ကိုယ်ဝန်ဆောင်တိုင် ကြုံတွေ့ရတဲ့ အချင်းပြဿနာများ
myanmaplatform.com
|
2022-02-02

မိန်းမသားတိုင်းအတွက် စိန်ခေါ်မှုကတော့ ကိုယ်ဝန်ဆောင်တာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ကို  ၉ လ၊ ၁၀ လလောက် လွယ်ထားရတာဖြစ်ပါတယ်။ စားချင်တာလည်း စားလို့ မရသလို နေချင်သလိုလည်း နေလို့ မရကြပါဘူး။ အနေအထိုင် အစားအသောက်တွေဆင်ခြင်ပြီးနေကြရတာဖြစ်ပါတယ်။ ကိုယ့်ရင်သွေးလေး လူ့ဘဝထဲကို ကျန်းကျန်းမာမာနဲ့ ရောက်လာဖို့အတွက် ကတော့ မိခင်တိုင်းရဲ့ အတောင့်တဆုံး ဆန္ဒပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ဘယ်လောက်ထိပဲ ဂရုစိုက်နေပါစေ အဖက်မတင်ဘဲ ပျက်ကျသွားကြတာတွေလည်း ရှိပါတယ်။ ဒီလိုပျက်ကျရတဲ့အထဲမှာ အချင်းပြဿနာတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တိုင်းကြုံကြရတဲ့ အချင်းပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။ 

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အချင်းပြဿနာတွေ

ကိုယ်ဝန်ဆောင်တဲ့ချိန်မှာ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတဲ့ ပြဿနာတွေက 

အချင်းရှေ့ရောက်ခြင်း

ကလေးဆင်းရမယ့် လမ်းကြောင်းမှာ အချင်းက ကလေးရှေ့ရောက်နေတဲ့ ပြဿနာကို အားလုံးကြားဖူးကြ မှာပါ။ ကလေးအပေါ်ပိုင်းမှာ ရှိနေရမယ့်ဟာကို ကလေးဆင်းမယ့် လမ်းကြောင်းအရှေ့ဘက်မှာ အချင်း ရောက်နေတာကြောင့် ကလေးဆက်မဆင်းနိုင်တော့ပါဘူး။ ဒါကို မသိဘဲ အတင်းညှစ်ခိုင်းလိုက်မိရင် အချင်း ထိခိုက်သွားမယ့်အပြင် ကလေးလည်း ရှေ့ဆက်မဆင်းနိုင်တော့ဘဲ မွန်းပြီး အသက်ဆုံးသွားနိုင်ပါတယ်။ အချင်းရှေ့ရောက်တာရဲ့ အဓိက လက္ခဏာကတော့ ကိုယ်ဝန် ဒုတိယ၃လမှာ သွေးတွေ အများကြီး ဆင်းတာပါပဲ။ လရင့်တဲ့အချိန်ထိ မီးဖွားတဲ့အချိန်အထိမှ သွေးဆင်းတာမရပ်ရင် ဆရာဝန်က ခွဲမွေးဖို့ စီစဉ်ပါလိမ့်မယ်။


အချင်းကွာခြင်း

အချင်းဆိုတာ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေကို ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးမှာ ပေးနေတာဆိုတော့ အချင်းကွာတဲ့အခါ ကလေးအတွက်အများကြီးထိခိုက်သွားစေတာပေါ့။ ကွာကျသွားတော့ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေ မရတော့တဲ့အပြင် အချင်းကွာကျသွားတဲ့အရှိန်နဲ့ မိန်းမကိုယ်ကနေ သွေးတွေ အများကြီးဆင်းတော့မှာပါ။ ကွာကျသွားတဲ့အရှိန်နဲ့ ဗိုက်အောင့်တာ မခံမရပ်နိုင်အောင် နာတာမျိုးတွေ လည်း ကြုံတွေ့ရတတ်ပါတယ်။ နဂို ကိုယ်ဝန်တွေတုန်းက အချင်းကွာဖူးတဲ့ ပြဿနာရှိတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက်တဲ့သူတွေ မူးယစ်ဆေးသုံးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ချိန် ဗိုက်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိတာနဲ့ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတဲ့ ပြဿနာရှိတဲ့သူတွေက အချင်းကွာတဲ့ ပြဿနာဖြစ်ဖို့ အလားအလာများတဲ့သူတွေပါ။


