနိုင်တာကြောင့် လုံးဝရှောင်ကြဉ်ဖို့လိုပါမယ်။

လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေကိုသန်မာစေပြီးရေတွေစုနေတာကိုဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိပါ
နေ့ခင်းဘက်မှာ အိပ်တာမျိုးမလုပ်ဘဲ ညစဉ်တိုင်းမှာစောစောအိပ်လို့ မနက်စောစောထတဲ့ပြည့်ဝကောင်းမွန်တဲ့ အိပ်စက်မှုအလေ့အထကိုမွေးမြူပေးပါ။

ဘာတွေစားရမလဲ
ရေဖျဉ်းစွဲနေသူတွေအတွက် သင့်တော်တဲ့အစားအစာတွေကတော့ ကြက်သွန်ဖြူ၊ မြင်းစားဂျုံ၊ ဒန်ဒယ်လီယွန်၊ ကြက်ဟင်းခါးသီး၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပဲနံ့သာစေ့၊ ကြက်သွန်နီ၊ ဖရဲသီးစတာတွေကိုစားပေးလို့ရပါတယ်။
ဒါကြောင့် မိမိခန္ဓာကိုယ်မှာ ဒီလိုတွေ ပြောင်းလဲလာပြီဆိုရင်တော့မပေါ့ဆဘဲ အထူးဂရုစိုက်ကြဖို့ လိုအပ်ပါတယ်နော်။