
မျက်ရိုးကိုက် ပြီဆိုရင် မျက်မှန်သမားကလည်း မျက်မှန်ပါဝါမကိုက်လို့ များလား၊ မျက်မှန်မတပ်တဲ့ သူကလည်း မျက်မှန်တပ်ဖို့ လိုနေတာများလားလို့ တွေးလေ့ရှိပါတယ်။ မျက်ရိုးကိုက်တယ်ဆိုတာက မျက်လုံးပတ်ချာလည်က ကြွက်သားတွေ ညောင်းညာလို့ ဖြစ်လာတာပါ။ ဒီလို ညောင်းညာစေတာက အကြောင်းရင်းတစ်ခုမကဖြစ်နိုင်ပါတယ်။
မျက်ရိုးကိုက်ခြင်းနဲ့ မျက်မှန်ပါဝါ
အသက်ကြီးလာတာနဲ့အမျှ မျက်လုံးက ကြွက်သားတွေ အားနည်းလာပြီး မျက်လုံးမှန်ဘီလူးက ငယ်ငယ်တုန်းကလို မဟုတ်တော့ပါဘူး။ ဒီတော့ တစ်ခုခုကို ကြည့်တဲ့အခါ အားစိုက်ကြည့်မှ သေချာမြင်ရပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါ မျက်လုံးကြွက်သားတွေ ညောင်းပြီး မျက်ရိုးကိုက်လာပါတယ်။ တစ်ခုခုကို ကြည့်တိုင်း အားစိုက်နေရတော့ အမြဲလိုလို မျက်ရိုးကိုက်လာတာပါတယ်။ ဒါကို သက်သာဖို့ ဆိုရင်တော့ မျက်မှန်ပါဝါကို ချိန်ညှိမှပဲ မျက်လုံးအားစိုက်ရတာ နည်းပြီး မျက်ရိုးကိုက်တာ သက်သာမှာပါ။

မျက်ရိုးကိုက်တိုင်း မျက်မှန်ပါဝါတိုးဖို့ လိုသလား
မျက်ရိုးကိုက်တိုင်း မျက်မှန်ပါဝါကြောင့်တော့လို့ တစ်ထစ်ချပြောလို့မရပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ မျက်စိအသုံးပြုပုံတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ ပြောရရင်ဖုန်းအပါအဝင် တီဗွီ၊ ကွန်ပျူတာ စတဲ့ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို ဆက်တိုက်ကြည့်တာ၊ မျက်လုံးအနားမပေးဘဲ စာဆက်တိုက်ဖတ်တာ၊ အာရုံစိုက်ရတဲ့ အလုပ်ကို အကြာကြီး လုပ်တာ (ဥပမာ ကားအကြာကြီးမောင်းတာ)၊ စူးရှတဲ့ အလင်းရောင်အောက်မှာ အလုပ်လုပ်တာ၊ မှိန်လွန်းတဲ့ အလင်းရောင်အောက်မှာ မျက်လုံးအားစိုက်ပြီး အလုပ်လုပ်တာ၊ နဂိုတည်းက မျက်လုံးရောဂါတစ်ခုခု ရှိတာ (ဥပမာ မျက်မှန်တပ်ရတာ)၊ စိတ်ဖိစီးမှုများပြီး ပင်ပန်းနေတာ၊ မျက်လုံးခြောက်သွေ့တာ (ဥပမာ အဲကွန်းခန်းမှာ အလုပ်လုပ်တာ၊ ပန်ကာတည့်တည့်မှာ အလုပ်လုပ်တာ)၊ မျက်ရိုးကိုက်သလို ခံစားရနိုင်တဲ့ ရောဂါများ၊ တစ်ခါတလေ မျက်လုံးကြောင့်မဟုတ်ဘဲ တခြားရောဂါကြောင့် မျက်ရိုးကိုက်သလို ခံစားရတာမျိုးလည်း ရှိပါတယ်။

မိုက်ဂရိန်း ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraines)
မျက်ရိုးကိုက်တာအပြင် ခေါင်းတွေထိုးကိုက်ပြီး အထိမခံနိုင်လောက်အောင် စိတ်တိုစိတ်ဆတ်ဖြစ်နေတယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရောဂါကျတော့ မျက်လုံးကို အနားပေးလိုက်ရင်တောင် မသက်သာပါဘူး။

Tension Headaches
Tension Headaches ဆိုတာက နဖူးရယ်၊ နောက်စေ့ရယ်မှာ တစ်ခုခုနဲ့ ဖိထားသလိုကိုက်နေတာပါ။ နဖူးပါတဲ့အတွက် မျက်ရိုးတွေနဲ့ မျက်လုံးနောက်တွေပါ တင်းပြီး ကိုက်နေတတ်ပါတယ်။