Placental insufficiency

Placental insufficiency ဆိုတာ အချင်းကွာကျ အချင်းရှေ့ရောက်တာမျိုးတွေ မဟုတ်ဘဲ အချင်းကိုယ်တိုင်ကိုက ကလေးဆီလိုအပ်တဲ့ အာဟာရတွေ လုံလုံလောက်လောက် မပေးနိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဒီလို အာဟာရတွေ လုံလောက်စွာ မပေးနိုင်တဲ့ အချင်းကြောင့် မွေးလာတဲ့ကလေး ပေါင်မပြည့်တာ၊ ကလေးကောင်းကောင်းမဖွံဖြိုးတာတွေဖြစ်တတ်ပါတယ်။


Infarcts in the placenta

အချင်းဆီကို လုံလောက်တဲ့ သွေးလည်ပတ်မှု မရတာကြောင့် အချင်းရဲ့ တစ်ချို့အစိတ်အပိုင်းတွေ ပုပ်သွားတဲ့ ပြဿနာပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သွေးတိုးသမားတွေမှာ အချင်းဆီ သွေးလုံလောက်အောင် မရဘဲ အချင်းတစ်ချို့ အစိတ်အပိုင်းတွေ ပုပ်သွားတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ အချင်းကောင်းကောင်း မဖွံ့ဖြိုးနိုင်တော့ဘဲ ကလေးဆီလည်းလုံလောက်တဲ့ အာဟာရတွေ မပေးနိုင်တော့လို့ နောက်ပိုင်း ရင်သွေးလေးဖွံ့ဖြိုးမှု အပိုင်းကို ထိခိုက်သွားနိုင်ပါတယ်။


Placenta accrete

ဒီပြဿနာကတော့ အချင်းက သားအိမ်အတွင်းနံရံနက်နက်ထဲထိဝင်တွယ်နေတာပါ။ ဒီပြဿနာက ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး ရင်သွေးလေးနဲ့ မိခင်ကို ဒုက္ခမပေးနိုင်ပေမယ့် မီးဖွားတဲ့ အချိန် ကလေးထွက်ပြီးနောက်ပိုင်း အချင်းကွာကျမယ့်အချိန်ကျမှ သေချာမကွာကျဘဲ အပိုင်းအစတွေ ကျန်ခဲ့ပြီး သွေးသွန်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ်။

အချင်းဆိုတာ ဗိုက်ထဲက ရင်သွေးလေးအတွက် အရေးအကြီးဆုံးမလား။ ကလေးလိုအပ်တဲ့ အာဟာရဓါတ်တွေ အောက်ဆီဂျင်နဲ့ သွေးလည်ပတ်မှု ကောင်းအောင် အချင်းကပဲ ကူညီရတာလေ။ ဒီတော့ ဒီလို အရေးကြီးတဲ့ အချင်းမှာ ပြဿနာ တစ်ခုခု ဖြစ်ရင် ရင်သွေးလေးကို ထိခိုက်ပြီပေါ့။ ဒါပေမယ့် အချင်းပြဿနာတွေကို အာထရာဆောင်းရိုက်ရင်းကနေ စောစောသိနိုင်တာကြောင့် လိုအပ်တဲ့ ကုသမှုတွေ မြန်မြန်ခံယူလိုက်ရင် ရင်သွေးလေးကို အများကြီးထိခိုက်တော့မှာ မဟုတ်ဘူးနော်။ ဒါ့ကြောင့် ကိုယ်ဝန်စောစောအပ် မှန်မှန်ပြဖို့လိုအပ်တာပေါ့။


#ကိုယ်ဝန်ဆောင်
#အာဟာရ
#ကိုယ်ဝန်
#ပြဿနာ

Some text some message..