ကလေးနို့တိုက်တဲ့အခါ အစာရှောင်ခြင်းကြောင့် ကြုံတွေ့ရတဲ့ ပြဿနာ
myanmaplatform.com
|
2022-05-28

ကလေးတွေ နို့တိုက်ချိန်မှာ မေမေတွေဟာလည်း အာဟာရပြည့်ဝဖို့ လိုအပ်ပါတယ်။ အာဟာရပြည့်ဝဖို့အတွက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မျှမျှတတ စားပေးဖို့လိုအပ်ပါတယ်။ အချို့မိခင်တွေက ကိုယ်စားလိုက်တဲ့ အစားကနေ ကလေးကို ထိခိုက်မှာ စိုးတာ ကြောင့် အစာရှောင်ကြသလို အချို့မိခင်တွေကတော့ စားချင်စိတ်နည်းပါးလို့ မစားတာတွေလည်း ရှိပါတယ်။ မိခင်စားသမျှက ကလေးအပေါ်ကိုသက်ရောက်တယ်ထင်ပြီး မစားကြတာတွေလည်း ရှိပါတယ်။ နို့တိုက်မိခင်တွေ အစားရှောင်ရမှာက အခုချိန်မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ  ရှိခဲ့တာပါ။ အခြားအချိန်မှာ အစားရှောင်တာက ပြဿနာနည်းပေမယ့် နို့တိုက်ချိန်မှာတော့ အစာရှောင်တာက ကလေးငယ်ကို ထိခိုက်စေနိုင်ပါတယ်။ 

အစာရှောင်တဲ့ မိခင်ကြောင့်ကလေးတွေ မှာ အာဟာရဓာတ်တွေ ချို့တဲ့သွားတတ်ပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အစာရှောင်ပြီးနို့တိုက်တဲ့မိခင် အများစုရဲ့ ကလေးငယ်တွေမှာ အများဆုံးတွေ့ရတာကတော့ ဗီတာမင်B1 ချို့တဲ့သွား ပါတယ်။ နေကောင်းတဲ့ ကလေးငယ်တွေ ရုတ်တရက် တက်ပြီး သေဆုံးသွားကြတာကို ကြားဖူးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်တွေ တက်တာက စိတ်ဆိုးလွန်းလို့ ဖြစ်တတ်သလို ရောဂါကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ရောဂါ မရှိဘဲ ရုတ်တရက် သေဆုံးသွားတာ ( သို့)  သူငယ်နာဖြစ်တာတွေက နို့တိုက်မိခင်တွေ အစာရှောင်လွန်းပြီး ဗီတာမင် b1 ချို့တဲ့သွားတာကြောင့် ဖြစ်ပါတယ်။ 


နို့တိုက်မိခင်အများစုက မီးဖွားပြီးတဲ့အခါမှာ (သို့) မီးထွက်တဲ့အခါတွေမှာ အစာများကို ရှောင်ကြပါတယ်။ ဥပမာ ခရမ်းသီးစားရင် ကလေး လေနာမှာ စိုးရိမ်လို့ ဆိုတာတွေက အယူအဆ အမှားတွေပါ။ ကလေးမီးဖွားပြီးတဲ့အချိန်မှာ မိခင်တွေဟာလည်း ပင်ပန်းထားတာကြောင့် အားအင်ပြန်ပြည့်ဖို့ လိုအပ်ပါတယ်။ ကလေးကို နို့တိုက်ရမှာ ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်တုန်းကလိုပဲ စားပေးဖို့ လိုအပ်ပါတယ်။ အာဟာရ ပြည့်ဝအောင် စားမှသာလျှင် ကလေးလည်းကျန်းမာမှာ ဖြစ်ပါတယ်။ 


