ကလေးတွေ လက်သည်းကိုက်တာ ဘာကြောင့်လဲ မကိုက်အောင် ဘယ်လိုလုပ်မလဲ
myanmaplatform.com
|
2022-05-05

ကလေးဘဝမှ စပြီးတော့ အရွယ်ရောက်တဲ့အထိ မပျောက်တာကတော့ အမြဲလိုလို ပြုလုပ်တတ်တဲ့ အလေ့အကျင့်တွေပါ။ အချို့ အရာတွေက ကောင်းတဲ့ အရာတွေလို့ ပြောလို့ ရပေမယ့် အချို့အရာတွေက အကျင့်ဆိုးအနေနဲ့ ကျန်ရှိနေတတ်ပါတယ်။ အဲဒီလို အကျင့်ဆိုးတွေထဲမှာမှ လက်သည်းကိုက်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလို လက်သည်းကိုက်တာက လူကြီးတွေမှာ မသိသာပေမယ့် ကလေးတွေမှာတော့ ရင်ကျပ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ 

ကလေးတွေ ဘာလို့ လက်သည်းကိုက်တာလဲ

ကလေးတွေ လက်သည်းကိုက်ရတဲ့ အကြောင်းအရင်းတွေ များစွာ ရှိပါတယ်။ ဒီထဲကမှ အချို့အရာတွေကိုပြောပြ လိုက်ပါတယ်နော်။ 

(၁) မျိုးရိုးဗီဇကြောင့်

လက်သည်းကိုက်တာက မျိုးရိုးဗီဇနဲ့ ဆိုင်လို့လားဆိုပြီးတော့ စဉ်းစားနေတတ်ကြပါတယ်။ ဟုတ်ပါတယ်။ လက်သည်းကိုက်တာက မျိုးရိုးဗီဇကြောင့်နဲ့လည်းသက်ဆိုင်ပါတယ်။ မသိလိုက်ဘဲနဲ့ ကိုက်နေတာမျိုးတွေက မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။ 

(၂) အနီးနားက လူတွေကြောင့် 

တစ်ချို့လူတွေမှာ လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိကြပါတယ်။ ကလေးရှေ့မှာလည်း မရှောင် လူရှေ့လည်း မရှောင် ကိုက်တတ်ကြပါတယ်။ ဒီလို လက်သည်းကိုက်ခြင်းကြောင့် ကလေးတွေကလည်း အတုမြင်အတတ်သင် တတ်တဲ့စိတ်ကြောင့် သူတို့လို လိုက်ပြီး လက်သည်းကိုက်တာမျိုးလုပ်တတ်ကြပါတယ်။ 


(၃) စိုးရိမ်ပူပန်ခြင်းကြောင့်

ကလေးတွေ မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်လာရင် လက်သည်းကိုက် တတ်ကြပါတယ်။ ကြောက်လန့်နေတဲ့အချိန်တွေမှာလည်း လက်သည်းကိုက်တတ်ကြပါတယ်။ 


(၄) စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်

အချို့ကလေးတွေမှာ လက်သည်းကိုက်တာက အပြုအမူဆိုင်ရာ လက္ခဏာတစ်ခုလည်း  ဖြစ်နိုင်ပါတယ်။ ဥပမာ အာရုံစူးစိုက်မှု ချို့ယွင်းလာတာ၊ အာရုံစူးစိုက်မှု လွန်ကဲလာတာ၊ စိတ်အားထက်သန်တာ၊ Tourette syndrome တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အချို့ကလေးတွေမှာ ခန္ဓာကိုယ်က အာရုံစိုက်ပြီး ထပ်တလဲလဲ ပြုလုပ်ပြီး နာတာရှည်လက်သည်းကိုက်ခြင်းဖြစ်လာနိုင်ပါတယ်။ 


(၅) ဆေးဝါးတွေကြောင့် 

ဒါကတော့ အလွန်ရှားပါးတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လက်သည်းကိုက်တာက ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက်သည်းကိုက်တာကို ရပ်တန့်အောင် ကုသနိုင်သလား

