
Dry socket (alveolar osteitis)က သွားနှုတ်ပြီးချိန်မှာ ဖြစ်သွားတတ်တဲ့ အခေါင်းပေါက် ရောင်ရမ်းနာကျင်ခြင်း ဖြစ်ပါတယ်။ ပုံမှန်ဖြစ်စဉ်မှာတော့ သွားနှုတ်ပြီးတဲ့ သွားအခေါင်းပေါက်မှာ သွေးခဲဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီသွေးခဲဟာ သွားဖုံးနဲ့ အာရုံကြောအလွှာကို ကာကွယ်ပေးထားခြင်း၊ အသစ်ဖြစ်လာမယ့် သွားကို သွေးထောက်ပံ့ပေးခြင်းများကို ပြုလုပ်ပေးပါတယ်။ Dry socket ဖြစ်လာတဲ့ အခါမှာ အဲဒီလိုသွေးခဲမဖြစ်လာတဲ့အတွက် စားသောက်လိုက်တဲ့အစာများ၊ စားကြွင်းစားကျန်တွေဟာ သွားဖုံးနဲ့ အာရုံကြောတွေကို ပွတ်တိုက်မျိုးဖြစ်လာပြီး သွားနှုတ်ထားတဲ့အခေါင်းပေါက်မှာ ရောင်ရမ်းနာကျင်ခြင်းဖြစ်တတ်ပါတယ်။ အံဆုံးနှုတ်ပြီးသည့်အချိန်မှာ ပိုအဖြစ်များပါတယ်။
သွားအခေါင်းပေါက်ရောင်ရမ်းနာကျင်ခြင်းလက္ခဏာများ
သွားနှုတ်ထားတဲ့အခေါင်းပေါက်မှာ ပြင်းထန်စွာနာကျင်ခြင်း၊ သွေးခဲဖြစ်ပေါ်လာခြင်းမရှိတဲ့အတွက် နှုတ်ထားသည့်နေရာဟာ လွတ်နေသလိုခံစားရခြင်း၊ အခေါင်းပေါက်မှာ အောက်ခံအရိုး ကိုမြင်နေရခြင်း၊ နှုတ်ထားတဲ့ဘက်မှ နား၊ မျက်စိ၊ နားထင်ရိုးနဲ့ မေးရိုးတွေပါ နာကျင်ခြင်း၊ ခံတွင်းနံ့နံခြင်း၊ ခံတွင်းပျက်ခြင်း တွေ ဖြစ်တတ်ပါတယ်။

သွားအခေါင်းပေါက်ရောင်ရမ်းနာကျင်ခြင်းဖြစ်ပွားရသော အကြောင်းရင်း
သွားနှုတ်ထားတဲ့နေရာမှာ သွေးခဲမဖြစ်လာရတဲ့ တိကျတဲ့အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်ပါတယ်။ သွားနှုတ်ထားတဲ့အခေါင်းပေါက်အတွင်းကို ဘက်တီးရီးယားပိုးဝင်ခြင်း၊ အတွင်းစိုက်ဝင်နေတဲ့ အံဆုံး တွေကို နှုတ်ရတဲ့အခါမျိုးမှာ ခက်ခက်ခဲခဲနှုတ်ရတဲ့အခါ ထိခိုက်ဒဏ်ရာရသွားနိုင်ခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သွားအခေါင်းပေါက်ရောင်ရမ်းနာကျင်ခြင်းဖြစ်နိုင်ချေများသူများ
ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲသူများ (၎င်းတို့တွင်ပါဝင်သောဓာတုပစ္စည်းများသည် အနာကျက်ခြင်းကို နှောင့်နှေးစေခြင်း၊ အနာအရွယ်အစားကို ပို၍ကြီးစေခြင်းများဖြစ်နိုင်ပါတယ်။ ဆေးလိပ်ကိုစုပ်သောက် သည့်အတွက် သွေးခဲပြုတ်ထွက်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။) ၊ သန္ဓေတားဆေးသောက်နေရသူများ (ထိုဆေးများတွင်ပါဝင်သော အီစထရိုဂျင်သည် အနာကျက်ခြင်းကိုနှေးစေခြင်းနှင့် Dry socket ဖြစ်စေနိုင်ပါတယ်)၊ သွားနှုတ်ပြီးသည့်နောက်အိမ်တွင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို သေချာစွာမလုပ်ခြင်း၊ အရင်ကလည်း dry socket ဖြစ်ဖူးခြင်း၊ သွားနှင့်သွားဖုံးရောဂါပိုးဝင်ခြင်း ဖြစ်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။
သွားအခေါင်းပေါက်ရောင်ရမ်းနာဖြစ်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ အနာကျက်နှေးခြင်း၊ အရိုးတွင်း ပိုးဝင်ခြင်းများ၊ သွေးတွင်းပိုးဆိပ်ပျံ့နှံ့ခြင်းများဖြစ်နိုင်ပါတယ်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချိန်
သွားနှုတ်ပြီးတဲ့နောက်ပိုင်း သွားဆရာဝန်ပေးထားတဲ့ဆေးတွေကို ပုံမှန်သောက်ပေမယ့်လည်း ပိုနာကျင်လာချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။
ဘယ်လိုစစ်ဆေးမလဲ
ဆရာဝန်က ရောဂါရာဇဝင်မေးခြင်းနှင့် သွားနှုတ်ထားတဲ့နေရာကို ကြည့်ရှုစစ်ဆေးခြင်း၊ အရိုးတွင်းပိုးဝင်ခြင်း ရှိတယ်လို့ ခန့်မှန်းမိလျှင် ဓာတ်မှန်ရိုက်ကြည့်ခြင်းတွေ လုပ်လို့ ရပါတယ်။

