အဆစ်အမြစ်ရောင်တိုင်း လေးဖက်နာလား
ondoctor.com.mm
|
2022-02-17

လေးဖက်နာရောဂါကို အကြမ်းအားဖြင့်သုံးမျိုး ခွဲခြားနိုင်ပါတယ်။

၁။ အရေပြားလေးဖက်နာ (Systemic Lupus Erythematosus)

၂။ သွေးလေးဖက်နာ (Rheumatoid Arthritis)

၃။ ပိုးလေးဖက်နာ (Rheumatic Fever)

အရေပြားလေးဖက်နာ (Systemic Lupus Erythematosus)

ဒီရောဂါဟာ မိမိရဲ့ကိုယ်ခံအားစနစ်က ထကြွလာပီး ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေကို သူ့အလိုလိုသွားရောက် တိုက်ခိုက်ခြင်းကြောင့်ဖြစ်ရတာပါ။ ဖြစ်ပွားနိုင်တဲ့ ရာခိုင်နှုန်းအနေနဲ့ကတော့ အမျိုးသမီးငယ်တွေမှာ အမျိုးသားတွေထက် ဖြစ်နိုင်ခြေ ၉ ဆပိုများပါတယ်။ ဒါ့ပြင် ကိုယ်၀န်ဆောင်မိခင်မှတစ်ဆင့်လည်း သူ့ရဲ့သန္ဓေသားကို ကူးစက်နိုင်ပါတယ်။ ဒီရောဂါဝေဒနာရှင်ကိုယ်၀န်ဆောင်သည်တွေအနေဖြင့် သာမန်ထက်ပိုပီး ကိုယ်၀န်ပျက်ကျနိုင်ခြေ ပိုများပါတယ်။

ရောဂါလက္ခဏာအနေနဲ့ကတော့ –

၁။ အဆစ်အမြစ်များ ရောင်ရမ်းပီး နာကျင်ကိုက်ခဲခြင်း(အထူးသဖြင့် လက်ချောင်းလေးများနှင့် လက်ကောက်၀တ်အဆစ်)

၂။ သာမန်ထက် အရိုးကျိုးလွယ်ခြင်း

၃။ ရင်ဘတ်အောင့်ခြင်းနှင့် မကြာခဏ ဖျားနာခြင်း

၄။ ပါးစပ်တွင် အနာများပေါက်ခြင်း

၅။ ဆံပင်များကျွတ်ခြင်းနှင့် မျက်နှာတွင် လိပ်ပြာပုံအနီကွက် ပေါ်လာခြင်း

၆။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် အလွယ်တကူမောပန်းလွယ်ခြင်း

၇။ နှလုံး၊ အဆုတ်နှင့် ကျောက်ကပ်များကို ရောင်ရမ်းစေပီး ၎င်းတို့၏ ပုံမှန်လုပ်ငန်းဆောင်တာများကို အဟန့်အတားဖြစ်စေပါတယ်။

သွေးလေးဖက်နာ (Rheumatoid Arthritis)

ဒီရောဂါဟာကလည်း အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပါတယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကတော့ အရေပြားလေးဖက်နာလိုဘဲ မိမိရဲ့ကိုယ်ခံအားစနစ်က ထကြွပီး အဆစ်အမြစ်တွေကို သွားရောက်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ရောဂါဖြစ်နိုင်ခြေ ပိုများစေတဲ့ အကြောင်းရင်းများကတော့ မိသားစုမှာရောဂါရာဇ၀င်ရှိခြင်း၊ ဗိုက်တာမင် ဒီ ချို့တဲ့ခြင်း၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုများခြင်းနှင့် ပတ်၀န်းကျင်ညစ်ညမ်းခြင်း တို့ကြောင့်ဖြစ်စေပါတယ်။ ရောဂါလက္ခဏာတွေကတော့ –

၁။ အဆစ်အမြစ်များ ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်း( အထူးသဖြင့် တံတောင်ဆစ်၊ ဒူးခေါင်းနှင့် ခြေကျင်း၀တ်အဆစ်များ)

၂။လက်ချောင်းများ တောင့်တင်းပြီး အကွေးအဆန့် ခက်ခဲခြင်းနှင့် အချိန်ကြာလာတာနဲ့အမျှ လက်ချောင်းပုံသဏ္ဌာန်များ ပျက်ယွင်းလာခြင်း

၃။ မောပန်းလွယ်ခြင်း၊ မကြာခဏဖျားခြင်း၊ ကိုယ်အလေးချိန်လျော့နည်းလာခြင်း

၄။ အရေပြားတွင်အဖုအလုံးလေးများပေါ်လာခြင်း

ပိုးလေးဖက်နာ (Rheumatic Fever)

ဒီရောဂါအဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ အာသီးရောင်ခြင်းကိုဖြစ်စေတဲ့ ရောဂါပိုးတစ်မျိုးက ကိုယ်ခန္ဓာထဲကိုဝင်ရောက်လာတဲ့အတွက် ဖြစ်စေတာပါ။ ရောဂါပိုးဝင်တဲ့လက္ခဏာတွေကတော့ လည်ချောင်းနာမယ်၊ အာသီးရောင်မယ်စတာတွေ ခံစားရပါမယ်။ အဲ့အချိန်မှာ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်က ASO လို့ခေါ်တဲ့ ခုခံအားတစ်မျိုးကိုထုတ်ပီးတော့ အပြင်ကဝင်လာတဲ့ရောဂါပိုးကိုတိုက်ခိုက်ပါတယ်။ ဒါပေမဲ့ ခုခံအားစနစ်က ပိုးကိုတိုက်ထုတ်ရင်းနဲ့ ကိုယ်ခန္ဓာရဲ့အဆစ်များနဲ့ အခြားနေရာများကိုပါ သွားတိုက်ခိုက်မိတဲ့အတွက် အဆစ်အမြစ်တွေပါ ရောင်ရမ်းနာကျင်လာပါမယ်။ ရောဂါလက္ခဏာတွေကတော့ –

(၁) အဆစ်အမြစ်တွေရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်း( အထူးသဖြင့် အဆစ်ကြီးတွေဖြစ်တဲ့ တံတောင်ဆစ်၊ ဒူးခေါင်းနဲ့ ခြေကျင်း၀တ်အဆစ်များ) နာလေ့ရှိပါတယ်။ အဆစ်ပေါ်ကအရေပြားပါ ရောင်ပြီးနီလာနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့တစ်ဆစ်ပီးမှ တစ်ဆစ်ကူးပြောင်းပြီးနာလေ့ရှိပါတယ်။

(၂) နှလုံးရောင်ရမ်းခြင်းနှင့် ရင်တုန်ခြင်း၊ မောခြင်း၊ အသက်ရှူကျပ်ခြင်း

(၃) မူမမှန်သည့်ကိုယ်ခန္ဓာလှုပ်ရှားမှုများရှိခြင်း( ခြေလက်များထိန်းချုပ်၍မရဘဲ သူ့အလိုလိုလှုပ်ရှားနေခြင်း)

(၄) အရေပြားတွင် အနီကွက်များ၊ အနီရောင်အစက်များ ပေါ်ခြင်း

(၅) အရေပြားအောက်တွင် အဖုလေးများ ထွက်လာခြင်းတို့ပဲဖြစ်ပါတယ်။

Dr. KTZ


#အမျိုးသမီး
#အရေပြား
#လက္ခဏာ
#ရောဂါ
#ရောင်ရမ်း

Some text some message..