G6PD ချို့တဲ့ခြင်း (G6PD Deficiency)ဆိုတာက ဘာလဲ
myanmaplatform.com
|
2022-02-23

G6PD လို့ အတိုကောက်ခေါ်တဲ့ Glucose 6 Phosphate Dehydrogenase (G6PD) ဟာ သွေးနီဥတွေအလုပ် ကောင်းကောင်းလုပ်နိုင်အောင်ကူညီနေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ကမ္ဘာတဝန်းရှိလူပေါင်း ၄၀၀ မီလီယံခန့်ဟာ G6PD ချို့တဲ့မှုကို ခံစားနေရပါတယ်။

G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့အခြေအနေတခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ စစ်တမ်းများအရ အာဖရိကနှင့် မြေထဲပင်လယ်ဒေသမှာနေထိုင်တဲ့ လူတွေမှာပိုပြီး အဖြစ်များတယ် လို့သိရပါတယ်။

G6PD ရဲ့အရေးပါပုံ

ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အောက်စီဂျင်ရောက်ရှိအောင် သွေးနီဥတွေက လုပ်ဆောင်ပေးပါတယ်။ G6PD က သွေးနီဥတွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပြီး တခုခုမဖြစ်သွားအောင်လည်း အကာအ ကွယ်ပေးပါတယ်။

G6PD ချို့တဲ့လာပါက သွေးနီဥတွေကို အကာအကွယ် မပေးနိုင်တာကြောင့် သွေးနီဥတွေ ဖျက်ဆီးခံရပြီး အလုံအလောက်ပြန်မထုတ်ပေးနိုင်တဲ့အခါမှာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

G6PD ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ

G6PD ရှိတဲ့ မွေးကင်းစကလေးငယ်တွေမှာ အသားဝါဖြစ်နိုင်ပြီး မီးပြတဲ့နည်းဖြင့် ကုသနိုင်ပါတယ်။ များသော အားဖြင့် G6PD ရှိတဲ့ ကလေးငယ်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိဘဲ ရောဂါပိုး (ဗိုင်းရပ်စ်/ ဘက်တီးရီးယား) ကူးစက်ခံရခြင်း၊ ပဲကြားစားသုံးမိခြင်း၊ ပရုတ်လုံးအနံ့ရှုမိခြင်း၊ အချို့သောဆေးဝါး များသုံးစွဲမိခြင်းစတဲ့ အခြေအနေမှာ သွေးနီဥတွေ ယိုယွင်းပျက်ဆီးပြီး သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အသားအရေဖြူဖျော့ခြင်း၊ နုံးခွေခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှုမြန်ခြင်း၊ အသက်ရှုမဝခြင်း၊ မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ ခါးနာခြင်း၊ ဘေလုံးကြီးခြင်း၊ ဆီးအရောင်ရင့်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

အထက်ပါလက္ခဏာတွေ တွေ့ရှိပါက ဆရာဝန်နှင့်အမြန်ဆုံးပြသပါ။ G6PD ချို့တဲ့သူနဲ့ မတည့်တဲ့အရာတွေကို ဖယ်ရှားလိုက်တာနှင့် ရောဂါလက္ခဏာတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာလာမှာဖြစ်ပါတယ်။ G6PD ချို့တဲ့သော အခြေအနေရှိသူတယောက်အနေဖြင့် မိမိနှင့်မတည့်သော အစားအစာ၊ ဆေးဝါးတွေကို သိထားဖို့ လိုအပ်ပါတယ်။

G6PD ချို့တဲ့သောသူများရှောင်ကြည်ရမယ့်ဆေးဝါးများ

acetylsalicylic Acid ပါဝင်သောဆေးဝါးများ (ဥပမာ - Aspirin)၊ vitamin C လို့လူသိများတဲ့ Ascorbic Acid၊  chloramphenicol၊ chloroquine၊ dapsone၊  dimercaprol၊ doxorubicin၊ mepacrine၊ methylene blue၊  methyldopa၊ nalidixic acid၊  naphthalene၊ nitrofurantoin၊ phenazopyridine၊  primaquine၊ quinine၊  sulfacetamide၊ sulfadiazine၊ sulfamethoxazole (Co-trimoxazole, Septra)၊ sulfanilamide၊ sulfapyridine၊ sulfisoxazole (Pediazole)၊ toluidine blue  ဆေးဝါးကုသမှုခံယူရာမှာလည်း ဆေးရောင်း သူကိုဖြစ်စေ၊ ဆရာဝန်ကိုဖြစ်စေ၊ ကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုဖြစ်စေ မိမိမှာ G6PD ချို့တဲ့မှုရှိ ကြောင်းကြိုတင်ပြောပြထားပါ။ေ သွးနီဥတွေဖျက်ဆီးနှုန်းနဲ့ သောက်သုံးလိုက်တဲ့ဆေးဝါးပမာဏ ဆက်စပ် နေပါတယ်။ ပမာဏများလေလေ၊ သွေးနီဥ ပျက်စီးနှုန်းပိုများပြီး ပိုမိုပြင်းထန်လေဖြစ်ပါတယ်။

