မေမေတို့ သိထားသင့်တဲ့ ကလေးမွေးပြီး ကလေးတွေ အသားဝါတာ ဘာကြောင့်လဲ
myanmaplatform.com
|
2022-02-16

ကိုယ်ဝန်ဆောင်နေတဲ့ မေမေတိုင်းသိထားသင့်တဲ့အရာတွေထဲက တစ်ခုကတော့ ကလေးတွေ မွေးပြီးတဲ့ အချိန်မှာ ဘာကြောင့်အသားဝါတာလဲဆိုတာကို ကိုယ်ဝန်ဆောင်မေမေတိုင်းသိထားသင့်ပါတယ်နော်။ ကလေးမွေးပြီးတဲ့အချိန်မှာ ကလေးအသားကပန်းရောင်မသန်းဘဲ ဝါနေပြီဆိုရင် သေချာပါတယ် ကလေးမှာ အသားဝါတဲ့ ပြဿနာဖြစ်နေတာပါ။

 ဒါက ကလေးတော်တော်မျာများကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကလေးတော်တေ်ာများများက အချိန်မှီကုသလိုက်တဲ့အတွက် ဘာပြဿနာမှ မဖြစ်ပေမယ့် ပေါ့ဆလိုက် ရင်တော့ ကလေးအသားဝါတဲ့ ပြဿနာက ကလေးဉာဏ်ရည်မမှီတော့တဲ့ အထိဖြစ်သွားတတ်ပါတယ်။ 

အသားဝါ (Jaundice) တယ်ဆိုတာဘာလဲ

ဆေးပညာမှာခေါ်တဲ့ Jaundice ဖြစ်နေတယ်ဆိုတာ ကလေးအသားနဲ့ မျက်လုံးတွေဝါနေတာကို ဆိုလိုတာပါ။ ဒီလို အသားဝါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ကလေးသွေးထဲမှာ bilirubin တွေများနေတာ ကြောင့်ပဲဖြစ်ပါတယ်။


Bilirubin ဆိုတာဘာလဲ

ပုံမှန်ဆို သွေးတွင်းမှာရှိတဲ့သွေးနီဥဆဲလ်လေးတွေက သူ့သက်တမ်း ရက်ပေါင်း ၁၂၀ ကုန်တာနဲ့ အလိုလို ပေါက်ကွဲပျက်စီးပါတယ်။ Bilirubin ဆိုတာ အဲဒီ သွေးနီဥဆဲလ်လေးတွေ ပေါက်ကွဲရာက ထွက်လာတဲ့ အဝါရောင်ခြယ် ပစ္စည်းတွေဖြစ်ပါတယ်။ ဒီလို ထွက်လာတဲ့ Bilirubin တွေကို အသည်းက ခြေဖျက်ပေးပြီး သွေးကတစ်ဆင့် အူထဲပို့ကာ ဝမ်းနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ်။

မွေးကင်းစကလေးတွေက ဘာကြောင့် အသားဝါတတ်တာလဲ

မွေးကင်းစကလေးတွေရဲ့ အသည်းက လူကြီးတွေလို ကောင်းကောင်းအလုပ်မလုပ်သေးနိုင်တာကြောင့် သွေးတွင်းမှာ Bilirubin တွေစုပုံလာပြီး ကလေးတွေ အသားဝါရတာဖြစ်ပါတယ်။ ရက်ကြာလာတဲ့အမျှ ကလေးရဲ့ အသည်းက ပုံမှန်လည်ပတ်နိုင်လာတာကြောင့် အသားဝါတဲ့ ပြဿနာဟာ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဆေးကုသမှု ခံယူဖို့လိုအပ်တဲ့ တစ်ချို့ အသားဝါတဲ့ ပြဿနာတွေလည်းရှိပါတယ်။ ဒါကြောင့် ကလေး အသားဝါပြီဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မပေါ့ဆသင့်ပါဘူး။


ကလေးတွေမှာ Jaundice အသားဝါခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ 

Jaundice မှာ physiological (ပုံမှန်ဖြစ်နေကျ) နဲ့ pathological ( ရောဂါအခံတစ်ခုခုကြောင့်) jaundice ဆိုပြီး နှစ်မျိုးရှိပါတယ်။ physiological jaundice ဖြစ်ရတဲ့ အကြောင်းကတော့ ကလေးရဲ့ သွေးနီဥဆဲလ်တွေဟာ လူကြီးတွေထက်ပိုများနေတတ်ပြီး သက်တမ်းကလည်း တိုတဲ့အတွက် သူတို့ ပေါက်ကွဲရာကနေ bilirubin တွေ ထွက်လာတာကြောင့်ပါ။ physiological jaundice ကို မွေးပြီး ၂ ရက်လောက်မှ စတွေ့ရတတ်ပြီး ကလေးအသက် ၂ပတ်လောက်ကြာရင် ပြန်ကောင်းသွားလေ့ရှိပါတယ်။

