
ခေတ်စနစ်တွေတိုးတက်လာမှုနဲ့အတူဆေးပညာနယ်ပယ်မှာလည်း တိုးတက်မှုတွေ အတော်လေးများ လာနေပါတယ်။ ဒီလိုတိုးတက်လာတဲ့ဆေးပညာတွေထဲမှာ ကုသမှုနည်းလမ်းတွေပါဝင်နေသလို ကာကွယ်တဲ့နည်းလမ်းတွေလည်းပါဝင်လို့နေပါတယ်။ တိုးတက်လာမှုထဲမှာ အိမ်ထောင်သည် အမျိုးသမီးတွေ အတွက် အဓိကကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်လို့ဆိုရမယ့် သားဆက်ခြားနည်းတွေပါ ပါဝင်နေပါတယ်။
သန္ဓေတားသောက်ဆေး အကြောင်းတစေ့တစောင်း
သန္ဓေတားသောက်ဆေး (OCP) က ကိုယ်ဝန်မရရှိအောင်ကာကွယ်ပေးတဲ့ဆေးဝါးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပါဝင်တဲ့ သန္ဓေတားသောက်ဆေးရှိသလို ၊ အက်စထရိုဂျင်ရော ပရိုဂျက်စတင်ပါပါဝင်နေတဲ့ သန္ဓေတားသောက်ဆေးလည်းရှိပါတယ်။ သန္ဓေတားသောက်ဆေး တွေကိုသေသေချာချာသောက်သုံးမယ်ဆိုရင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိတာ မျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သန္ဓေတားသောက်ဆေးကို ၁၉၆၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအတည်ပြုပေးခဲ့တာဖြစ်ပြီး သန္ဓေတားသောက်ဆေးက လူကြိုက်အများဆုံး သားဆက်ခြားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ကမ္ဘာတစ်လွှားက အမျိုးသမီး သန်း ၁၀၀ကျော်က သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြပါတယ်။
၂၀၁၂ ခုနှစ်ကကောက်ယူခဲ့တဲ့ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုက အမျိုးသမီး ၁၆ ရာခိုင်နှုန်းက သန္ဓေတားသောက်ဆေးကိုသောက်သုံးနေကြပြီး အသက် ၁၆ နှစ် ကနေ ၄၉ နှစ်ကြားအရွယ်ရှိတဲ့ ယူကေအမျိုးသမီး ၃ ပုံ ၁ ပုံခန့်နဲ့ ဂျပန်အမျိုးသမီး ၁ ရာခိုင်နှုန်းတို့လည်း သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြတယ်၊လို့ သိရပါတယ်။
သန္ဓေတားသောက်ဆေးကိုစတင်ပေါ်လာတဲ့အချိန်ကစလို့ လိုအပ်ချက်တွေကိုပြုပြင်ရင်းကောင်းသထက်ကောင်းအောင်ပြင်ဆင်ထုတ်လုပ်လာခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် သန္ဓေတားသောက်ဆေးတွေကဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်တဲ့ သားဆက်ခြားနည်းတစ်မျိုးဖြစ်လို့လာပါတယ်။ လေဒီယာ ရိုစာလိုမျိုး သန္ဓေတားသောက်ဆေးဆိုရင် ဆေးဝါးပမာဏအနည်းငယ်သာပါတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပြီး သန္ဓေတားဖို့အတွက် အသုံးပြုလို့ရသလို ရာသီလာချိန်အလွန်အမင်းကိုက်ခဲခြင်းဝေဒနာများအတွက်ပါ သောက်သုံးလို့ရပါတယ်။

နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာ
နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာက တစ်နေ့တစ်လုံးပုံမှန်သောက်ပေးရုံနဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင်ကာကွယ်ပေးနိုင်တဲ့သောက်ဆေးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေက သားအိမ်ခေါင်းအချွဲတွေကို ထူစေပြီး မျိုးဥအိမ်တွေကနေ မျိုးဥတွေထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ သန္ဓေတားဆေးသောက်ဆေးမှာprogestin နဲ့ estrogenဟော်မုန်း နှစ်မျိုးပါတဲ့ ဆေးရှိသလို progestin ဟော်မုန်းတစ်မျိုးထဲပါတဲ့ဆေးလည်းရှိပါတယ်။ တတ်သိနားလည်တဲ့သူနဲ့ တိုင်ပင်ပြီးမှသောက်သုံးဖို့တော့ မမေ့ပါနဲ့။

သန္ဓေတားသောက်ဆေးတွေက အမျိုးသမီးတိုင်းနဲ့သင့်တော်ရဲ့လား
သန္ဓေတားသောက်ဆေးက အကောင်းဆုံးသော သားဆက်ခြားနည်းဆိုပေမယ့် အခုလိုမျိုး လက္ခဏာတွေရှိရင်တော့ မသောက်သုံးသင့်ပါဘူးလို့ပြောပါရစေ။ ဘယ်လိုအမျိုးသမီးတွေလဲ ဆိုတော့ ရင်သားကင်ဆာရှိတာ၊ သားအိမ်ကင်ဆာရှိတာ၊ အကြောင်းအရင်းမရှိဘဲသွေးဆင်းနေတာ၊ နှလုံးရောဂါရှိတာ၊ သွေးတိုးရောဂါရှိတာ၊ ရင်ဘတ်အောင့်တာ၊ ပြင်းထန်တဲ့ခေါင်းကိုက်ရောဂါရှိတာ၊ ဆီးချိုဝေဒနာရှိတာ၊ အသည်းမှာ ကင်ဆာကျိတ်ရှိနေတာ၊ အသည်းရောဂါရှိနေတာ၊ လေဖြတ်နိုင်ခြေရှိနေတာ မျိုးနဲ့ ကိုယ်ဝန်ဆောင်ထားတာ မျိုးဆိုရင်တော့နေ့စဉ်သန္ဓေတားသောက်ဆေးနဲ့ အဆင်မပြေပါဘူး။