သွားအခေါင်းပေါက်ရောင်ရမ်းနာကို ဘယ်လိုကုသမလဲ
သွားနှုတ်ထားတဲ့ အခေါင်းပေါက်အတွင်းရှိ အစာအကြွင်းအကျန်များကို ဆေးထုတ်ခြင်း၊ အနာဆေးထည့်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများပေးပြီး ကုသခြင်း၊ ခံတွင်းသန့်ရှင်းရေးကို နည်းလမ်းမှန်စွာ ပြုလုပ်ခြင်း ( အနာကိုကပ်ပေးထားသည့် အစကိုခွာပြီး ပုံမှန်လဲပေးရန်လိုအပ်ပါသည်။ နောက်တစ်ခုမကပ်ခင် ရေသန့်၊ ခံတွင်းသန့်စင်ဆေးရည် သို့မဟုတ် ဆားကျက်ရည်ကို ဆေးထိုးပြွန်ဖြင့်စုပ်၍ အစာအကြွင်းအကျန် များကုန်အောင် ဆေးပေးပါ) လုပ်ပေးပါ။

သွားအခေါင်းပေါက်ရောင်ရမ်းနာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
သွားမနှုတ်ခင် အတွေ့အကြုံရှိတဲ့ သွားဆရာဝန်နှင့်ပြသပါ။ ဆေးလိပ်နှင့်ဆေးရွက်ကြီးများ ဖြတ်ဖို့ကြိုးစားပါ။ သွားဆရာဝန်နဲ့ ပြတဲ့အခါ မိမိသောက်နေတဲ့ဆေးတွေကို ဆရာဝန်ကိုပြောပြပါ။
သွားနှုတ်ပြီးသည့်အခါတွင် နားနားနေနေနေပါ။ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ပါ။ ဆရာဝန်ပေးထားတဲ့ ဆေးတွေကို ညွှန်ကြားချက်များအတိုင်းသောက်ပါ။ သွားနှုတ်ပြီးပြီးချင်း ပထမနေ့မှာ ပါးကို ရေအေးဝတ်ကပ်ပါ။ နောက်နေ့မှာ ရေနွေးဝတ်ကပ်ပါ။ ရေများများသောက်ပါ။ အရက်၊ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်များ၊ ပူတဲ့ အဖျော်ယမကာများကို ရှောင်ကြဉ်ပါ။ ပိုက်ဖြင့်စုပ်သောက်ခြင်း ကို ရှောင်ကြဉ်ပါ။ စုပ်သောက်ခြင်းသည် သွေးခဲကိုပြုတ်ထွက်စေပါတယ်။ သွားနှုတ်ပြီးပြီးချင်းပထမနေ့တွင် အစာပျော့ပျော့စားပါ(ဆန်ပြုတ်၊ ဒိန်ချဉ်သောက်နိုင်ပါတယ်)။ ပုံမှန်အစာများကို တဖြည်းဖြည်းစားပါ။ သွားနှုတ်ထားတဲ့ ဘက်ဖြင့် မဝါးပါနှင့်။ သွားတိုက်ခြင်း၊ပလုပ်ကျင်းခြင်းကို ညင်သာစွာပြုလုပ်ပါ။ နှုတ်ထားသည့်နေရာကို ၂၄နာရီအတွင်း မတိုက်ပါနှင့်။ နောက်တစ်နေ့ရောက်မှ ဆားကျက်ရည်ဖြင့် ညင်သာစွာပလုတ်ကျင်းပါ။ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းကို ၂ရက်အတွင်း လုံးဝမပြုလုပ်ပါနှင့်။ အနာကျက်နှေးခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုပြီးဖြစ်စေနိုင်ပါတယ်။