ဘယ်လို ကလေးတွေက အသားဝါတဲ့ ပြဿနာပိုဖြစ်နိုင်သလဲ 

နေ့မစေ့ လမေစ့မွေးတဲ့ကလေးတွေ အသည်းက bilirubin ထုတ်ဖို့ အဆင့်သင့်မဖြစ်သေးတာကြောင့် အသားဝါ ဖြစ်တတ်ပြီး မိခင်နဲ့ ကလေး သွေးအုပ်စု မတူတဲ့အခါ antigen နဲ့ antibodies တွေတိုက်ပြီး သွေးနီဥတွေ ပျက်စီးရာကနေ bilirubin တွေထွက်လာပြီး အသားဝါတတ်ပါတယ်။ အပေါင်းသွေး အနှုတ်သွေး ကွဲပြားနေတာကလည်း အသားဝါစေတဲ့အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။ Hereditary spherocytosis နဲ့ G6PD deficiency တို့လို မျိုးရိုးဗီဇ ပြဿနာတွေဟာလည်း ကလေးတွေမှာ အသားဝါခြင်းကိုဖြစ်စေတဲ့ အကြောင်းအချက်တွေပါ။ (polycythemia) လို့ခေါ်တဲ့ သွေးနီဥဆဲလ်တွေများနေတဲ့ကလေးတွေ နဲ့ ညှပ်ဆွဲ၊ လေစုပ်မွေးတာကြောင့် ခေါင်းမှာ သွေးခြည်ဥ (cephalohematoma) ပြီးမွေးလာတဲ့ကလေးတွေ ဟာလည်း အသားဝါတဲ့ ပြဿနာခံစားရလေ့ရှိတဲ့သူတွေပါ။


Jaundice ရဲ့ လက္ခဏာတွေကဘာတွေလဲ 

Jaundice ဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့ အသားတွေက ဝါနေပါလိမ့်မယ်။ စစချင်းမှာ မျက်နှာကစပြီး ရင်ဘတ်၊ ဗိုက်နဲ့ ခြေထောက်ဆီကို တဖြည်းဖြည်း အဝါပြန့်သွားပါလိမ့်မယ်။ ကလေးရဲ့ မျက်လုံးအဖြူသားနေရာမှာလည်း ဝါနေတတ်ပါတယ်။ သွေးတွင်းမှာ bilirubin အများကြီးရှိပြီး ဝါထိန်နေတဲ့ကလေးတစ်ယောက်ဟာ တစ်ချိန်လုံး အိပ်ချင်နေတတ်ပြီး၊ နုန်းနေမယ်၊ ကိုယ်လုံးကလည်း ပျော့ဖတ်နေတတ်ပြီး အစားကျွေးရလည်း ခက်နေပါလိမ့်မယ်။ အသားမဲတဲ့ကလေးတွေမှာဆို ဒီလို အသားဝါတာဟာ မသိသာဘဲဖြစ်နေတတ်ပါတယ်။ ဒါေ့ကြာင့် သေချာချင်ရင် အသားမဲတဲ့ကလေးတွေရဲ့ နဖူးနဲ့ နှာခေါင်းလေးကို လက်လေးနဲ့အသာလေးဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့အခါမှာ ဖိထားတဲ့ နေရာမှာ ဝါကျန်ခဲ့နေရင် သင့်ကလေးမှာ Jaundice ဖြစ်နေပါပြီ။ 

ဘယ်လို အချိန်ဆို ဆရာဝန်သွားပြသင့်လဲ 

အသားဝါတဲ့အပြင် ကလေးက ကိုယ်ပူမယ်၊ နို့လည်း ကောင်းကောင်းမစို့တော့ဘဲ တစ်ချိန်လုံး မှေးနေတတ်ပြီး လန်းဆန်းမှုလည်းမရှိတော့ဘူး၊ ဖြစ်နေတဲ့ အသားဝါတာကလည်း တဖြည်းဖြည်းပိုပိုဆိုလားပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။ 


