ငယ်လွန်းတဲ့ ကလေးတွေ ချောင်းဆိုးချွဲကြပ်ပြီး ဆေးတိုက်မရရင် စမ်းကြည့်သင့်တဲ့ အရာများ
myanmaplatform.com
|
2022-04-23

လူကြီးတစ်ယောက် ချောင်းဆိုးချွဲကြပ် ရင် ဆေးလေးဝယ်သောက်လိုက်တာဟာ ကိစ္စမရှိပေမယ့် ကလေးအရွယ်တွေကျတော့ တွေ့ကရာဆေးသောက်လို့ မရပါဘူး။ ကလေးဆေးတွေက ပမာဏကို ချိန်တွက်ပြီးမှ သောက်ရတာကြောင့် သေချာနားမလည်ရင် ပိုသောက်မိသွားပြီး ကလေးမှာ အန္တရာယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူကြီးတွေတောင် ခံရတာ နုနယ်တဲ့ကလေးတွေဆို ပြောစရာလိုမယ်မထင်ပါဘူး။ ဒါကြောင့် အိမ်က ကိုယ့်ကလေးတွေ ချောင်းဆိုးချွဲကြပ်ရင် ဆေးတွေတိုက်ဖို့ မစဉ်းစားဘဲ သဘာဝကုထုံးလေးတွေနဲ့အရင် သက်သာအောင်လုပ်ကြည့်ပါ။

ကလေးတွေ ချောင်းဆိုးချွဲကြပ် တာကို သက်သာစေမယ့် သဘာဝကုထုံးများ

ကလေးခေါင်းကို မြင့်နေအောင်ထားပါ

အိပ်ချိန်ဆို ကလေး ကျော၊ ပခုံးနဲ့ ခေါင်းအောက်မှာ ခေါင်းအုံးလေးတွေထားပေးပါ။ ဒါမှ ချွဲတွေ အပေါ်ကို ပြန်တက်မလာလို့ လည်ချောင်းယားသက်သာသွားပြီး ချောင်းဆိုးချင်တော့မှာ မဟုတ်ပါဘူး။ ခေါင်းကိုကိုယ်ထက်မြင့်နေအောင်ထားလိုက်တာကြောင့် ကလေး အသက်ရှူရတာလည်း ပိုကောင်းသွားပါလိမ့်မယ်။


ရေချိုးခန်းကို ရေနွေးငွေ့တွေပြည့်နေအောင်လုပ်ထားပါ

မိုးလင်းပြီဆိုတာနဲ့ ရေချိုးခန်းထဲက ရေပူပိုက်ကို ဖွင့်ပြီးတံခါးပိတ်ထားလိုက်ပါ။ ပြီးတာနဲ့ကလေးကို ချီပြီး ရေနွေးငွေ့ပြည့်နေတဲ့ ရေချိုးခန်းထဲမှာ ဝင်ထိုင်နေပါ။ ရေနွေးငွေ့တွေကြောင့် ကလေးရဲ့ နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ရှိတဲ့ချွဲတွေ တဖြည်းဖြည်း ပျော်လာပြီး ကလေး ဟတ်ထုတ်ရ လွယ်သွားပါလိမ့်မယ်။ ကလေးဟတ်ထုတ်ရခက်နေရင် ချွဲတွေကျေဖို့အတွက် ကလေးကျောကို ဖြည်းဖြည်းလေးပုတ်ပေးပြီး ကူညီပေးပါ။ ဒါကလည်း ကလေးချွဲကြပ်တာကို သက်သာစေမယ့် နည်းတစ်မျိုးပါ။


