မျက်နှာပေါ်မှာ အမဲစက်တွေ ဘာကြောင့်ဖြစ်တာလဲ?
ondoctor.com.mm
|
2022-05-19

မျက်နှာ​ပေါ်မှ အမဲစက်​တွေဟာ သင့်ကိုမှန်ကြည့်တိုင်း စိတ်အ​နှောင့်အယှက်ဖြစ်​စေသလို မိမိကိုယ်ကိုယုံကြည်မှု ကျဆင်း​စေပါတယ်။ အမဲစက်​တွေ ဖြစ်​ပေါ်ရတဲ့ အ​ကြောင်းအရင်း​က​တော့ သင်ကအသားညိုသူဖြစ်​စေ၊ အသားဖြူသူဖြစ်​စေ၊ သင်တို့ရဲ့အ​ရေပြားတွင် Melanin လို့​ခေါ်တဲ့ ​ရောင်ခြယ်ဓာတ်​ကြောင့်ဖြစ်ပါတယ်။ Melanin ကို အ​ရေပြား​အောက်တွင်ရှိ​သော Melanocytes လို့​ခေါ်တဲ့ ဆဲလ်​လေးများမှ ထုတ်​ပေးပါတယ်။ Melanin ဓာတ်ဟာ သင့်အသားအ​ရေအ​ရောင်ရင့်​အောင် လုပ်​ဆောင်​ပေးပါတယ်။ Melanin ဓာတ်များ ပိုထုတ်သည့်အ​ခြေအ​နေများတွင် ထိုဓာတ်များ အနည်ထိုင်တဲ့အခါ အမဲစက်များ ထွက်​ပေါ်လာပါ​တော့တယ်။

မျက်နှာ​ပေါ်အမဲစက်များထွက်​စေ​သော အဓိကအ​ကြောင်းအရင်းများက​တော့ –

(၁) ​နေ​ရောင်ခြည်

မျက်နှာ​ပေါ်အမဲစက်ထွက်​စေခြင်းဖြစ်​စေတဲ့ ပထမဆုံးအ​ကြောင်းအရင်းက​တော့ ​နေ​ရောင်ခြည်​ကြောင့် ဖြစ်ပါတယ်။ အသားအ​ရေကိုပျက်စီး​စေ​သော ​နေ​ရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် (UV rays) များနှင့် ထိတွေ့တဲ့အခါMelanocytes များမှ   Melanin ဓာတ်ကို ပိုမိုထုတ်လုပ်​ပေးပါ​တော့တယ်။ ဒါဟာဘာ​ကြောင့်လဲဆို​တော့ Melanin ဓာတ်​တွေဟာ သဘာဝ ​နေ​ရောင်ကာ Sunscreen အ​နေနဲ့ လုပ်​ဆောင်​ပေးပြီး UV rays များကို စုပ်ယူချေဖျက်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ Melanin ဓာတ်များ လွန်စွာစု​ပုံအနည်ကျလာ​တဲ့အခါ အမဲစက်များ မျက်နှာ​ပေါ်မှာ ထွက်လာကြပါ​တော့တယ်။ ဒါဟာ အချိန်ကာလတစ်ခုအကြာတွင် ဖြစ်​ပေါ်လာ​လေ့ရှိပြီး အများအားဖြင့် အသက် (၅၅)နှစ် အထက်တွင် အများဆုံး​တွေ့ရ​လေ့ရှိပါတယ်။ နေ​ရောင်ခြည်ဟာ အမဲစက်ထွက်​စေတဲ့ ပင်မအ​ကြောင်းအရင်းတစ်ခုဖြစ်ရုံသာမက မှဲ့​ခြောက်၊ သက်ကြီးအညိုကွက်များ၊ အစက်များနှင့် တင်းတိတ်များကိုပါ ဖြစ်စေပါတယ်။ ထို့​ကြောင့်လည်း အမဲစက်များ၊ မှဲ့​ခြောက်များနှင့် တင်းတိတ်ကွက်များကို ​နေ​ရောင်အထိဆုံးဖြစ်​သော  မျက်နှာ၊ ​ခြေ၊ လက်၊ ​​ကျောနှင့် ပခုံး​တွေမှာ အများဆုံး​တွေ့ရ​လေ့ရှိပါတယ်။ နေပူထဲထွက်ပြီး အလုပ်လုပ်ရသူများတွင် ပို​မြင်တွေ့နိုင်ပါတယ်။

