
ဘေဘီလေးတွေက မွေးဖွားစမှာ လေနာကို ခံစားရတာ မဟုတ်ပါဘူး။ မွေးဖွားပြီး ၂ ပတ်လောက် ဒါမှမဟုတ် ၃ လ၊ ၄လလောက်ရောက်မှ ဘေဘီလေးက လေနာ တာကို ခံစားရတာပါ။ ဘေဘီလေးတွေမှာ အဖြစ် အများဆုံး ကျန်းမာရေး ပြဿနာတစ်ရပ်က လေနာ တာပါ။ လေနာတာက ကလေးတိုင်းလိုလိုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာပါ။ ကလေးက ညနေဘက်လောက်ရောက်လာတဲ့အခါ အကြောင်းအရင်းမရှိဘဲ ငိုနေတာက လေနာတဲ့ လက္ခဏာတစ်ရပ်ပါ။
လေနာရတဲ့ အကြောင်းရင်းကတော့ တိတိကျကျမရှိပါဘူး။ နာချင်တဲ့ကလေးမှာ နာပြီး လပိုင်းလောက်နေရင် အလိုလိုပျောက်သွားပါတယ်။ တချို့ကလည်း မေမေရဲ့ စားသောက်မှု ပုံစံကြောင့် ဖြစ်နိုင်သလို မိခင်နို့အပြင် နို့မှုန့်ပါ သောက်နေတဲ့ ဘေဘီလေးတွေမှာဆိုရင်တော့ ဘေဘီလေးသောက်သုံးနေတဲ့ အာဟာရမှုန့်တွေထဲမှာ ကလေးနဲ့ ဓာတ်မတည့်တဲ့အရာတွေပါဝင်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ နို့နဲ့ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးတွေမှာ လေနာဖြစ်သလို လက္ခဏာတွေပြတတ်ပါသေးတယ်။

မိခင်ရဲ့ အစားအစာကြောင့် လေနာတတ်သလား
အတိအကျပြောလို့မရပါဘူး။ တချို့ကလည်း တိုက်ဆိုင်တာ ရှိသလို တချို့က အမေစားတဲ့ အစားအစာကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်စေတဲ့ အစားအစာလည်း တူချင်မှ တူမှာပါ။ တချို့က အမေ ကြက်ဥစားရင် လေနာတယ်။ တချို့က အမေ ဂေါ်ဖီထုပ်စားရင် လေနာတယ် စသဖြင့်ပေါ့။ ဒါကြောင့် ကလေးလေနာတတ်တဲ့ နို့တိုက်မိခင်တွေက တစ်နေ့တာ ကိုယ်ဘာစားလဲဆိုတာကို စာရင်းလုပ်ထားပါ။ ဘာစားတဲ့နေ့ဆို ကလေး လေပိုနာသလဲ။ တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ်ဆိုရင် ရှောင်ကြည့်ပါ။ ရှောင်ကြည့်လို့ သက်သာရင် ကလေးနို့တိုက်နေသရွေ့ ရှောင်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

လေနာတဲ့ ကလေးတွေ ငိုရင် ဘယ်လိုလဲ
ဘေဘီလေးတွေ ငိုနေတိုင်းတော့ လေနာနေတယ်လို့ တထစ်ချ ဆိုလို့ မရပါဘူး။ လေနာတဲ့အခါ ကလေးမှာ ငိုတာနဲ့ အတူ အခုလို လက္ခဏာလေးတွေ တွေ့ရပါတယ်။ အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ ဆာတာလည်းမဟုတ်၊သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင်၊ ညနေတိုင်းအချိန်မှန်ငိုနေတာကနေ့တိုင်းဖြစ်နေခဲ့ရင်၊ တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျော်လောက်အထိငိုနေမယ်ဆိုရင်၊ အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင်၊ ဘယ်လိုမှချော့လို့မရဘဲဖြစ်နေရင်၊ လက်သီးကို ဆုပ်ရင်းငိုနေရင်၊ သူရဲ့လက်ရောခြေထောက်ရောကို ဗိုက်ဆီကိုကွေးညွတ်ထားရင် ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ ငိုနေရင်၊ ဗိုက်ထဲကလေပွနေတာမျိုးဖြစ်နေရင်၊ မျက်နှာနီရဲပြီးငိုနေရင်၊ ဗိုက်ကြွက်သားလေးတွေတင်းနေရင် ဘေဘီလေးက လေနာနေတာပါ။ ဒါကြောင့် ဒီလိုငိုနေရင် သတိထားပါ။
မိခင်နို့ တစ်မျိုးတည်းကို အားကိုးနေရတဲ့ ဘေဘီလေး လေနာမဖြစ်စေဖို့ ဆိုရင် မေမေတို့အနေနဲ့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဒါလေးတွေကို ရှောင်စားဖို့ လိုပါမယ်။ ဒါက ယေဘူယျပဲ ဖြစ်ပြီး ကိုယ့်ကလေးက ဘာစားရင် လေနာတတ်လဲဆိုတာကိုတော့ ကိုယ့်ဟာကိုယ် မှတ်ထားရမှာပဲ ဖြစ်ပါတယ်။

