
အရေပြားမှာ အကွက်လိုက်ဖြစ်ကာ ရောင်ရမ်းပြီး ယားယံတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ အဓိက ဖြစ်ရတဲ့ အကြောင်းရင်းက ပတ်ဝန်းကျင်မှာ မိမိနဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတစ်ခုခုရဲ့ တုန့်ပြန်မှုကြောင့် (allergic rection) ဖြစ်လာတာပါ။ တစ်ယောက်နဲ့ တစ်ယောက်က ဓာတ်မတည့်တာက တူညီလေ့ မရှိကြ ပါဘူး။ ဒါကြောင့် မိမိနဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေ ကဘာလဲဆိုတာ သိဖို့ ခက်ခဲပါတယ်။
ဘယ်လိုအရာတွေက allergic rection ဖြစ်တတ်သလဲ
တစ်ယောက်နဲ့ တစ်ယောက် allergic rection မတူတတ်ကြပါဘူး။ ဘယ်လိုအရာတွေက allergic rection ဖြစ်စေသလဲဆိုတော့ (၁) ဖုန်မှုန့် (dust) (၂) အိပ်ယာ၊ ခေါင်းအုံး၊ မွေ့ယာ၊ ခြင်ထောင် စသည်များ (၃) အိမ်၊ ရုံး၊ ကျောင်း စသည့် အဆောက်အဦမှာ အသုံးပြုထားသောပစ္စည်းများ ဥပမာ - ကြမ်းခင်းကော်ဇော၊ နံရံသုတ်ဆေးများ (၄) နေ့စဉ်အသုံးပြုသော အသုံးအဆောင်ပစ္စည်းများ(ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျှော် ဆပ်ပြာ၊ ပိုးသတ်ဆေး (insecticide) များ)၊ (၅) အိမ်မွေးတိရစ္ဆာန်များ ကြောင်၊ ခွေး (၆) အချို့သော အစားအစာများ လုံးဝကင်းစင်အောင်လုပ်ဖို့ မဖြစ်နိုင်ပေမယ့် နည်းအောင်လုပ်လို့တော့ ရပါတယ်။ ဖုန်ဆိုတာက သာမာန်လူကောင်းတောင် ထိတွေ့ရင် ယားယံတတ်တဲ့သဘောရှိပါတယ်။ နှင်းခူရောဂါရှိသူတွေဆိုတော့ ပိုဆိုးတာပေါ့။
ဘယ်လိုတွေ သတိထားပြင်ဆင်သင့်သလဲ
နှင်းခူဖြစ်နေတဲ့သူတွေ အဓိက သတိထားသင့်တာကတော့ မိမိအိမ်၊ရုံး၊ ကျောင်းစတဲ့ပတ်ဝန်းကျင်မှာ အထူးသဖြင့် မိမိနဲ့ထိတွေ့တဲ့ နေရာတွေမှာ သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ ကျောင်းသားဆိုရင် မိမိရဲ့ စာကြည့်စားပွဲ၊ စာအုပ်စင်စတာတွေကို ရေစိုအဝတ်လေးနဲ့ဖုန်သုတ်ပြီးမှ စာကြည့်တာမျိုး၊ ရုံးသမားဆိုရင်လည်း မိမိအလုပ်စားပွဲ၊ ကုလားထိုင်စတာ တွေကို နေ့စဉ် ရေစိုအဝတ်လေးနဲ့သုတ်ပြီးမှ အလုပ်လုပ်တာမျိုး ကိုဆိုလို တာပါ။ မိမိဝတ်တဲ့အဝတ်အစား ဆိုရင်လည်း နေ့စဉ်လျှော်ဖွတ်ပြီးဝတ်တာမျိုးကို ဆိုလိုတာပါ။ ဒီလိုမျိုး လုပ်လိုက်ရင် ဖုန်မှုန့်နဲ့ထိတွေ့မှု လျော့နည်းသွားလို့ allergic reaction တွေလည်း လျော့နည်းလာပြီး ရောဂါ လည်းသက်သာလာမှာ ဖြစ်ပါတယ်။ နှင်းခူဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ အိပ်ယာအသုံးအဆောင် ပစ္စည်းတွေကလည်း ပဓာနကျပါတယ်။ မွှေ့ယာ၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်စတာတွေဟာ ကြာရှည်သုံး တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ စွပ်တဲ့ ခေါင်းအုံးစွပ်၊ မွှေ့ယာစွပ်၊ အိပ်ယာခင်း၊ စောင်စွပ် စတာတွေကတော့ အလွယ်တကူလျော်ဖွတ် လို့ရတာမို့ မကြာခဏ လျော်ဖွတ်ပြီးမှ အသုံးပြုသင့်ပါတယ်။ ဒီလိုဂရုစိုက်လုပ် ခဲ့ရင်တော့ ရောဂါသက်သာပျောက်ကင်းဖို့ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။

