ခြေထောက်ညောင်းညာကိုက်ခဲခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများ
lifestylemyanmar.com
|
2022-03-22

တစ်နေကုန် တစ်ချက်မနားရဘဲ အလုပ်တအားရှုပ်နေပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ သင့်ရဲ့ခြေထောက်တွေ ညောင်းညာကိုက်ခဲနေမယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ ကမ်းခြေမှာ ဆော့ကစားတဲ့အခါ (သို့) သူငယ်ချင်းတွေနဲ့ ရှော့ပင်းထွက်တဲ့အခါတွေလို ပျော်စရာကောင်းတဲ့ရက်တွေမှာတောင် ညဖက်ရောက်ရင် ခြေထောက်တွေတအားနာတာကို ခံစားဖူးကြမှာပါ။

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို တစ်နေကုန်ထိန်းထားပြီး မရပ်မနား လျှောက်သွားနေရခြင်းက ခြေထောက်ကြွက်သားတွေအပေါ် ဒဏ်ဖြစ်စေပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို နောက်ဆက်တွဲအနေနဲ့ ခံစားလာရတာဖြစ်ပါတယ်။ ဒီလိုဝေဒနာကို သက်သာစေဖို့အတွက် လွယ်လင့်တကူ အကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်တတ်ကြတာက လူတိုင်းရဲ့ထုံးစံလိုဖြစ်နေပြီး အထူးသဖြင့် တအားပင်ပန်းလွန်းတဲ့နေ့တွေဆိုရင် တစ်လုံးတစ်လေတော့ သောက်ပြီးအိပ်လိုက်ရမှကို သက်သာတာလို့ တွေးထင်ကြသူတွေလည်း ရှိပါသေးတယ်။

လောကမှာ အရာအားလုံးက ကောင်းကျိုးဆိုးကျိုး ဒွန်တွဲပြီးရှိနေချိန်မှာ ဒီအကိုက်အခဲပျောက်ဆေးတွေမှာလည်း အားသာချက် အားနည်းချက်တွေ ရှိနေစမြဲပါပဲ။ ဒါကြောင့် ဘေးဥပါဒ်မဖြစ်ရလေအောင် ဆေးတွေသောက်တာကို တတ်နိုင်သမျှ လျှော့ပြီးတော့ အခုပြောပြပေးမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။


ခြေထောက်တွေ ညောင်းကိုက်ရတဲ့ အကြောင်းအရင်းများ

တစ်နေကုန် လှုပ်လှုပ်ရှားရှားလုပ်တာ တအားလွန်သွားခြင်း

အချိန်အကြာကြီး တစ်နေရာတည်းမှာ ထိုင်နေခြင်း

သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေစီးခြင်း

အာဟာရဓာတ်ချို့တဲ့ခြင်း

အဆစ်ရောင်နာ

အဝလွန်ခြင်း

အသကျအရှယျ

တို့ကြောင့်ပဲဖြစ်ပါတယ်။

ခြေထောက်တွေ ညောင်းညာကိုက်ခဲတိုင်း သက်သာအောင် လုပ်ဆောင်နိုင်မယ့် အရာများ

၁။ အပူကပ်ခြင်း

ရေနွေးပူပူထဲကို တဘက်တစ်ထည် နှစ်လိုက်ပြီး ရေပြောင်အောင်သေချာညှစ်ပါ။

ပြီးရင် တဘက်ကို ညောင်းညာနေတဲ့ ခြေထောက်တွေမှာ ကပ်ပေးပြီး သိပ်မပူတော့ဘူးဆိုတော့မှ ပြန်ခွာပါ။

တဘက်ကို ရေနွေးထပ်စိမ်၊ ရေကုန်အောင်ညှစ်ပြီး နောက်တစ်ကြိမ်ထပ်ကပ်ပါ။

အကယ်လို့ အိမ်မှာ ရေနွေးအိတ် ရှိတယ်ဆိုရင်လည်း အစားထိုးသုံးနိုင်ပါတယ်။


၂။ Essential Oils တွေ အသုံးပြုခြင်း

ယူကလစ်ဆီ ၃-၄ စက်၊ ပက်ပါမင့်ဆီ ၂ စက် နဲ့ လေးညှင်းဆီ ၂ စက်တို့ကို ရေနွေးဇလုံထဲ ထည့်လိုက်ပါ။

ခြေထောက်တွေကို ထိုဇလုံထဲမှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ထည့်စိမ်ပေးပါ။

အချိန်ပြည့်ပါက ခြေထောက်တွေကို ရိုးရိုးရေနဲ့ ပြန်လည်ဆေးကြောပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။


၃။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် ခွက်တစ်ဝက်ကို ရေနွေးပူဇလုံတစ်ခုထဲ ပေါင်းထည့်ပြီးတော့ ၁၅ မိနစ်လောက် ခြေထောက်ထည့်စိမ်ပါ။

အချိန်ပြည့်ရင် ခြေထောက်တွေပြန်ထုတ်ပြီး ရေနဲ့သေချာပြောင်စင်အောင် ဆေးပါ။

နောက်ပြီး မနက်မိုးလင်းတိုင်း ရေနွေးနွေးလေးတစ်ခွက်ထဲ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးပါ။ အကယ်လို့ အရသာလိုချင်ရင်တော့ ပျားရည်နည်းနည်းထည့်သောက်ပါ။


၄။ ရေအေးကပ်ခြင်း

ကြိတ်ခြေထားတဲ့ ရေခဲတွေကို ပလတ်စတစ်အိတ် သို့မဟုတ် တဘက်ထဲထည့်ပြီး ကိုက်နေတဲ့ခြေထောက်မှာ ကပ်ပေးပါ။

ရေခဲအိတ်ကိုသုံးပြီး ကိုက်နေတဲ့နေရာတွေကို နှိပ်ပေးပါ။

ခြေထောက်တွေ ကိုက်သလို၊ ညောင်းညာသလို ခံစားရတိုင်း ရေခဲကပ်ပေးနိုင်ပါတယ်။


၅။ လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းဆိုတာက တင်းနစ်ဘောလုံး သို့မဟုတ် မုန့်ညက်ကြိတ်တလိမ့် တို့ကိုသုံးပြီး ခြေထောက်ကို နှိပ်ပေးတာကို ပြောတာပါ။ ဖင်ထိုင်ခုံမှာ ထိုင်ပြီးတော့ တင်းနစ်ဘောလုံး သို့မဟုတ် တလိမ့်ကို ခြေဖဝါးအောက်မှာထားပြီး လှိမ့်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ခြေထောက်ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို ပြေလျော့စေပါတယ်။

Lifestyle_Myanmar

ref-stylecraze


#ခြေထောက်
#အိတ်
#ပန်းသီး
#အချိန်
#လောက

Some text some message..