သန္ဓေတားသောက်ဆေးတွေ သောက်တော့မယ်ဆိုရင် ဒီအချက်လေးသိထားဖို့လိုပါမယ်
estrogen နဲ့ progestin ဟော်မုန်းတွေပါဝင်နေတဲ့ သန္ဓေတားဆေးတွေ သောက်သုံးနေချိန်မှာ ဆေးလိပ် သောက်သုံး မယ်ဆိုရင် နှလုံးထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ အသက် ၃၅ နှစ်နဲ့အထက်ဖြစ်နေပြီး ဆေးလိပ်သောက်သုံးတဲ့ လေဒီတွေအနေနဲ့ကတော့ estrogen နဲ့ progestin ဟော်မုန်းတွေပေါင်းစပ်ပါဝင်နေတဲ့ သန္ဓေတားဆေးမျိုးကိုသောက်သုံးမယ်ဆိုရင် ရုတ်တရက် နှလုံးရပ်တာ ၊သွေးခဲတာ နဲ့လေဖြတ်တာ တွေဖြစ်နိုင်တာကြောင့် မသောက်သုံးသင့်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ သန္ဓေတားသောက်ဆေး သောက်သုံးမယ်ဆိုရင် ဆရာဝန်ထံသွားပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ မိသားစုမှာ နှလုံးရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိလားဆိုတာနဲ့ ဆေးလိပ်သောက်တတ်တယ်ဆိုရင် တစ်နေ့ကို စီးကရက်ဘယ်လောက်ထိသောက်လဲဆိုတာတွေကိုပြောပြဖို့ လိုပါလိမ့်မယ်။

သန္ဓေတားသောက်ဆေးက ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ
သန္ဓေတားသောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေသေချာချာသောက်သုံးမယ် ဆိုရင်တော်တော်လေး ထိရောက်မှုရှိပါတယ်။ သန္ဓေတားသောက်ဆေးကို အချိန်မှန် တစ်နေ့တစ်လုံးပုံမှန် သောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေကို ၉၉ ရာခိုင်နှုန်းလောက်အထိ ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန် သောက်ပေမယ့် အချိန်မှန်မသောက်မိတာ၊ တစ်ရက်တလေလောက်မေ့လျော့တာမျိုးရှိခဲ့ရင်တောင်မှ ၉၃ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းလောက်အထိ ကာကွယ်မှုပေးနိုင်ပါတယ်။ သန္ဓေတားဆေးကို ပုံမှန်မသောက်ဖြစ် တာကြောင့် ကိုယ်ဝန်ရရှိသွားတဲ့ လက္ခဏာမျိုးရှိခဲ့ရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်ဖို့လိုပါမယ်။

သန္ဓေတားသောက်ဆေးကို ဒါတွေအတွက်လည်းသုံးလို့ရပါတယ်
သန္ဓေတားသောက်ဆေးတွေကို ကိုယ်ဝန်မရရှိအောင်ကာကွယ်ဖို့တင်မဟုတ်ဘဲ ဒီလိုလည်းသုံးလို့ရပါတယ်။ ရာသီလာစဉ်ကိုက်ခဲနာကျင်တာသက်သာစေဖို့၊ ရာသီထိန်နေတာကိုပြန်ပေါ်စေဖို့၊ ဝက်ခြံတွေသက်သာစေဖို့၊ မျိုးဥအိမ် နဲ့ သားအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကို ကျဆင်းစေဖို့၊ သားအိမ်ထဲမှာ အလုံးတည်တာ၊ မျိုးဥအိမ်ထဲမှာ အလုံးအဖုလေးတွေဖြစ်တာ၊ ရင်သားမှာဖြစ်တဲ့ အကျိတ်အဖုတွေအတွက်လည်း သန္ဓေတားသောက်ဆေးကို သုံးလို့ရပါတယ်။
သန္ဓေတားသောက်ဆေးကိုသောက်သုံးပေးတာကနေ့စဉ်သောက်သုံးရတာဖြစ်တာကြောင့် သတိထားဖို့ လိုတယ်ဆိုပေမယ့် ကိုယ်ဝန်ရနိုင်ခြေကိုတော်တော်လေးနည်းစေနိုင်ပါတယ်။နောက်ထပ်အားသာချက်တစ်ခုက လိင်ဆက်ဆံရာမှာ အနှောင့်အယှက်လုံးဝမဖြစ်တာပါ။ဈေးနှုန်းလည်းသင့်တင့်ပြီး အသုံးပြုရတာ လည်းလွယ်ကူလှပါတယ်။ နှစ်ပေါင်း ၄၀ကျော်လေ့လာသုတေသနပြုမှုတွေအရ သန္ဓေတားသောက်ဆေး တွေကရေရှည်အတွက်လည်းကောင်းသလို ခန္ဓါကိုယ်မှာထိခိုက်တာမျိုးလည်းမရှိပါဘူး။