ဗီတာမင် B1 ပါတဲ့ အစားအစာတွေကဘာတွေလဲ။ မေမေတို့နဲ့ အနီးဆုံးကတော့ ဆန်(ထမင်း)ပါ။ ထမင်းချက်တဲ့အခါ ဆန်ကို ရေငှဲ့ချက်တာက ဗီတာမင် B1 ပါဝင်မှု နည်းသွားပါတယ်။ ဆန်ကို ရေဆေးတဲ့အခါမှာလည်း နာနာဆေးတာမျိုးကို ရှောင်ကျဉ်ပါ။  ရေခန်းချက်တာ၊ လျှပ်စစ်ပေါင်းအိုးနဲ့ချက်တာက ဗီတာမင် B1 ပိုရစေပါတယ်။ ဝက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ တိုဟူး၊ ဆန်လုံးညို၊ အမဲသား၊ အသည်း၊ ကြက်ဥ၊ လိမ္မော်သီး၊အုတ်ဂျုံ၊ အသည်း၊ သီဟိုစေ့၊ ဆလတ်ရွက်၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေးနဲ့ ပဲပင်ပေါက် တို့မှာ ဗီတာမင် B1 ကြွယ်ဝစွာပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသားငါး၊ အသီးအနှံနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မျှမျှတတစားပေးပါ။


ကလေးထိခိုက်မှာစိုးလို့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲစားတဲ့  မိခင်တွေလည်း ရှိပါတယ်။ ဒီလိုစားတဲ့ မေမေတွေရဲ့ နို့စို့ကလေးငယ်တွေမှာ အာဟာရချို့တဲ့ကုန်ပါတယ်။ ထွားသင့်သလောက် ထွားမလာတာနဲ့ တက်တာတွေ ဖြစ်လာပြီး အသက်အန္တရာယ်ထိခိုက်လာပါတယ်။ ဒါဆို နို့တိုက်မေမေတွေ ဘာတွေရှောင်ရမှာလဲ။ ကိုယ်ဝန်ဆောင်တုန်းကလိုပါပဲ အပူအစပ်နဲ့ သဘာဝမဟုတ်တဲ့ လွန်လွန်ကဲကဲ အချဉ်တွေသာ ရှောင်ရှားပါ။ 

ချက်ပြုတ်ထားတဲ့ ပင်လယ်စာတွေ၊ ငါးတွေကို တစ်ပတ်နှစ်ကြိမ်စားလို့ရပါတယ်။ မာကျူရီပါနိုင်တဲ့အတွက် ဆာဒင်း၊ မက်ခရယ်၊ တူနာ တို့လို ပင်လယ်ငါးတွေကို တစ်ပတ်နှစ်ကြိမ်ထက်ပိုမစားပါနဲ့။ ငါးနဲ့ပင်လယ်စာတို့ကို အစိမ်းမစားပါနဲ့။ ပူပူစပ်စပ်လေးမှ ခံတွင်းတွေ့တာလား။ ဒါပေမယ့် မိခင်က အစပ်တွေစားမယ်ဆို ကိုယ့်ရဲ့ဘေဘီလေးမှာ လေပွ၊ လေနာအပြင် ဝမ်းပျက်ဝမ်းလျှောပါ ဖြစ်တတ်ပါတယ်။ ချောကလက်နဲ့ ကော်ဖီနှစ်မျိုးအပြင် အားဖြည့်အချိုရည်နဲ့ ကိုလာတို့မှာ ကဖင်းဓာတ်ပါဝင်ပါတယ်။ ကဖင်းက ကလေးရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေတတ်လို့ နို့ထွက်များအောင်ဆိုပြီး ဒါတွေသောက်လို့ မကောင်းပါဘူးနော်။ မသောက်ဘဲမနေနိုင်ရင် အကန့်အသတ်နဲ့သောက်ပါ။ နို့ရည်ပိုထွက်အောင်လို့ အချိုရည်တွေသောက်တာ၊ အချိုများတဲ့အာဟာရမှုန့်တွေ အမြဲ ဖျော်သောက်တာမကောင်းပါဘူး။ 


တစ်ခါတစ်လေသောက်လို့ရပေမယ့် စွပ်ပြုတ်ရည်၊ ဟင်းချိုရည်နဲ့ ရေကိုပဲ အားထားပြီးသောက်သင့်ပါတယ်။ ဒါကြောင့် ကိုယ်က ကလေးအတွက် ရွေးချယ်ပေးပေမယ့် ကလေးကို ပိုပြီး ဒုက္ခဖြစ်စေနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်နော်။ 

ref: Breastfeeding


#ကိုယ်ဝန်ဆောင်
#မိခင်
#အာဟာရ
#ကိုယ်ဝန်

Some text some message..