နှင်းခူဖြစ်တဲ့သူတွေအတွက် ဘာကအရေးကြီးသလဲ
နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်းတွေထဲမှာ အရေးအကြီးဆုံးကတော့ ဆပ်ပြာ ဖြစ်ပါတယ်။ ဆပ်ပြာဆိုရာမှာ ရေချိုးရင်သုံးတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာပစ္စည်းတွေညစ်ပေရင် ချေးချွတ်တဲ့ဆပ်ပြာစသည်ဖြင့် အားလုံးပါပါတယ်။ နှင်းခူဖြစ်နေတဲ့သူတွေအနေနဲ့ ဖြစ်တဲ့နေရာကို ဆပ်ပြာရေ မထိတွေ့တာအကောင်းဆုံး ဖြစ်ပါတယ်။ ထိတွေ့ရင် အရေပြားပိုပျက်စီးပြီး ပိုဆိုးလာတတ်ပါတယ်။

နှင်းခူက ခွေး၊ ကြောင်တွေကြောင့်ဖြစ်တတ်သလား
အချို့နှင်းခူရောဂါတွေဟာ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြောင်တို့ခွေးတို့နဲ့ ပတ်သက်နေလေ့ ရှိပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့လူငယ်တွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ကလေးတွေဆိုရင် ကြောင်ကိုချစ်တော့ ညအိပ်ယာထဲအထိ အတူသိပ်လေ့ရှိပါတယ်။ အဲဒီတော့ ကြောင်ကနေ ကြောင်သန်း၊ လှေးလေးတွေဟာ ကလေးဆီကိုရောက်ပြီး allergic reaction ရစေနိုင်သလို ကြောင်ရဲ့အမွှေးတွေကလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိမ်ကမိသားစုဝင်တစ်ယောက်ယောက် နှင်းခူရောဂါရှိနေပြီဆိုရင် အိမ်မွေးတိရစ္ဆာန်တွေမမွေးတာ အကောင်းဆုံးပါပဲ။

နှင်းခူရောဂါ ဖြစ်စေတဲ့ ပိုဆိုးစေတဲ့ အစားအစာ
နှင်းခူရောဂါ ကိုဖြစ်စေတဲ့ပိုဆိုးစေတဲ့အစားအစာတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ကွဲပြား လေ့ရှိပါတယ်။ ဘယ်အစားအစာတွေဖြင့် နှင်းခူရောဂါဖြစ်စေတယ်ဆိုပြီး ပြောလို့တော့မရပါဘူး။ များသော အားဖြင့်တော့ Protein ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ပဲမျိုးစုံ၊ အသား ငါး၊ ပုဇွန်နဲ့ အဲဒီပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေ ဖြစ်လေ့ရှိပါတယ်။ ရောဂါဖြစ်သူတွေအနေနဲ့ ဘယ်အစားအစာစားရင် နှင်းခူဟာ ပွလာပြီးပိုဆိုးလာတာတို့ ပိုယားလာတာတို့ရှိရင် အဲဒီအစားအစာကို ရှောင်ရပါမယ်။

နှင်းခူရောဂါကို သက်သာပျောက်ကင်းစေရာမှာ အထောက်အကူပြုတဲ့ အစားအစာ
နှင်းခူရောဂါကို သက်သာပျောက်ကင်းအောင် ကူညီပေးတဲ့အစားအစာတွေဖြစ်ပါတယ်။ အဲဒါတွေကတော့ (၁) Essential Fatty Acid (EFA) ဥပမာ Omega-3 တို့Omega-6 တို့ ဖြစ်ပါတယ်။ သုတေသနပြုချက်အရ နှင်းခူရောဂါရှိသူတွေဟာ EFA တွေချို့တဲ့နေတာ တွေ့ရပါတယ်။ သူဟာ အရေပြားပုံမှန်တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့အာဟာရဓာတ် ဖြစ်ပါတယ်။ များသောအားဖြင့် ငါးရဲ့အဆီတွေမှာ အခွံမာအသီးတွေရဲ့အစေ့တွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် နှင်းခူရောဂါရှိသူတွေအနေနဲ့ အဆီများတဲ့ငါးတွေဖြစ်တဲ့ ငါးဒန်တို့ ငါးကြင်းတို့စားပေးသင့်ပါတယ်။ အခွံမာတဲ့အသီးအစေ့တွေဖြစ်တဲ့ သစ်ကြားသီးတို့ Almond စေ့တို့ကိုလည်း စားပေးသင့်ပါတယ်။ တကယ်လို့မစားဖြစ်ခဲ့ရင်တော့ Omega-3 ပါတဲ့ဆေးတွေ ငါးကြီးဆီတွေ သောက်ရင် လည်းအကျိုးရှိပါတယ်။ (၂) ဗီတာမင်ဘီအုပ်စုကြွယ်ဝတဲ့အစားအစာတွေ အထူးသဖြင့်B2, B6 နဲ့ B12 ကြွယ်ဝတဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။
B2 နဲ့ B6 ကြွယ်ဝတဲ့အစားအစာတွေကတော့ အသီးအရွက် တွေဖြစ်ပြီး B12 ကြွယ်ဝတဲ့အစားအစာကတော့ တိရစ္ဆာန်တွေရဲ့အသည်း ဖြစ်ပါတယ်။ ဥပမာ အမဲအသည်း လိုမျိုးပါ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B အုပ်စုချို့တဲ့ရင် နှင်းခူရောဂါပိုဆိုးလာတတ်လို့ပါပဲ (၃) Probiotic ကြွယ်ဝတဲ့အစားအစာ ဥပမာ ဒိန်ချဉ်လိုဟာမျိုးကို မကြာမကြာစားပေးသင့်ပါပါတယ်။ သူ့ကိုစားရင် အူထဲမှာ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ဘက်တီးရီးယားတွေပွားလာလို့ ခန္ဓာကိုယ်ခုခံအား စနစ်ကိုတိုးတက် ကောင်းမွန်စေတဲ့အပြင် Allergic reaction တွေကိုလည်း လျော့နည်းစေနိုင်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် မိခင်လုပ်သူကိုယ်ဝန်ဆောင်စဉ်မှာ Probiotic များများစားခဲ့ရင် မွေးလာတဲ့ကလေးမှာ eczema ဖြစ်ဖို့ အလားအလာအလွန်နည်းတယ်လို့ သုတေသနစာတမ်းတွေက ဆိုပါတယ်။