(၂) ဟော်မုန်း

ဟော်မုန်း level အ​ပြောင်းအလဲ အတက်အကျဖြစ်တဲ့အခါ ​ဘေးထွက်ဆိုးကျိုးက​တော့  Melasma လို့​ခေါ်တဲ့ တင်းတိတ်ကွက်များ ထွက်လာခြင်းပဲဖြစ်ပါတယ်။ အများအားဖြင့် ကိုယ်ဝန်​ဆောင်သည့်အခါနှင့် ​ဟော်မုန်း​ဆေးများ​သောက်​နေတဲ့အခါ ​(ဥပမာ-ကိုယ်ဝန်တား​ဆေးများ) တွင် ဖြစ်​ပေါ်​လေ့ရှိပါတယ်။ ဟော်မုန်း level တက်​နေတဲ့အခါ Melanocytes များကို လှုံ့​ဆော်​ပေးပြီး Melanin ဓာတ်များ ပိုထွက်​စေတာ​ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း cholasma လို့​ခေါ်တဲ့ အမဲကွက်များကို ကိုယ်ဝန်​ဆောင်တဲ့အခါ နှဖူး၊ နှာ​ခေါင်း၊ ပါးနှင့် ​မေးရိုးများတွင် ​ပေါ်ထွက်လာတတ်ပါတယ်။ Cholasma အမဲကွက်များက​တော့ က​လေးမီးဖွားပြီး ​ဟော်မုန်းပမာဏ ပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ပျောက်ကွယ်သွား​လေ့ရှိပါတယ်။ ထို့အပြင် နေ​ရောင်ခြည်နှင့် အပူဓာတ်​တွေဟာ ​ဟော်မုန်း​ကြောင့်ဖြစ်​သော ​အမဲစက်နှင့် အမဲကွက်​တွေကို ပိုဆိုး​စေတဲ့အတွက် သင်ဟာ အမဲစက်နှင့် Melasma လို့​ခေါ်တဲ့ တင်းတိတ်​တွေရှိနေသူဖြစ်မယ်ဆိုရင်  ချွေးထုတ်ခန်းဝင်မယ်၊ Hot Yoga ​ဆော့ဖို့ ရည်ရွယ်ထားပါက သင့်အသားအ​ရေအတွက် တစ်ချက်​လေးပြန်စဉ်းစားဖို့ လိုပါတယ်။

(၃) ​ရောင်ရမ်းခြင်း

အမဲစက်များဟာ တစ်ခါတစ်ရံ အ​ရေပြား​ရောင်ရမ်းခြင်း (သို့မဟုတ်) အ​ရေပြားထိခိုက်ဒဏ်ရာရပြီး​နောက် ​ပေါ်ထွက်လာတတ်ကြပါတယ်။ အထူးသဖြင့် ဝက်ခြံ၊ ezema လို့​ခေါ်တဲ့ အ​ရေပြား​ရောင်ရမ်းခြင်း အ​ခြေအ​နေများနှင့် ဓာတ်မတည့်ခြင်း allergic စတဲ့ အ​​ခြေအ​နေများဖြစ်ပြီး​နောက် ထွက်လာ​လေ့ရှိပါတယ်။ ​ရောင်ရမ်းခြင်း အ​ခြေအ​နေများဖြစ်​ပေါ်ပြီး​နောက် အမဲစက်များထွက်လာခြင်းဟာ အ​ရေပြားရဲ့ သဘာဝတုန့်ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်အ​ရေပြားဟာ ဒဏ်ရာရပြီး​နောက် ​ရောင်ရမ်းခြင်းဖြစ်ပြီး melanin ဓာတ်များ ပိုထုတ်​ပေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံများထွက်ပြီး​နောက် အမဲစက်များကျန်တတ်​လေ့ရှိတာကို အများဆုံး​တွေ့ရပါတယ်။ ရောင်ရမ်းခြင်းပိုဆိုး​လေ အမဲစက်ပိုကြီးကြီးကျန်​လေဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝက်ခြံထွက်တဲ့အခါ ဝက်ခြံကိုမဆွမိ​အောင် သတိထားခိုင်းခြင်း ဖြစ်ပါတယ်။

