ကော်ဖီအလွန်အကျွံသောက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ
ondoctor.com.mm
|
2022-02-09

လူ​အများစုဟာ ​​ကော်ဖီကို စွဲလမ်းနှစ်သက်တတ်ကြပါတယ်။ မနက်ခင်းတိုင်းကို ​ကော်ဖီနဲ့မှစတင်နိုင်တယ့်သူ၊ ​ပင်ပန်း​နေချိန် ​ကော်ဖီ​သောက်လိုက်မှ စိတ်ကြည်လင်ပြီး အလုပ်လုပ်နိုင်သူ စသဖြင့် ​ကော်ဖီကို စွဲလမ်း​လေ့ရှိကြပါတယ်။ တစ်​နေ့​ ကော်ဖီအနည်းငယ်​ပုံမှန်သောက်တာဟာ ကျန်းမာ​ရေးနဲ့ညီညွတ်​စေသလို ခန္ဓာကိုယ်အတွက်လည်း အန္တရာယ်မရှိ​စေနိုင်ပါ။ ဒါပေမဲ့ မိမိက ​ကော်ဖီကို တစ်​နေ့ ၄ ခွက် ၅ ခွက်​လောက်​သောက်ဖြစ်​နေပြီဆိုရင်​​တော့ ​လျှော့ချ​သောက်သုံးဖို့ ကြိုးစားသင့်ပါပြီ။ ​ကော်ဖီမှာ ကဖင်းဓာတ်ပါဝင်တာ​ကြောင့် အလွန်အကျွံ​သောက်သုံးရင် ကျန်းမာ​ရေးအတွက် ဆိုးကျိုး​တွေဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ ဖြစ်​ပေါ်လာနိုင်တဲ့ ကျန်းမာ​ရေးပြဿနာ​တွေက​တော့-

၁။ နှလုံးခုန်မြန်ခြင်း

ကဖင်းဓာတ်ဟာ ဦး​နှောက်နဲ့အာရုံ​ကြောစနစ်ကို တက်ကြွ​အောင် လှုံ​ဆော်​ပေးခြင်းမှတစ်ဆင့် နှလုံးခုန်နှုန်းကို ပုံမှန်မဟုတ်ဘဲ မြင့်တက်​လာစေပါတယ်။

၂။ ​ခြေတုန်လက်တုန်ဖြစ်ခြင်း

​ကော်ဖီအလွန်အကျွံ​သောက်ခြင်း​ကြောင့် Adrenaline လို့​ခေါ်တဲ့ တက်ကြွ​စေတဲ့ ​ဟော်မုန်းပမာဏမြင့်တက်လာ​စေပါတယ်။ ​ခြေတုန်လက်တုန်ဖြစ်ခြင်းဟာ Adrenaline ​ဟော်မုန်းမြင့်မား​နေခြင်းရဲ့ ဆိုးကျိုးတစ်ရပ်ဖြစ်ပါတယ်။

၃။ အမြဲစိုးရိမ်ပူပန်​နေရခြင်း

​ကဖင်းဓာတ်ဟာ စိတ်ဖိစီးမှု​တွေကို မြင့်တက်စေပြီး စိုးရိမ်ပူပန်မှု​တွေကို ဖြစ်​ပေါ်လာ​စေပါတယ်။ ဒါ​ကြောင့် ​ကော်ဖီ​သောက်တာများရင် အ​ကြောင်းအ​ထွေအထူးမရှိဘဲနဲ့လဲ စိတ်ပူပန်​နေရတာမျိုး​တွေဖြစ်လာနိုင်ပါတယ်။

၄။ ကြွက်သားလှုပ်ခြင်း

​ကော်ဖီအလွန်အကျွံ​သောက်သုံးရင်၊ ဒါမှမဟုတ် အချိန်ကြာမြင့်စွာ စွဲ၍​သောက်သုံးရင် ကြွက်သားလှုပ်တာမျိုး​တွေ ခံစားလာရ​စေနိုင်ပါတယ်။

၅။ ရင်တုန်ခြင်း

ကဖင်းဓာတ်ဟာ နှလုံးခုန်နှုန်းကို မြန်​စေနိုင်သလို ရင်တလှပ်လှပ်ဖြစ်ခြင်း၊ ရင်တုန်ခြင်း စတာ​တွေလည်း ဖြစ်​ပေါ်​စေနိုင်ပါတယ်။

၆။ မကြာခဏ ဆီးသွားခြင်း

​ကဖင်းဓာတ်ဟာ ​ကျောက်ကပ်ဆီသွားရာ ​သွေး​ကြော​တွေကို ကျယ်​စေနိုင်ပြီး ​သွေးစီးဆင်းမှုကိုလည်း များပြား​စေတာ​ကြောင့် မကြာခဏဆီးသွားချင်တာမျိုး ခံစားရ​စေပါတယ်။

၇။ ​ရေဓာတ်ဆုံးရှုံးခြင်း

ကဖင်းဓာတ်​ကြောင့် မကြာခဏဆီးသွားရာမှ ​ရေဓာတ်​ဆုံးရှုံး​စေနိုင်သလို ဗီတာမင်နဲ့သတ္တုဓာတ်​တွေကိုပါ ဆုံးရှုံးသွား​စေနိုင်ပါတယ်။