နှင်းခူအမျိုးအစားဘယ်နှစ်မျိုးရှိလဲ
နှင်းခူအမျိုးအစား(၄) မျိုးရှိပါတယ်။ (၁) Atopic eczema ကတော့ တစ်နှစ်အောက်ကလေးတွေမှာ စဖြစ်လေ့ ရှိပြီး အသက်(၁၅)နှစ် (၂၀)လောက်အထိ ဖြစ်လိုက်ပျောက်လိုက် ဖြစ်လေ့ရှိပါတယ်။ ယားလာတတ်ပါတယ်။ များသောအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ dust mite နဲ့ pollen တွေနဲ့ထိတွေ့ပြီး ခန္ဓာကိုယ်ထဲ IgE လို့ခေါ်တဲ့ antibody တွေထွက်လာလို့ ဖြစ်ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကြပ်ရောဂါ (Asthma) တို့၊ အစာတွေနဲ့မတည့်တာ (Food allergy) တို့နဲ့ တွဲဖြစ်လေ့ရှိပါတယ်။ (၂) Allergic contact eczema ကတော့ မိမိနဲ့မတည့်တဲ့ ပစ္စည်းတစ်ခုခုနဲ့ထိတွေ့လို့ ဖြစ်ရတာဖြစ်ပါတယ်။ ထိတွေ့တဲ့နေရာမှာ အဓိကဖြစ်လေ့ရှိပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ (၃) Descoid eczema ဆိုတာကတော့ အကွင်းလိုက်အကွက်လိုက် ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ များသောအားဖြင့် ဖြစ်တဲ့နေရာမှာ အရေပြားဟာထူပြီး ရောင်နေတဲ့အပြင် အရေကြည်အိတ်လေးတွေနဲ့ စိုနေတတ်ပါတယ်။ ယားလဲအင်မတန် ယားပါတယ်။ (၄) Seborrhoeic eczema ဆိုတာက များသောအားဖြင့် ခေါင်းနှင့်မျက်နှာမှာ ဖြစ်တတ်ပါတယ်။ အချို့ပိုဆိုးရင် ရင်ဘတ်နဲ့ ပေါင်ကြားထဲ အထိ ဖြစ်တတ်ပါတယ်။

ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲ
အရေပြားဟာနီရဲပြီး အဖတ်လေးတွေ ကွာကျနေတတ်ပါတယ်။ ကလေးတွေမှာပိုဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်ပြသင့်သလဲ
အရေပြားနဲ့ပတ်သက်လာရင်တော့ စဖြစ်ကတည်းက ပြသင့်ပါတယ်။ ဒါမှ ဘာဖြစ်တာလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုဆေးဝါးတွေနဲ့ ကုသသလဲ
(၁) လိမ်းဆေးအနေနဲ့ Corticostenoid ပါတဲ့ cream တွေလိမ်းပေးရင် အရောင်ကျတာ မြန်ပါတယ်။ ထူနေတဲ့နှင်းခူတွေလည်း ပါးသွားနိုင်ပါတယ်။ သူ့ကိုလိမ်းတဲ့အခါ တောက်လျှောက်မလိမ်းဘဲ သက်သာတယ် ဆိုတာနဲ့ရပ်သင့်ရင်ရပ်ထားရပါမယ်။ နောက် antifungal cream အနေနဲ့ Fungal infection ရှိရင်တွဲသုံးနိုင်ပါတယ်။ သိပ်ယားတဲ့အခါမျိုးမှာ antihistamine cream တွေလိမ်းလို့ရပါတယ်။

(၂) သောက်ဆေးအနေနဲ့ Corticostenoid ပါတဲ့ သောက်ဆေးတွေ၊ Antifungal (ဥပမာ - nystatin)နဲ့ Antihistamine (ဥပမာ -Burmeton) တွေသုံးနိုင်ပါတယ်။ ညဘက်မှာ အိပ်လို့မရအောင်ယားနေရင်တော့ Antihistamine သောက်ဆေးကို ညအိပ်ခါနီးသောက်အိပ်တာ ကောင်းပါတယ်။