(၄) အသက်အရွယ်

အသက်ကြီးလာ​လေ​လေ မျက်နှာ​ပေါ်မှာ အမဲစက်များ ဖြစ်​ပေါ်လာနိုင်​လေ​လေ ဖြစ်ပါတယ်။ ဒါဟာဘာ​ကြောင့်လဲဆို​တော့ အသက်ကြီးရင့်လာတဲ့အခါMelanocytes ဆဲလ်များ အရေအတွက်နည်းပါးလာသော်လည်း အရွယ်အစားပိုကြီးလာပြီး Melanin ပိုထုတ်လာ​သော​ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတဲ့အခါ ကျွန်မတို့အ​ရေပြား​တွေဟာ ပိုပါးလာပြီး ပို​ဖျော့လာတဲ့အတွက် အမဲစက်များပို​ပေါ်လွင်လာပါတယ်။ ဒါ့ကြောင့် အသက် (၅၅) နှစ်အထက် လူကြီးအရွယ်​​တော်​တော်များများမှာ မျက်နှာ​ပေါ်တွင် အမဲစက်များ ပိုသိသာများပြားလာ​လေ့ရှိတယ်လို့ ဆိုပါတယ်။

မျက်နှာ​ပေါ်အမဲစက်မဖြစ်​စေရန်နှင့် သက်သာ​စေရန်အတွက် –

(၁) နေ​ရောင်ကာပါ
နေရိပ်ထဲတွင် တတ်နိုင်သမျှ​နေပါ။ နေပူထဲထွက်ရင် ဉီးထုပ်နှင့် UV ကာ​သော Sunscreen တစ်မျိုးမျိုးလိမ်းပါ။ SPF အနည်းဆုံး (၂၀)ပါတဲ့ Sunscreen ကို ​​ရွေးချယ်လိမ်း​ပေးပါ။ နေ​ရောင်အပြင်းဆုံးဖြစ်​သော နံနက် (၁၀)နာရီမှ နေ့လယ် (၃)နာရီအတွင်း ​နေပူထဲထွက်ခြင်း​ရှောင်ပါ။

(၂) ပူစေသာ ပတ်ဝန်းကျင်ကို​ရှောင်ပါ

ဥပမာ – Hot yoga ၊ ချွေးထုတ်ခန်းဝင်ခြင်း

(၃) Viamin C ကို အသုံးပြုပါ

Vitamin C က Melanin ထုတ်လုပ်မှုကို ​​နှောက်ယှက်တာ​ကြောင့် အမဲစက်သက်သာလိုသူများ၊ ကာကွယ်လိုသူများ အသုံးပြုနိုင်ပါတယ်။ Vitamin C ပါ​သော Serum​ တွေဟာ သင့်မျက်နှာ​ပေါ်တွင်ရှိ​နေ​သော အမဲစက်များကို သက်သာ​စေပါတယ်။

(၄) အခြားနည်းလမ်းများ

– Hydroquinone Creams နှင့် Serum များ အသုံးပြုခြင်း

– Retinoids ပါ​သော ထုတ်ကုန်များ အသုံးပြုခြင်း

-​ လေဆာကုသမှုများနှင့် peeling လုပ်ခြင်း

– Exfolliation လို့​ခေါ်တဲ့ ဆဲလ်​သေများဖယ်ခြင်း တို့ပဲ ဖြစ်ပါတယ်။

Author – Dr. Yin Yin Win


#သဘာဝ
#မျက်နှာ
#ရောင်ရမ်း
#အသက်
#အမဲ

Some text some message..