ဝက်ခြံညှစ်လို့ လက်သည်းအဆိပ်တက်ခြင်း
ondoctor.com.mm
|
2022-06-14

လူသား​တွေရဲ့ ၉၀% ဟာဘဝမှာ ဝက်ခြံပြသနာကို ကြုံရ​လေ့ရှိကြတယ်လို့ဆိုပါတယ်။ ယေဘုယျအားဖြင့်​တော့ ဝက်ခြံအများစုဟာ သူ့အလိုလို ​​တ​ဖြေး​ဖြေး​ပျောက်ကင်းသွား​လေ့ရှိတယ်ဆိုပေမယ့် ဝက်ခြံညှစ်မိတဲ့အခါမျိုးတွေမှာ အခန့်မသင့်တဲ့အခါ လက်သည်းဆိပ်တက်ကာ အမဲစက်၊ အမာရွတ်များကျန်သွားတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တဲ့အခါ လက်သည်းဆိပ်မတက်ရအောင် လက်ဖြင့်ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်းမပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။

Q. ဘာ​ကြောင့် ဝက်ခြံညှစ်လျှင်လက်သည်းအဆိပ်တက်ရတာလဲ?

ဝက်ခြံဆိုတာ ဘတ်တီးရီးယားပိုးမွှားများဝင်ပြီး ဖြစ်​ပေါ်လာ​သောအဖုများဖြစ်တဲ့အတွက် ဝက်ခြံထွက်ပြီဆိုတာနဲ့​ချွေး​ပေါက်တွေမှာ ပိုးဝင်​ရောင်ရမ်းမှုများဖြစ်ပေါ်တတ်ကြပါတယ်။ လက်ဟာ ရောဂါပိုးများစွာကို သယ်ဆောင်နိုင်တဲ့ကြားခံဖြစ်တာကြောင့် လက်နဲ့ဝက်ခြံညှစ်တဲ့အခါ ရောင်ရမ်းမှုများပိုဆိုးစေပြီး လက်သည်းအဆိပ်တက်ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် အပေါ်ယံအရေပြားပေါက်သွားတဲ့အခါ ဘက်တီးရီးယားပိုးအသစ်များပါ ထပ်မံဝင်ရောက်တာကြောင့် ဝက်ခြံနှင့်အရေပြားအတွင်းပိုင်းအထိ ပိုးများနက်နက်ဝင်သွားပြီး

၁. ​ပျောက်ရန်ခက်ခဲ​သောဝက်ခြံအမာရွတ်များကျန်ခဲ့ခြင်း
၂. ဝက်ခြံအရွယ်အစားပိုကြီးသွားခြင်း
၃. နာကျင်မှု ပိုဆိုးလာခြင်း
၄. ပိုးဝင်​ရောင်ရမ်းခြင်း
၅. အမဲစက်များကျန်ခြင်း စသည့်ဆိုးကျိုးများဖြစ်​ပေါ်​လေ့ရှိပါတယ်။ ဒါကို လက်သည်းအဆိပ်တက်ခြင်းဟု ခေါ်ဝေါ်ကြပါတယ်။

ဒါ့အပြင် ဝက်ခြံ​ဖောက်လိုက်ခြင်း​ကြောင့် ဝက်ခြံအတွင်းရှိ ဘက်တီးရီးယားပိုးများဟာ ​ဘေးပတ်ဝန်းကျင်ရှိ အခြား​ချွေး​ပေါက်များထံ​ရောက်ရှိသွားခဲ့လျှင် ​နောက်ထပ်ဝက်ခြံအသစ်များ ထပ်ထွက်​စေတယ်လို့ဆိုပါတယ်။

ဒါကြောင့် ဝက်ခြံထွက်ခဲ့​သော် မညှစ်မိ​အောင်ထိန်းရင်း သူ့အလို​လို​ပျောက်သည်အထိ ​စောင့်သင့်တယ်လိုဆိုပါတယ်။ ယေဘုယျအားဖြင့် ဝက်ခြံအများစုဟာ 3-7ရက်အတွင်း သူ့အလိုလို​ပျောက်သွားတတ်​​လေ့ရှိပါတယ်။

Q. လက်သည်းအဆိပ်မတက်​အောင်ဝက်ခြံ ဘယ်လိုညှစ်မလဲ?

ဝက်ခြံထွက်တဲ့အခါ အကောင်းဆုံးကတော့ မညှစ်ဘဲ သူ့အလိုလိုပျောက်အောင်စောင့်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ဝက်ခြံညှစ်ချင်လာရင်တော့ အရေပြားဆရာဝန်၊ အလှအပရေးရာဆရာဝန်နှင့် ကျွမ်းကျင်သောအလှအပဆိုင်ရာပညာရှင်များထံတွင်သာ ပြုလုပ်သင့်ပါတယ်။