 G6PD ချို့တဲ့သူများနှင့် မတည့်သောအစားအစာများ


(၁)  Fava Beans အပါအဝင် အခြားသော ပဲတောင့်ရှည်များ

 ပဲလက်မ (Broad Bean)၊ တောင်ကြီးပဲ (Fava Bean)၊ ပဲပိစပ် (Soy bean) အပါအဝင် အခြားသော ပဲအမျိုးမျိုး ရှောင်ကြဉ်ပါ။


(၂)  Methol (ပရုတ်အေး)

 သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည် အပါအဝင် အခြားသောပရုတ်အေးပါသော အစားအစာများကိုလည်း သတိထားဆင်ခြင်သင့်ပါတယ်။ 

(၃)  လူတို့ဖန်တီးပြုလုပ်ထားသော ဆိုးဆေးများ

အပြာရောင်အပါအဝင် အစားအစာ ဆေးဆိုးရာမှာအသုံးပြုတဲ့ လူလုပ်အရောင်တွေကြောင့် သွေးနီဥတွေ ပျက်ဆီးနိုင်ပါတယ်။ နံနွင်း၊ စပျစ်သီး စတာတွေမှရရှိတဲ့ သဘာဝအရောင်တွေက ဘေးကင်းတာကြောင့် စိတ်ချစွာအသုံးပြုနိုင် ပါတယ်။


(၄) Ascorbic Acid (ဗီတာမင် C)

များသောအားဖြင့် အစားအစာနှင့် ဗီတာမင် ဖြည့်စွက်ဆေးတွေမှာ လူတွေပြုလုပ်ထားတဲ့ Artificial ဗီတာမင် C တွေ ပါဝင်နေပါတယ်။ အစားအစာအတော်များများမှာ ထည့်သွင်းအသုံးပြုကြတာကြောင့် သတိမထားမိလိုက်တဲ့အချိန်မှာပင် ခန္ဓာကိုယ်ထဲသို့ တော်တော်များများရောက်နေပြီဖြစ်ပါတယ်။ Artificial Vitamin C ပမာဏများများစားသုံးမိပါက သွေးနီဥတွေ ပျက်စီးခြင်းကိုဖြစ်စေပါတယ်။


(၅) အားဖြည့်ရေ (Tonic Water)

Tonic Water မှာ G6PD ချို့တဲ့မှုရှိသူတွေ ရှောင်ရှားရမယ့် guanine ပါဝင်နေတာကြောင့်ရှောင်ရှား ရမည့်အရာ ဖြစ်ပါတယ်။


(၆) Gluten free products (Gluten ပါဝင်မှုမရှိသော အစားအစာထုတ်ကုန်များ)

ဂလူတန် (Gluten) မတည့်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ အစားအစာတွေမှာ Favabeans ပါဝင်နေတတ် တာကြောင့် အစားအစာများကို မဝယ်ခင်နှင့် မစားသုံးခင်မှာ အညွှန်းကိုသေချာစွာဖတ်ပါ။


(၇) ကြက်ဟင်းခါးသီး

အလွယ်တကူဝယ်ယူရနိုင်ပြီး လူကြိုက်များတဲ့ကြက်ဟင်းခါးသီးဟာ G6PD ချို့တဲ့သူတွေအတွက်ကတော့ ရှောင်ကြဉ် ရမယ့်အစားအစာဖြစ်ပါတယ်။


(၈) ဗီတာမင် K

G6PD ရှိတဲ့ ကလေးငယ်တွေကို ဗီတာမင် K ပေးမိပါက သွေးနီဥများပျက်ဆီးခြင်း၊ ဦးနှောက်နှင့်အသည်းထိခိုက်ခြင်း နှင့် ပြင်းထန်ပါက အသက်အန္တရာယ်သေဆုံးခြင်းတို့ဖြစ်နိုင်ပါတယ်။


(၉) Sulfites နှင့် Sulfites ပါဝင်သော အစားအစာများ

Sulfites ကို အစားအစာအမျိုးမျိုးမှာ ထည့်သွင်းလေ့ရှိတာကြောင့် မဝယ်မီနှင့် မစားသုံးမီမှာ အညွှန်းစာရွက်ကို သေချာစွာဖတ်ဖို့လိုအပ်ပါတယ်။


(၁၀) တရုတ်တိုင်းရင်းဆေးများ

အထူးသဖြင့် Rhizoma Coptidis (huang Lien), Calculus Bovis (neu huaung), Flos Chimonanthi Praccocis (lch mci hua), Flos Ionicerae (Kam ngan fa), Margarita, Gan Cao (Licarice root) စတာတွေပါဝင်တဲ့ တရုတ်တိုင်းရင်းဆေးတွေဟာ G6PD ချို့တဲ့သူတွေရှောင်းရှားသင့်တဲ့အရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။


#အစားအစာ
#ခန္ဓာကိုယ်
#ရောဂါ
#အရာ
#ဗီတာမင်

Some text some message..