လက်သည်းကိုက်ခြင်းအတွက် သီးသန့်ဆေးကုသနည်းမရှိပါဘူး။ မွေးကင်းစကလေးငယ်တွေဆိုရင်တော့ ဘာကြောင့်လဲဆိုတာကို အပြုအမူဆိုင်ရာ ပြဿနာတွေကို စစ်ဆေးနိုင်ပါတယ်။ တိုင်ပင်ဆွေးနွေးခြင်း၊ ဆေးဝါးကုသခြင်း တွေကြောင့် လက်သည်းကိုက်ခြင်းအလေ့အထကို ရပ်တန့်စေနိုင်ပါတယ်။ ကုထုံးတွေနဲ့ ကုသပြီး လက်သည်းမကိုက်အောင် သတိပေးခြင်း၊ အပန်းဖြေထွက်ပေးခြင်း၊ မိမိကိုယ်ကို ဂရုစိုက်နည်းလေ့ကျင့်ပေးခြင်း၊ အခြားတစ်ခုကို အာရုံပြောင်းပေးခြင်းတွေ လုပ်ပေးလို့ ရပါတယ်။ 


ကလေးတွေ လက်သည်းမကိုက်အောင် ဘယ်လိုလုပ်မလဲ

ကလေးတွေ လက်သည်းကိုက်တဲ့အကျင့်ကို ပျောက်အောင် ကိုယ်တိုင်လည်း လေ့ကျင့်ပေးလို့ ရပါတယ်။ ဘာတွေလဲဆိုတော့. . .


လက်သည်း ညှပ်ပေးခြင်း

ကလေးတွေလက်သည်းကိုက်ခြင်းကို တားဆီးပေးနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ လက်သည်းညှပ်ပေးတာပဲဖြစ်ပါတယ်။ လက်သည်းကို ကိုက်ရခက်အောင် ခပ်တိုတိုညှပ်ပေးလိုက်မယ်ဆိုရင် လက်သည်းကိုက်တဲ့ အကျင့်ပျောက်သွားပြီး အခြားတစ်ခုကိုအာရုံပြောင်းပေးနိုင်ပါတယ်။ 


လမ်းလျှောက်တတ်ချိန်မှာ လက်သည်းအစားအခြားတစ်ခုပေးခြင်း

ကလေးတွေ လမ်းလျှောက်တတ်ချိန်မှာ အားယူရင်းကနေ လက်သည်းကိုက်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေ လမ်းလျှောက်တတ်တဲ့အချိန်မှာ သတိထားသင့်ပါတယ်နော်။ လက်သည်းကို ကိုက်တော့မယ်ဆိုရင် ကစားစရာတစ်ခုခု (သို့) ဝီစီလိုမျိုးပေးလိုက်ပါ။ ဒါဆိုရင် လက်သည်းကိုက်တတ်တဲ့ အကျင့်မရစေပါဘူး။ 


အခြားတစ်ခုခုနဲ့ အာရုံလွဲပေးပါ

ကလေးတွေ လက်သည်းကိုက်တော့မယ်လို့ မြင်လာပြီဆိုရင် အခြားတစ်ခုခုနဲ့ အာရုံလွဲပေးပါ။ လက်သည်းပါးစပ်ထဲ ထည့်တော့မယ်ဆိုရင် ပုံတူလုပ်ဆော့လို့ရတဲ့ ဂျုံ၊ ရွှံ့စေးတွေနဲ့ပေးကစားလိုက်တာမျိုး အခြားမှာ အာရုံလွဲပေးသလို ဖြစ်သွားတာကြောင့် လက်သည်းမကိုက်တော့ပါဘူး။ 

Ref;  Nail Biting  momjunction


#အရာ
#အကျင့်
#မျိုးရိုး
#ဗီဇ
#အာရုံ

Some text some message..