၈။ အိပ်မ​ပျော်ခြင်း

ညဘက် ​ကော်ဖီ​သောက်လို့ အိပ်မ​ပျော်တာမျိုး​တွေ ခံစားဖူးကြမယ်ထင်ပါတယ်။ ကဖင်းဓာတ်ဟာ အိပ်ချင်စိတ်ကိုဖြစ်​​ပေါ်​စေတဲ့ Adenosine ကို တားဆီးခြင်းအားဖြင့် အိပ်မ​ပျော်တာမျိုး​တွေ ဖြစ်​စေနိုင်ပါတယ်။

၉။ ​ခေါင်းကိုက်ခြင်း

ကဖင်းဓာတ်ဟာ ဦး​နှောက်ကိုတက်ကြွ​အောင် လှုံ​ဆော်​တာ​ကြောင့် ဒဏ်ဖြစ်ပြီး ခေါင်းကိုက်တာမျိုး​တွေလည်း ကြုံ​တွေ့ရနိုင်ပါတယ်။

၁၀။ ထင်​​ယောင်ထင်မှားဖြစ်ခြင်း

ကဖင်းဓာတ်ဟာ Adrenaline ​ဟော်မုန်းကို မြင့်တက်​စေတာ​ကြောင့် တစ်ခါတစ်ရံ ထင်​ယောင်ထင်မှားဖြစ်တာ​တွေ ခံစားရ​စေနိုင်ပါတယ်။

၁၁။ စွဲလမ်းခြင်း

ကဖင်းဓာတ်ဟာလည်း အရက်ကဲ့သို့ စွဲလမ်းခြင်းကိုဖြစ်​ပေါ်​စေနိုင်ပါတယ်။ ​ကော်ဖီ​သောက်မှ အလုပ်လုပ်နိုင်တာ၊ ​ကော်ဖီ​သောက်မှ စိတ်ကြည်လင်လန်းဆန်းတာ စတာ​တွေဟာ ​ကော်ဖီစွဲလမ်း​နေမှုဘဲဖြစ်ပါတယ်။

၁၂။ ​သွေးတိုးခြင်း

​ကော်ဖီအလွန်အကျွံ​သောက်ခြင်း​ကြောင့် ​သွေးတိုး​စေနိုင်တယ်ဆိုတာကို လူသိနည်းကြပါတယ်။ ကဖင်းဓာတ်​ကြောင့် မြင့်တက်လာတဲ့ Adrenaline ​ဟော်မုန်းဟာ ​သွေး​တိုးခြင်းကို ဖြစ်​ပေါ်​စေနိုင်ပါတယ်။

၁၃။ အစာအိမ်အနာဖြစ်​စေခြင်း

ကဖင်းဓာတ်ဟာ အစာ​ခြေစနစ်ကို လျင်မြန်​စေပါတယ်။ အစာ​ခြေတာမြန်လွန်းတဲ့အခါ အက်စစ်ဓာတ်များတဲ့အစာ​တွေဟာ အစာအိမ်တစ်​လျှောက် လျင်မြန်စွာဖြတ်သန်းရတဲ့အတွက် ဒဏ်ဖြစ်ပြီး အစာအိမ်အနာ​တွေ ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။

၁၄။ နှလုံးရပ်ခြင်း

​ကော်ဖီအလွန်အကျွံ​သောက်ခြင်း​ကြောင့် နှလုံးအားနည်းသူ​တွေမှာ အခန့်မသင့်ရင် နှလုံးရပ်သွား​စေတတ်ပါတယ်။ ကဖင်းဓာတ်က နှလုံး​သွေး​ကြောအဖွဲ့အစည်းကို လှုံ့​ဆော်တဲ့အပြင် ​အလွန်အမင်းသွေးတိုးခြင်းကိုလည်း ဖြစ်​ပေါ်​စေတာ​ကြောင့် နှလုံးရပ်​စေနိုင်ခြင်းဖြစ်ပါတယ်။ ဒီလို နှလုံးရပ်တာမျိုးက​တော့ ရာခိုင်နှုန်း အလွန်အမင်းနည်းပါးပါတယ်။

၁၅။ သတိ​မေ့​မျောနိုင်ခြင်း

​ကော်ဖီအလွန်အကျွံ​​သောက်တဲ့အခါမှာ ကဖင်းအဆိပ်တက်ခြင်း ဖြစ်​ပေါ်လာနိုင်ပါတယ်။ ဒီလို အဆိပ်တက်တဲ့အခါမှာ စိတ်ရှုပ်​​ထွေးတာ၊ သတိလစ်​မေ့​မျောတာ​တွေပါ ဖြစ်​ပေါ်လာတတ်ပါတယ်။

​အထက်ပါလက္ခဏာ​တွေဟာ ​ကော်ဖီအလွန်အကျွံ​သောက်ခြင်း​ကြောင့် ခံစားရနိုင်တဲ့ ​အ​ပျော့စားက​နေ အပြင်းဆုံးကျန်းမာ​ရေးပြဿနာအထိ​ ​ဖော်ပြထားခြင်းဖြစ်ပါတယ်။ တစ်​နေ့ကို ​ကော်ဖီ ၅ ခွက်ခန့်​ ​သောက်မိ​နေပြီဆိုပါက မိမိကျန်းမာ​ရေးအတွက် တဖြည်းဖြည်းချင်း လျှော့ချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။


#ကော်ဖီ
#ဆိုးကျိုး
#နှလုံး
#ခံစားရ
#ပြဿနာ

Some text some message..