
နေ့စဉ်ကျန်းမာနေဖို့ဆိုတာ ကိုယ်ရော စိတ်ပါ ကျန်းမာတာကို ပြောတာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေအပြင် ရေဓာတ်ပြည့်နေဖို့လည်း လိုအပ်ပါတယ်နော်။ ရေဓာတ်ပြည့်ဖို့က ချွေးထွက်များလာရင် ရေသောက်ပြီး ဖြည့်ပေးတာအပြင် ဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ကို ပြန်ဖြည့်ပေး လို့ ရပါတယ်။
ခန္ဓာကိုယ်က လှုပ်ရှားမှုတွေ လုပ်လို့ ချွေးထွက်များတာ၊ အလုပ်ကြမ်းကြောင့် ချွေးထွက်များတာ၊ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ချွေးထွက်များတာတွေက ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။ ဓာတ်ဆားက ချွေးထွက်များခြင်းကိုပဲ အထောက်အကူပြုတာလားဆိုတော့ မဟုတ်ပါဘူး။ ဝမ်းပျက်လို့ ဝမ်းသွားနေတာကိုလည်း သက်သာစေနိုင်တဲ့အပြင် ဖျားနာတဲ့ အချိန်မှာ လိုအပ်တဲ့ ဓာတ်ဆားဓာတ်ကို အစားအသောက်တွေက မစားနိုင်လည်း ဓာတ်ဆားရည်က ဖြည့်ပေးနိုင်ပါတယ်။
ဓာတ်ဆားက ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းလဲ
ဓာတ်ဆားမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက ကိုယ်တွင်းမှာ ရှိတဲ့ အရည်ပမာဏာကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်သလို ကြွက်သားတွေ ကျုံ့ဆန့်မှုကိုလည်း အကောင်းဆုံး ထိန်းညှိပေးပြီး ခန္ဓာကိုယ် ကျန်းမာဖို့အတွက် ဓာတ်ဆားက မဖြစ်မနေလိုအပ်ပါတယ်။
ဓာတ်ဆားမှာ ဘာတွေ ပါဝင်လဲ
ဓာတ်ဆားမှာ အခြေခံပါဝင်ပစ္စည်းတွေအနေနဲ့ ဆိုဒီယမ်၊ ပိုတတ်ဆီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။

ဒါတွေက ဘာကောင်းလဲ
ဆိုဒီယမ်က ကြွက်သားတွေကို ကျန်းမာစေပြီး အာရုံကြောစနစ်တွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်သလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ကတော့ သွေးတွင်းဆက်ဆစ်ပမာဏနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာစေပြီး နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့အပြင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင် နေပါတယ်။

ဘယ်လိုလူတွေ သောက်သင့်တာလဲ
နေ့စဉ်စားသုံးနေတဲ့ ဆားတွေထဲမှာ ဓာတ်ဆားဓာတ်ပါတာကြောင့် နေ့တိုင်းသောက်ပေးဖို့ မလိုပေမယ့် ဖျားနေတဲ့အချိန်မျိုး၊ ချွေးထွက်များတဲ့ အချိန်၊ အော့အန်နေတဲ့အချိန်၊ ဝမ်းသွားတဲ့ အချိန်၊ လေ့ကျင့်ခန်းအကြာကြီးလုပ်ထားတဲ့သူတွေ၊ ရေဓာတ်ခမ်းခြောက်နေတဲ့အချိန်၊ ကြွက်တက်တဲ့အချိန်တွေမှာ ခန္ဓာကိုယ်က ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက် ဓာတ်ဆားရည်ကို သောက်ပေးဖို့ လိုအပ်ပါတယ်။

ဓာတ်ဆားသောက်ရင် ဘယ်လိုအကျိုးကျေးဇူးရနိုင်မလဲ
ဓာတ်ဆားသောက်ပေးခြင်းကြောင့် ကိုယ်တွင်းရေဓာတ်ပြည့်ဝစေပြီး ခန္ဓာကိုယ်က အပူချိန်ကို လျော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလည်း ပိုမိုကောင်းမွန်စေတဲ့အပြင် အပူရှပ်တာ၊ အော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် လျော့နည်းသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ကဖင်းဓာတ်၊ အယ်လ်ကိုဟောပါတာတွေကိုသောက်ပြီး ရေဓာတ်ဆုံးရှုံးတာတွေကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

တစ်ရက်ကို ဘယ်လောက်သောက်သင့်သလဲ
ဆေးတွေဆိုတာကလည်း တန်ဆေးလွန်ဘေး ဖြစ်တတ်ပါတယ်။ တစ်ရက်ကို ဓာတ်ဆားအနည်းဆုံး ၂ လီတာထိ သောက်ပေးလို့ ရပါတယ်။

ဓာတ်ဆားရည် မရရင် ဘာလုပ်မလဲ
အခုတော့ ဓာတ်ဆားရည်အဖြစ် Royal D အချိုရည်ဘူးတွေ အလွယ်တကူ ဝယ်လို့ရသလို pocari sweat လိုအချိုရည်ကိုလည်း သောက်လို့ရပါတယ်။ တကယ်လို့ ကိုယ်က အဲဒါတွေ တစ်ခုမှ မသောက်ချင်ဘူးဆိုရင် အုန်းစိမ်းရည်လေးသောက်လိုက်ရုံနဲ့ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်ဖြည့်တင်းနိုင်ပါတယ်။ အုန်းရည်ကတော့ သဘာဝရဲ့ အထူးလက်ဆောင်မို့ သင့်အတွက် ပြည့်စုံစေမှာပါ။
ref: healthline