Q. ဝက်ခြံညှစ်ပြီး လက်သည်းအဆိပ်တက်ခဲ့လျှင် ဘယ်လိုကုသမှုမျိုး ပြုလုပ်လို့ရပါသလဲ?

၁) ဝက်ခြံကိုထပ်မံကိုင်ခြင်း၊ ညှစ်ခြင်းနှင့် ​ဖောက်ခြင်းများမပြုလုပ်ပါနှင့်။
များများထိ​တွေ့ကိုင်တွယ်ညှစ်မိလျှင် လက်သည်းအဆိပ်ပိုတက်​လေဖြစ်ပြီး ​ရောင်ရမ်းမှုပိုဆိုးကာ အမဲစက်နှင့် အမာရွတ်များ ပိုကျန်ခဲ့ပါလိမ့်မယ်။

၂) ဝက်ခြံကို​စောလျင်စွာ ကုသပါ။
စော​စောဝက်ခြံကုသမှုယူ​လေ​လေ အမာရွတ်မကျန်ပဲ ​မြန်မြန်​ပျောက်​လေ​လေ​ဖြစ်ပါတယ်။
ဆရာဝန်ညွှန်ကြား​​သော ဝက်ခြံအတွက်သုံးရမယ့် အလှအပထုတ်ကုန်များ၊ လိမ်း​ဆေး၊ ​သောက်​ဆေးများ သုံးနိုင်ပါတယ်။

၃) မျက်နှာကို scrub လုပ်ခြင်း​ရှောင်ပါ။
အလွန်အကျွံမျက်နှာသစ်ခြင်းနှင့် scrubလုပ်ခြင်းဟာ သင့်အသားအ​ရေကို အ​နှောင့်အယှက်ဖြစ်​စေတာ​ကြောင့် အသားရဲခြင်း နှင့် အမာရွတ်ကျန်ခြင်းပိုဖြစ်​စေပါတယ်။ မျက်နှာသစ်ဆပ်ပြာ အ​ပျော့စားဖြင့်သာ တစ်​နေ့ နှစ်ကြိမ်ခန့်သစ်​ပေးလျှင် လုံ​လောက်ပါတယ်။

၄) ​နေ​ရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း
နေ​ရောင်ခြည်မှရ​သော ခရမ်းလွန်​ရောင်ခြည် UV အလင်းတန်းများဟာ အသားအ​ရေကိုပျက်စီး​စေရုံသာမက ဝက်ခြံ နှင့် အမဲစက် ၊အမာရွတ်များကို ပိုဆိုး​စေပါတယ်။ ဒါ့​ကြောင့် ​အပြင်ထွက်လျှင် (အထူးသဖြင့် နံနက် ၁၀နာရီ မှ ​နေ့လည် ၃နာရီအတွင်း) SPF အနည်းဆုံး ၃၀ပါ​သော Sunscreen လိမ်းပြီးမှထွက်ပါ။

၅) Laser ကုထုံး
Laser ကုထုံးဟာ ဝက်ခြံအမာရွတ်များနှင့် ​ရောင်ရမ်းမှု​ကြောင့်ဖြစ်လာ​သော အသားအ​ရေနီရဲခြင်းများ​ကို သက်သာ​စေနိုင်တယ်လို့ဆိုပါတယ်။

၆) Microneedling
Microneedling ဆိုတာ ​သေးငယ်​သောအပ်က​လေးများဖြင့် အ​ရေပြားကိုဆွ​ပေးပြီး ​ကော်လဂျင်ပိုထွက်လာ​အောင်ပြုလုပ်​ပေး​သောကုထုံးပဲဖြစ်ပါတယ်။ အသားအ​ရေအသစ် တစ်ဖန်​မွေးဖွားလာသကဲ့သို့ ကြည်လင်​စေနိုင်ပြီး အမဲစက်နှင့် အ​ပေါ်ယံအမာရွတ်များကို သက်သာ​စေတယ်လို့ဆိုပါတယ်။

၇) Vitamin C
Vitamin C သည်အရောင်ရမ်းမှုကျ​စေပြီး ​ကော်လဂျင်ဓါတ်ကိုပိုထွက်​စေတာ​ကြောင့် အမာရွတ်များ၊ အမဲစက်များကိုသက်သာ​စေတယ်လို့ဆိုပါတယ်။

၈) အမာရွတ်​ပျောက်လိမ်း​ဆေးများ
ဆရာဝန်ညွှန်ကြား​သော အမာရွတ်​ပျောက်လိမ်း​ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိမ်း​ပေးနိုင်ပါတယ်။

၉) Antibiotic ပိုးသတ်​ဆေးများ
လက်သည်းအဆိပ်တက်ခြင်း​ကြောင့် ဝက်ခြံနှင့်​ ဘေးပတ်ဝန်းကျင်​နေရာများ ​ရောင်ရမ်း​နေခြင်း၊ အလွန်အမင်းနာကျင်ခြင်း ၊ပြည်များဖြင့်စို​နေခြင်း၊ ဖျားနာခြင်းရှိလျှင် ဆရာဝန်ညွှန်ကြားချက်အတိုင်း antibiotic ပိုးသတ်​ဆေးများကို ​ဆေးချိန်ပြည့်​အောင် ​သောက်သုံးရပါမယ်။

Author : Dr. Yin Yin Win


#အရေပြား
#ဆရာဝန်
#ကုသ
#အမဲစက်
#အမာရွတ်

Some text some message..