အချိုရည်တွေ
နို့တိုက်နေချိန်မှာ မေမေ့အနေနဲ့ အချိုရည်တွေ မသောက်သင့်ပါဘူး။ အချိုရည်တွေ သောက်သုံးတာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ တိုးစေပြီး ဘေဘီလေးကို လေနာတာအပါအဝင် အခြားသော ကျန်းမာရေး ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။

ကဖင်းပါတဲ့ သောက်စရာတွေ
လက်ဖက်ရည်၊ ကော်ဖီတို့လိုမျိုး ကဖင်းပါတဲ့ သောက်စရာတွေက လေထတာ လေပွတာတွေကို ဖြစ်စေနိုင်ပါတယ်။ မေမေ့ အနေနဲ့ ကဖင်းပါတာတွေကို သောက်သုံးမယ်ဆိုရင် ဘေဘီလေးမှာ လေပွတာ၊ လေနာတာတွေ ဖြစ်စေနိုင်ပါတယ်။

ပဲ
ပဲလွန်း၊ ပဲပိစပ်တို့လိုမျိုး ပဲတွေက ဘေဘီလေးကို လေပွစေနိုင်သလို လေနာတာကြောင့် သက်တောင့်သက်သာ မရှိတာမျိုး ခံစားရစေနိုင်ပါတယ်။

အားဖြည့် အချိုရည်တွေ
နို့တိုက်နေချိန်မှာ အားဖြည့် အချိုရည်တွေ သောက်သုံးတာက ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တာရှည်ခံပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့် မေမေ့ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဘေဘီလေးကိုလည်း လေနာစေနိုင်ပါတယ်။

အပူအစပ်တွေ
အပူအစပ်တွေက ခံတွင်းတွေ့စရာ ဆိုပေမယ့် ဘေဘီလေး ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

အသင့်စား သရေစာတွေ
အသင့်စား သရေစာတွေက အာဟာရ ပါဝင်မှုနည်းပြီး တာရှည်ခံ ပစ္စည်းတွေ ပါဝင်မှု များတာကြောင့် ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်စေနိုင်သလို ဘေဘီလေးကို လေနာ ဖြစ်စေနိုင်ပါတယ်။

အခွံမာသီးတွေ
အခွံမာသီးတွေက ပရိုတင်းနဲ့ အဆီ ကြွယ်ဝတဲ့ အစားအစာတွေပါ။ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုပေမယ့် အယ်လ်မွန်စေ့ နဲ့ သီဟိုဠ်စေ့လိုမျိုး အခွံမာသီးတွေက ဘေဘီလေးကို လေထစေနိုင်ပါတယ်။

ဥအမျိုးမျိုး
ဥအမျိုးမျိုးက အာဟာရ ကြွယ်ဝတယ်ဆိုပေမယ့် ဥတွေရဲ့ အကာတွေက ဘေဘီလေးကို လေနာစေနိုင်ပါတယ်။

ဂေါ်ဖီမျိုးရင်းဝင် ဟင်းသီးဟင်းရွက်တွေ
နို့တိုက်မေမေအနေနဲ့ အာဟာရ ပြည့်အောင် အသီးအရွက်တွေ စားပေးရမယ်ဆိုပေမယ့် ဂေါ်ဖီ မျိုးရင်းဝင်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်တွေက ဘေဘီလေးကို လေနာစေနိုင်တာကြောင့် နို့တိုက်မေမေတွေအနေနဲ့ မစားသင့်ပါဘူး။
တစ်ခုရှိတာက လေနာတာကို ကာကွယ်လို့ မရပါဘူး။ နာချင်တဲ့ ကလေးက နာကို နာပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးလေနာတာကို ကာကွယ်ဖို့ဆိုပြီး အစားတွေ ကြိုပြီး မရှောင်သင့်ပါဘူး။ နို့စို့ကလေးက လိုအပ်တဲ့အာဟာရမှန်သမျှကို မိခင်နို့ဆီက ရနေတာကြောင့်ပါ။
ref: baby colic