
သွေးဥမွှားနည်းပါးခြင်းဆိုတာကို တော်တော်များများက လည်နေတတ်ပါတယ်။ သွေးဖြူဥနည်းတာလား၊ သွေးနီဥ နည်းတာလားဆိုပြီး ထပ်မေးတတ်ကြပါတယ်။ သွေးဥမွှားနည်းရောဂါက သွေးခဲစေတဲ့ ပစ္စည်းတွေမှာ အရေးပါတဲ့ သွေးဥမွှားအရေအတွက် ပုံမှန်ထက် များစွာလျော့နည်းနေတဲ့ ရောဂါဖြစ်ပါတယ်။ ကလေးရော လူကြီးမှာပါ ဖြစ်ပွားပြီး ကလေးတွေမှာတော့ အများအားဖြင့် ကုသရန် မလိုအပ်ဘဲ ပြန်ကောင်းသွားတတ်ကြ ပါတယ်။ လူကြီးတွေမှာ ဖြစ်လာရင် နာတာရှည်ရောဂါအဖြစ် ကျန်ရှိနေတတ်ပါတယ်။
သွေးဥမွှာနည်းခြင်းရဲ့ လက္ခဏာများ
အချို့သူတွေမှာ ရောဂါလက္ခဏာကို မတွေ့ရတတ်ပါဘူး။ လက္ခဏာတွေအနေနဲ့ တခုခုနဲ့ ထိခိုက်မိရင် အလွယ်တကူ သွေးချည်ဥခြင်း၊ အရေပြားတွင်း သွေးယိုစီးခြင်းကြောင့် အရေပြားပေါ်တွင် အနီစက်များပေါ်ခြင်း ( ခြေထောက်များတွင် အဖြစ်များပါတယ်။)၊ အနာဖြစ်ပါက သွေးတိတ်နှေးခြင်း၊ မကြာခဏ နှာခေါင်းသွေးယို တတ်ခြင်း၊ သွားဖုံးကို ထိခိုက်မိပါက အလွယ်တကူ သွားဖုံးသွေးယိုတတ်ခြင်း၊ ဆီးနှင့် ဝမ်းတွင် သွေးပါတတ် ခြင်း၊ ရာသီသွေးများခြင်း၊ မောပန်းလွယ်ခြင်း တို့ ဖြစ်တတ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းအရင်း
သွေးဥမွှားနည်းခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းက သေချာမသိရပါဘူး။ သွေးဥမွှားအရေအတွက် ပုံမှန်ထက် နည်းခြင်းကတော့ သွေးထွက်ခြင်း၊ အလွယ်တကူသွေးခြေဥခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သွေးဥမွှားနည်းရောဂါ ရှိတဲ့ ကလေးတွေမှာ ပါးချိတ်ရောင်ခြင်း၊ ဖျားနာခြင်းကဲ့သို့သော ဗိုင်းရပ်စ်ပိုးဝင်တဲ့ ရောဂါလက္ခဏာမျိုးတွေ ပေါ်လာတတ်ပါတယ်။ အချို့သူတွေကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်တတ်ပါတယ်။
ဘယ်လိုသူတွေမှာ အဖြစ်များလဲ
အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အမျိုးသမီးများ၊ ပါးချိတ်ရောင်သူများ၊ ဝက်သက်နဲ့ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးဝင်သူတွေမှာ ပိုအဖြစ်များပါတယ်။

နောက်ဆက်တွဲပြဿနာများ
နောက်ဆက်တွဲ ပြဿနာတွေအနေနဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ သွေးယိုခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်းတို့ကြောင့် အသက်ဆုံးရှူံးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွေးတွင်း ခုခံအား Antibodies များ မွေးဖွားချိန်တွင် အချင်းမှတဆင့် ဖြတ်ကာ ကလေးထံသို့ရောက်ရှိပြီး ကလေးတွင်ပါ သွေးဥမွှားအရေအတွက်နည်းစေပါတယ်။ မိခင်မှာ သွေးဥမွှားအရေအတွက် အလွန်နည်းပါးပါက ကလေးမွေးဖွားချိန်တွင် သွေးအလွန်အကျွံထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ
အထက်ပါ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားလျှင်သော်လည်းကောင်း သံသယရှိလို့ မေးစရာ ရှိရင်သော်လည်းကောင်း ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွှေးသင့်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးမှာ ဖြစ်ပွားမှု ခြင်းမတူတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်တာကသာ အကောင်းဆုံးဖြစ်ပါတယ်။

ဘယ်လို စစ်ဆေးမလဲ
ဆရာဝန်နှင့် ပြသကာ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ ဒါအပြင် သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှား အရေအတွက်ကို စစ်ဆေးခြင်း ( Complete blood count and blood smear )၊ ရိုးတွင်းချဉ်ဆီထုတ်ယူ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ
ကလေးတွေမှာဖြစ်ရင် ကုသမှု ခံယူရန်မလိုဘဲ ပြန်ကောင်းသွားတတ်ကြပါတယ်။ ITP ဖြစ်နေတဲ့ ကလေးတွေက ၈၀% မှာ ၆ လအတွင်းပြန်လည်းပျောက်ကင်းသွားတတ်ကြပါတယ်။ နာတာရှည် ITP ဖြစ်နေတဲ့ကလေးများက နှစ်ပေါင်းများစွာ ကြာပါက ပျောက်ကင်းနိုင်ပါတယ်။ လူကြီးတွေမှာ ဖြစ်ရင် ရောဂါမပြင်းထန်ပါက သွေးဥမွှားပမာဏ ကိုစောင့်ကြည့်စစ်ဆေးရန်ပဲ လိုအပ်ပါတယ်။ လက္ခဏာပြင်းထန်ပါက လိုအပ်တဲ့ ဆေးဝါးများသောက်သုံးခြင်း၊ သွေးဥမွှားရဲ့ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေတဲ့ ဆေးဝါးတွေသုံးစွဲမှုကို ရပ်တန့်တာမျိုး ပြုလုပ်သင့်ပါတယ်။ အကယ်၍ သွေးဥမွှားဟာ အလွန်အမင်း နည်းပါးနေပါက သွေးသွင်းခြင်း (သို့) သွေးဥမွှားများ အစားပြန်သွင်းခြင်း ၊ မှားယွင်းနေသော ကိုယ်ခံအားကို ဖိနှိပ်အားနည်းစေသော ဆေးများဖြင့် အန်တီဘော်ဒီများကို လျော့ပါးစေခြင်းစတဲ့ ကုသတာမျိုးလုပ်ကြပါတယ်။
သောက်ဆေးတွေနဲ့ ထိန်းလို့မရတော့ဘူးဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ splenectomy လို့ခေါ်တဲ့ သွေးဆဲလ်တွေကို ဒိုင်ခံထိုင်ဖျက်နေတဲ့ သရက်ရွက်ကြီးကို အပြီးတိုင် ထုတ်လိုက်တာပါပဲ။ ဒီနည်းလုပ်လိုက်တာကြောင့် သွေးဆဲလ်တွေ မြန်မြန်ပြန်တက်လာတယ်ဆိုပေမယ့် တစ်ဘက်မှာလည်း သရက်ရွက်မရှိတော့တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်းများပါသေးတယ်။ ဒီတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဖြစ်နေတဲ့ ပြဿနာရယ် နောက်ဖြစ်လာမယ့် ဆိုးကျိုးတွေရယ်ကို သေချာချိန်ဆပြီးမှာ ကုသမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်နော်။