ကိုယ်နေဟန်ထားနှင့် အရိုးအဆစ်ကျန်းမာရေး
ondoctor.com.mm
|
2022-05-07

ကိုယ်နေဟန်ထားကောင်းသူကို ကျန်းမာ ရေးကောင်းသူလို့ အကြမ်းဖျင်းသတ်မှတ်လို့ ရပါတယ်။ ကိုယ်နေဟန်ထားကောင်းခြင်းဟာ လူ့ခန္ဓာကိုယ် နောက်ကျောမှာ တည်ရှိနေတဲ့ ပင်မကျောရိုးမကြီး မှန်ကန်တဲ့အနေထားမှာ ရှိနေတာနဲ့ တူတူပါပဲ။

ပင်မကျောရိုးမကြီးတစ်ဝိုက်က ကြွက်သားတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ဟန်ချက်ညီအောင်ထိန်းပေးရပါတယ်။ ကျောရိုးတစ်ဝိုက်မှာရှိတဲ့ အာရုံကြောများဟာလည်း တစ်ကိုယ်လုံးမှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ လှုပ်ရှားမှုအတွက် အရေးပါပါတယ်။ ကိုယ်နေဟန်ထား မမှန်တဲ့အခါမှာ ကျောရိုးဟာလည်း အနေထားမမှန်တဲ့အတွက် ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှုံးချိနေခြင်း၊ ဇက်ကြောတင်းခြင်း စတာတွေ ခံစားလာရပါတော့တယ်။

မှန်ကန်တဲ့ ကိုယ်နေဟန်ထားဆိုတာ…

ထိုင်နေချိန်မှာ မိမိခြေထောက်နှစ်ဖက်ဟာ ကြမ်းပြင်ပေါ် သက်တောင့်သက်သာချထားပြီး ခါးကို မတ်မတ်ထားရပါမယ်၊ မိမိရဲ့ နားရွက်များဟာ ရင်ဘတ်ညှပ်ရိုးရဲ့ ‌အပေါ် တည့်တည့်မှာ ရှိနေသင့်ပါတယ်။ မတ်တပ်ရပ်ချိန်မှာ ဒူးခေါင်းကို အနည်းငယ် ကွေးထားသင့်ပါတယ်။ ဒါမှ ဒူးဆစ်ခွင်ခြင်း၊ ဒူးချောင်ခြင်းတွေ မဖြစ်မှာဖြစ်ပါတယ်။ လမ်းလျှောက်ချိန်မှာ ခါးကို ကိုင်းပြီး မလျှောက်ပဲ မတ်မတ်လျှောက်သင့်ပါတယ်။ ခေါင်းကိုလည်း ရှေ့တည့်တည့်မှာသာ ထားပေးသင့်ပါတယ်။

———-

ကိုယ်နေဟန်ထား မှန်အောင် မနေရင် ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးများ

(၁) ကြွက်သားများ မညီမညာဖြစ်လာခြင်း ကိုယ်နေဟန်ထား မမှန်တဲ့အခါ ဇက်ကြောနေရာ၊ ပုခုံးနဲ့ ရင်ဘတ်က ကြွက်သားတွေဟာ တိုတောင်းလာပြီး အားနည်းလာကာ နာကျင်မှုကို ဖြစ်လာစေပါတယ်။ နောက်ပိုင်းမှာ ခေါင်းလှည့်ဖို့ ခက်တဲ့အထိ ဖြစ်လာတတ်ပါတယ်။

(၂) ကျောရိုးကို ထိခိုက်စေခြင်း ဦးခေါင်းအမြဲငုံ့နေတာကြောင့် ခေါင်းရဲ့အလေးချိန်ကို ပင်မကျောရိုးကြီးရဲ့ ထိပ်ပိုင်းမှာရှိတဲ့ ‌လည်ပင်းရိုးက ထိန်းပေးထားရတဲ့အခါ ကြာလာလေလေ ကျောရိုးတလျှောက်က အရိုးအဆစ်တွေ ဒဏ်ဖြစ်လာပြီး အရိုးအတက်ထွက်ခြင်း၊ အရိုး ကျီးပေါင်းဖြစ်ခြင်း စတဲ့ အရိုးအဆစ်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

(၃) လည်ဂုတ်နေရာမှာ အဖုအထစ်ဖြစ်လာခြင်း ဆေးပညာ အခေါ်အဝေါ်အရ kyphosis လို့ခေါ်ကြပါတယ်။ အမြဲ ခေါင်းကိုငုံ့ထားတာကြောင့် ကျောရိုးအပေါ်ပိုင်းအရိုးအဆစ်တွေ(upper spine) ဒဏ်ဖြစ်ပြီး အနီးတစ်ဝိုက်က ကြွက်သားတွေ အားနည်းလာကာ လည်ဂုတ်မှာ အဖုကြီးလို ဖြစ်လာပါတော့တယ်။