ပင်ပန်းတာ
အလုပ်တွေ ပင်ပန်းတာ၊ အိပ်ရေးပျက်တာ များလွန်းရင်လည်း မျက်လုံးက ဆက်မဖွင့်နိုင်လောက်အောင် အနားယူချင်နေပါပြီ။ ဒါကို အတင်းဆက်လုပ်မယ်ဆိုရင် မျက်လုံးအပါအဝင် တစ်ကိုယ်လုံး ညောင်းကိုက်နေမှာပါ။ တစ်ရေးလောက် အိပ်ရေးဝဝအိပ်လိုက်ရင် သက်သာသွားပါလိမ့်မယ်။

မျက်စိနာတာ
ဗိုင်းရပ်စ်ကြောင့် မျက်ဖြူသားရောင်တဲ့အတွက် မျက်လုံးက ပန်းရောင်လေး ဖြစ်နေပါတယ်။ အဖြစ်လည်း များပါတယ်။ ဒီရောဂါမှာဆိုရင်လည်း မျက်လုံးနဲ့ မျက်ခွံတွေ တင်းပြီး နာနေ၊ ယားနေတတ်ပါတယ်။

မျက်ရိုးကိုက်တဲ့အခါ
မျက်ရိုးကိုက်တာက ကြီးမားတဲ့ ကျန်းမာရေး အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမယ့် ခံစားရတဲ့ ဝေဒနာကတော့ ဆိုးလွန်းပါတယ်။ မျက်လုံးတွေ ပူပြီး ယားနေတာ၊ မျက်ရည်ပူတွေကျတာ၊ မျက်လုံးခြောက်ပြီး ခိုးလိုးခုလု ဖြစ်နေတာ၊ အမြင်တွေဝါးပြီး နှစ်ထပ်မြင်လာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ အလင်းရောင် မခံနိုင်တာ၊ အာရုံစူးစိုက်မရတာ၊ မျက်လုံး မဖွင့်နိုင်လောက်အောင် ကျိန်းစပ်နေတာ စတာတွေ ခံစားရနိုင်ပါတယ်။

မျက်ရိုးကိုက် သက်သာအောင် ဘာလုပ်နိုင်မလဲ
မျက်ရိုးမကိုက်အောင် ကာကွယ်တဲ့ဆေးတို့၊ မျက်စိအားဆေးတို့ဆိုတာ ဒီလောက်စွမ်းလှတယ်ရယ်လည်း မဟုတ်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ မျက်လုံးကို အနားပေးပြီး ကိုက်ခဲတာတွေ သက်သာအောင် နေတာပဲ ဖြစ်ပါတယ်။ မျက်ရိုးကိုက်လာပြီဆိုရင် လုပ်လက်စတွေကို အနားပေးလိုက်ပါ။ ဖုန်းကြည့်တာ၊ ကွန်ပျူတာ ကြည့်တာ အားလုံးကို ခဏအနားပေးလိုက်ပါ။ သက်သောင့်သက်သာ လှဲပြီး မျက်လုံးမှိတ်ထားပါ။ မျက်ရိုးပေါ်ကို ရေခဲဝတ်လေး တင်ထားပါ။ လက်ဖဝါး နှစ်ဖက်ကို ပွတ်၊ နွေးလာတဲ့အခါ မျက်လုံးပေါ်တင်တာ ကလည်း မျက်လုံးကြွက်သားတွေကို ပြေလျော့စေပါတယ်။ မျက်တောင်ခတ်ပါ။ မျက်လုံးလေ့ကျင့်ခန်း လုပ်ပါ။ မျက်ရည်တု မျက်စဉ်းခတ်ပါ။ ဇက်ကြောတွေ နာနေရင် ဇက်ကြောလျှော့ပါ။ မျက်ရိုးတွေကိုက်၊ ဇက်တွေ တောင့်ပြီး လက်ပြင်တွေပါ နာနေပြီဆိုရင်တော့ အကိုက်အခဲပျောက်ဆေး သောက်ပြီး အနားယူလိုက်ပါ။ မျက်ရိုးကိုက်တိုင်း မျက်မှန်ပါဝါကြောင့် မဟုတ်ပေမယ့် ဒီလိုမျိုး မကြာခဏဖြစ်နေပြီဆိုရင်တော့ မျက်မှန်ပါဝါ ကြောင့်လားဆိုတာ သိရအောင် စစ်ဆေးဖို့ လိုပါတယ်။