Jaundice ဖြစ်နေကြောင်း ဘယ်လိုစမ်းသပ်သိရှိမှာလဲ 

ကလေးက အသားဝါနေမယ် သွေးတွင်း bilirubin ပမာဏကလည်း များနေမယ် ဆိုရင် ကလေးက Jaundice ဖြစ်နေပါပြီ။ သွေးထဲမှာ bilirubin အရမ်းများပြီး ဦးနှောက်ထဲ ရောက်သွားတဲ့အခါ ကလေး ဉာဏ်ရည်ကိုထိခိုက်သွားစေတာကြောင့် အသားဝါတဲ့ ပြဿနာဟာ မပေါ့ဆသင့်တဲ့ အရာတစ်ခုပါ။


အသားဝါတဲ့ Jaundice ပြဿနာကို ဘယ်လိုကုသနိုင်လဲ 

ကုသတဲ့နည်းတွေကတော့ အသားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း၊ သွေးတွင်း bilirubin ပမာဏနဲ့ ကလေးအသက်ပေါ်မူတည်ပြီးကွဲပြားလေ့ရှိပါတယ်။ ပုံမှန်ဖြစ်တတ်တဲ့ အသားဝါတဲ့ ပြဿနာကတော့ ကလေး အသက် ၂ ပတ်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတဲ့အတွက် ထူးထူးခြားခြား ဆေးကုသမှုတွေ မလိုပါဘူး။ ကလေးကို မိခင်နို့များများတိုက်သင့်ပြီး မိခင်နို့မထွက်တဲ့ကိစ္စတွေမှာဆို ဆရာဝန်တွေက အခြားဖြည့်စွက် အာဟာရ နို့မှုန့်တွေ တိုက်ဖို့ ညွန်ကြားပါလိမ့်မယ်။ ပြင်းထန်တဲ့ အသားဝါတဲ့ ပြဿနာတွေမှာတော့ ကုသမှုကို တတ်နိုင်သမျှ စောစာခံယူဖို့ လိုအပ်ပါတယ်။


ရေဓါတ်ခမ်းခြောက်ခြင်း

အရည်များများဝင်အောင်တိုက်ပါ။ ရေဓါတ်ခမ်းခြောက်ခြင်းက bilirubin ပမာဏကို ပိုမြင့်တက်စေပါတယ်။ 


ကလေးကို မီးပြခြင်း

 ဖန်ပေါင်းချောင်ထဲမှာ ကလေးကိုထည့်ထားပြီး အဝတ်နည်းနည်းလေးပဲပေးဝတ်ထားကာ အလင်းရောင်နဲ့ ကလေးအသားကို များများထိစေတဲ့ ကုသနည်းပါ။ ဒီနည်းက သွေးထဲမှာရှိနေတဲ့ bilirubin ကို ပိုပြီးစွန့်ထုတ်ရလွယ်တဲ့ ပုံစံအဖြစ်ပြောင်းစေတာကြောင့် သွေးထဲက bilirubin ပမာဏတွေ မြန်မြန် လျော့ကျသွားမှာ ဖြစ်ပါတယ်။


သွေးလဲခြင်း 

ဒါကတော့ မီးပြတာနဲ့ မသက်သာတဲ့ကလေးတွေကို ကုသတဲ့နည်းဖြစ်ပါတယ်။ bilirubin များနေတဲ့ကလေးတွေကို သွေးဖောက်ထုတ်ပြီး အခြားသွေးတွေ ပြန်ထည့်ပေးတဲ့ ကုသနည်းပါ။ သွေးလှယ်လိုက်တဲ့ သဘောပေါ့။ 


Intravenousimmunoglobulin(IVIg) သွင်းခြင်း 

ဒါကတော့ မိခင်နဲ့ ကလေး သွေးအုပ်စုခြင်း မတူလို့ ဖြစ်တဲ့ အသားဝါခြင်းကို ဖြေရှင်းတဲ့နည်းဖြစ်ပါတယ်။ immunoglobulin ကို ကလေးသွေးကြော ထဲထည့်လိုက်ပြီး antigens antibodies အချင်းချင်း တိုက်တာကို လျှော့ချပေးတဲ့ သဘောပါ။ဒါကြောင့် ကိုယ့်ကလေးက မွေးပြီး သိပ်မကြာခင် အသားဝါလာပြီ၊ ၂ပတ်ကျော်တဲ့ အထိလည်း မပျောက်ဘူး ဆိုရင်တော့ ကလေးရဲ့ သည်းခြေလမ်းကြောင်း၊ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာနဲ့ အခြား ပြဿနာ တွေဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ်။


#မိခင်
#ပြဿနာ
#အချိန်
#ဆရာဝန်
#ကုသ

Some text some message..