(၄) အမြဲလိုလို နာနေတတ်ခြင်း ဘာမှမလုပ်ပဲ အမြဲ ဟိုနေရာက နာလိုက် သည်နေရာကနာလိုက်နဲ့ ဖြစ်နေတာ တချို့က အသက်ကြီးလာလို့ဖြစ်တယ်လို့ ထင်ကြပါတယ်။ တကယ်က ကိုယ်နေဟန်ထားမမှန်မကန်နေလို့ ကြာလာတဲ့အခါ ကျောရိုးအနီးတစ်ဝိုက်က နာ့ဗ်ကြောတွေကို ဖိမိပြီး လည်ပင်းအပြင် လက်မောင်း၊ ပုခုံးနဲ့ မေးရိုးတွေပါ နာကျင်နေရခြင်း ဖြစ်ပါတယ်။

ကိုယ်နေဟန်ထားမှန်ကန်ခြင်းရဲ့ အရိုးအဆစ်တွေ အပေါ်ကောင်းကျိုးများ ခါးနာခြင်းကို သက်သာစေခြင်း

ပျင်းတွဲတွဲ အနေအထားနဲ့ အချိန်အကြာကြီး မတ်တပ်ရပ်နေခြင်း သို့မဟုတ် ထိုင်နေခြင်းဟာ ကျောရိုးနောက်ဖက်ခြမ်းကို ကိုယ်အလေးချိန်နဲ့ ဖိသလိုဖြစ်ပြီး ကြာလာတဲ့အခါ ခါးနာ၊ ခါးကိုက်ခြင်းကို ဖြစ်လာစေပါတယ်။ ဒါကြောင့် သည်လိုခါးနာတာမျိုး မကြုံအောင် အတတ်နိုင်ဆုံး ခါးကိုမတ်မတ်နေပြီး မိနစ် ၃၀ တစ်ခါ ခါးလှည့်လှုပ်ရှားပေးတာမျိုး ပြုလုပ်ပေးရပါမယ်။

ဇက်ကြောနာခြင်း၊‌ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

အလုပ်လုပ်နေချိန် ဖြစ်စေ ဖုန်းသုံးစေချိန်ဖြစ်‌ စေ ခေါင်းကို အချိန်ကြာကြာ ငုံ့နေမယ်ဆိုရင် ဦးခေါင်းအလေးချိန်ဟာ လည်ပင်းအရိုးအဆစ်တွေအပေါ် သွားဖိနေသလိုဖြစ်ပြီး လည်ပင်းတောင့်တင်းခြင်း၊ ဇက်ကြောနာခြင်း၊ ခေါင်းကိုက်ခြင်းတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ခေါင်းကို အကြာကြီး ငုံ့ထားတာမျိုးမလုပ်ပဲ ဦးခေါင်းမတ်မတ်နေတတ်တဲ့ အလေ့ကျင့်ကို မွေးမြူသင့်ပါတယ်။

အရိုးအဆစ်ရောင်ရောဂါ ကိုကာကွယ်ပေးခြင်း ကိုယ်နေဟန်ထားမှန်ကန်ခြင်းဟာ အရိုးအဆစ်တွေပွတ်တိုက်မှုကြောင့်ဖြစ်စေ၊ ကိုယ်အလေးချိန်ကြောင့်ဖြစ်စေ ဖြစ်နိုင်တဲ့ အရိုးအဆစ်ရောင်ရောဂါ(Osteoarthritis) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်နေဟန်ထား မမှန်တာကြောင့် ဖြစ်တဲ့ အရိုးအဆစ်နာကျင်ခြင်းတွေကို သက်သာဖို့အတွက်-

လေ့ကျင့်ခန်းများ (ခါးရိုး၊ တင်ပဆုံရိုး၊ ခေါင်း လေ့ကျင့်ခန်းများ) ပြုလုပ်ပေးခြင်း အကိုက်ခဲပျောက်သောက်ဆေးများ၊လိမ်းဆေးများ သုံးပေးခြင်း ရေခဲကပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင်ပြုလုပ်ပေးလို့ရပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်ခြင်းနဲ့ အခြားကောင်းကျိုးများ အနေနဲ့ စိတ်ရွှင်လန်းစေခြင်း အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ပိန်သလို ခံစားရခြင်း အာရုံစူးစိုက်မှုကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေပါ ရရှိစေမှာဖြစ်ပါတယ်။

Author : Dr.Aye Myat Mon


#ခန္ဓာကိုယ်
#လည်ပင်း
#ကြွက်သား
#အရိုးအဆစ်
#ခေါင်းကိုက်ခြင်း

Some text some message..