သင့်အသားအရေကို ထိခိုက်ပျက်စီးစေတတ်တဲ့နေ့စဥ်အမူအကျင့်များ
ondoctor.com.mm
|
2022-01-29

လူငယ်လူရွယ်များကြား အခုခေတ်စားနေသည့် စကားတစ်ခွန်းကတော့  Glow Skin ပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် အ‌ရေပြားအလှအပနှင့်ပတ်သက်ပြီး လူငယ်အများ စိတ်၀င်စားလာကြသည်။ အရေပြားကို ဂရုစိုက်ကြသည်။  အရေပြား ကျန်းမာရေးအတွက် ငွေကုန်‌ကြေးကျများစွာ အကုန်ခံကြသည်။ သို့သော် သတိမမူမိပဲ မှားနေတတ်သော အမူအကျင့်များလည်း တွေ့နေရသည်။

ကြည်လင်တောက်ပနေသော အသားအရေရှိရန်အတွက် စျေးကြီးသော Cosmetic များသုံးရမည်ဆိုသော အယူအဆကား  အမြဲမမှန်ပေ။ ကျန်းမာသောအ‌‌သားအရေရရှိရန်အတွက် လူရော၊ စိတ်ပါ ကျန်းမာသန်စွမ်းနေရမည်ဖြစ်သည်။ ထို့ပြင် အောက်ပါအချက်များကလည်း အ‌ရေပြား ပျက်စီးစေတတ်သောအကြောင်းများ ဖြစ်သောကြောင့် ရှောင်ကြဥ်သင့်ပါသည်။

၁။  ကိုယ်ခန္ဓာတွင် ရေဓာတ်ခန်းခြောက်‌‌‌နေလျှင်   အရေပြားခြောက်‌သွေ့နေတတ်သည်။ ခြောက်သွေ့ခြင်း၏ နောက်တွင် အရေပြားကွဲအက်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် နေ့စဥ်လိုအပ်သောရေပမာဏကို သောက်သုံးသင့်သည်။

၂။ အသင့်စား အစားအသောက်များ၊ အဆီများသော အစားအသောက်များနှင့် အချိုဓာတ်လွန်ကဲသောအစားအစာများအား စားသုံးခြင်းကားလည်း ၀က်ခြံထွက်ဖို့  တွန်းအားပေးနေသောကြောင့် အရေပြားအား ထိခိုက်ပျက်စီးစေပါသည်။

၃။ နေ့အပူချိန်များလွန်းသည့် ဒေသများတွင် နေရောင်ခြည်ဒဏ်ကိုကာကွယ်ပေးနိုင်သော Sunscreen မလိမ်းခြင်းများသည်လည်း အရေပြားထိခိုက်စေသော အကြောင်းတစ်ချက်ဖြစ်သည်။

၄။ မျက်နှာသစ် ဆပ်ပြာမသုံးဘဲ တွေ့ကရာဆပ်ပြာနှင့် မျက်နှာသစ်ခြင်းမျိုးကားလည်း ရှောင်ကြဥ်သင့်သည်။ အ၀တ်လျှော် ဆပ်ပြာရည် ဆပ်ပြာမှုန့်များနှင့် ရေချိုးခြင်းများသည်လည်း အ‌ရေပြားကို ပျက်စီးစေပါသည်။

၅။ အိပ်ရေး၀၀မအိပ်ခြင်းသည်လည်း အရေပြား ကျန်းမာရေးကို ထိခိုက်ပျက်စီးစေပါသည်။ တစ်နေ့လျှင် အနည်းဆုံး ၇ နာရီ အပြည့် အိပ်ရမည်။

၆။ မိတ်ကပ်များ အချိန်ကြာမြင့်စွာ လိမ်းထားခြင်းမျိုးနှင့် မျက်နှာမသစ်ဘဲ ညအိပ်ရာ၀င်ခြင်းမျိုးကား ၀က်ခြံထွက်ခြင်းကို အားပေးပြီး အရေပြားကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။

၇။ စိတ်ဖိစီးမှုများခြင်း‌ကြောင့် အိုမင်းရင့်‌ရော်ခြင်းကို ဖြစ်ပေါ် စေပါသည်။

ထို့ကြာင့် ကာယလေ့ကျင့်ခန်းလုပ်ခြင်းနှင့် ယောဂကစားခြင်းမျိုးကို ပြုလုပ်သင့်ပါသည်။

နိဂုံးချုပ်အနေဖြင့် လောကကြီးကို အကောင်းမြင်စိတ်နှင့် ကြည့်ရှုခြင်း၊ အမြဲပြုံးရွှင်နေခြင်းကား အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ကာ ကျန်းမာသောအသားအအရေကို ပိုင်ဆိုင်စေမည်ဖြစ်ပါသည်။

Author: ဒေါက်တာအေးချမ်းမိုး


#ကျန်းမာရေး
#အရေပြား
#မျက်နှာ
#လူငယ်
#အမူအကျင့်

Some text some message..