ရေငွေ့ပေးစက်သုံးပါ

ညဘက်ကလေးအိပ်ချိန်ဆို ရေငွေ့ပေးစက်လေးဖွင့်ပေးထားလိုက်ပါ။ ရေငွေ့ပေးစက်ကထွက်တဲ့လေတွေဟာ အသက်ရှူလမ်းကြောင်းကို စိုစွတ်စေလို့ ချွဲတွေပျော်အောင် ကူညီပေးပါလိမ့်မယ်။ ချွဲတွေ မကြပ်တော့ရင် အသက်ရှူရကောင်းသွားပြီး ချောင်းဆိုးချင်မှာလည်း မဟုတ်တော့ပါဘူး။ မနက်ရောက်ရင်တော့ အခန်းထဲက ရေငွေ့တွေ ခြောက်အောင် ပြတင်းပေါက်ကို ဖွင့်ထားပါ။ အခန်းထဲမှာ ရေငွေ့တွေ အများကြီးစုလာရင် မှိုတွေ ပေါက်တတ်လို့ပါ။


ရင်လူးဆေးလိမ်းပေးပါ

အိပ်ခါနီး ကလေးရင်ဘတ်ပေါ်ကို ရင်လူးဆေးလိမ်းပြီး လက်နဲ့ဖြည်းဖြည်းလေးပွတ်ပေးပါ။ ချွဲတွေကြေသွားပြီး ကလေးလည်း ချောင်းမဆိုးချင်တော့လို့ အိပ်ရေးပျက်ရတဲ့ညတွေထဲက သင်လွတ်မြောက်သွားမှာပါ။ ကလေးအသက် ၂ နှစ်ကျော်မှ ရင်လူးဆေးသုံးတာ ပိုကောင်းပါတယ်။


အရည်များများတိုက်ပါ

ရေဟာ လည်ချောင်းထဲမှာ ကြပ်နေတဲ့ ချွဲတွေကို ပျော်စေလို့ ဟတ်ထုတ်ရလွယ်စေတဲ့အပြင် လည်ချောင်းထဲမှာ ရှိနေတဲ့ ပိုးတွေကိုလည်း အစာအိမ်ထဲကို ရောက်သွားစေပြီး ပိုးတွေသေစေပါတယ်။


အချိုလျှော့ထားတဲ့ နွားနို့လည်း တိုက်ပေးလို့ရပါတယ်

အရည်များများဆို လူတိုင်းက ရေကိုပဲပြေးမြင်တတ်ကြပြီး နွားနို့ကို မေ့နေကြပါတယ်။ နွားနို့ဟာ ရေဓါတ်ကြွယ်ဝတဲ့အပြင် ခုခံအားကို ကောင်းစေတဲ့ ပရိုတင်းဓာတ်တွေ အများကြီး ပါတာကြောင့် သင့်ကလေး ဆိုးနေတဲ့ ချောင်း အမြန်ဆုံးပျောက်သွားမှာပါ။

ဒါတွေဟာ ကလေးကို ဆေးမတိုက်ချင်ရင် ချောင်းဆိုးသက်သာအောင်လုပ်လို့ရတဲ့ သဘာဝ ကုထုံးတွေပဲဖြစ်ပါတယ်။ ။


ဘယ်အချိန်မှာ ဆရာဝန်ဆီသွားဖို့လိုလဲ ။ ။

ချောင်းဆက်တိုက်ကြီးဆိုးနေပြီ၊ အသက်ရှူတဲ့အချိန်မှာလည်း ရှိုက်သံတွေကြားနေရပြီ၊ ကိုယ်လည်းပူနေမယ်၊ ချောင်းဆိုးရင် သွေးတွေပါလာမယ်၊ ချောင်းဆိုးတာ ၂ ပတ်ထက်ကြာနေမယ်ဆိုရင်တော့ သင့်ကလေးကို ဆရာဝန်ဆီ သွားပြဖို့လိုအပ်ပါပြီ။

ကဲ  ကိုယ့်ရဲ့ ကလေးက ငယ်လွန်းလို့ ဆေးတိုက်ရခက်နေတဲ့ မေမေတွေ စမ်းကြည့်သင့်ပါတယ်နော်။ 


#သဘာဝ
#ရေနွေးငွေ့
#ချောင်းဆိုး
#ရေချိုး
#အသက်

Some text some message..