
ကိုယ်ဝန်ရှိစဉ်အချိန်မှာ အမျိုးသမီးတိုင်း မအီမသာ ဖြစ်ခြင်းကို ခံစားကြရပါတယ်။ စိတ်ဖိစီးမှု များလေလေ ပိုပြီး ခံစားရလေလေ ဖြစ်တတ်ပါတယ်။ အဆိုးမြင်စိတ်ကို တတ်နိုင်သမျှ ရှင်းပစ်ပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပင်ပင်ပန်းပန်းနဲ့ လုပ်ရတဲ့သူတွေ ရှိသလို သက်တောင့်သက်သာ နေရတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတိုင်းအတွက် အကြံပြုချက်တွေ ပြောပြပေးလိုက် ပါတယ်နော်။
(၁) ရေကို အလုံအလောက်ယူသွားပါ
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ရေဓာတ် ခမ်းခြောက်တာမျိုးမဖြစ်အောင် ရေကို သောက်ပေးပါ။ ဘယ်ကိုပဲ သွားသွား အိမ်ကနေ ထွက်တဲ့အခါမှာ ရေနဲ့ အစာကိုလုံလောက်အောင် ယူဆောင်သွားပါ။ အစားအသောက် ပိုလည်း အိမ်မှာပဲ ချက်ပြုတ်စားပါ။ အမှိုက်တွေနဲ့ ဝေးဝေးနေတာ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။

(၂) အလုပ်ကို နားနားပြီးလုပ်ပါ
အလုပ်လုပ်တဲ့အချိန်မှာ တောက်လျှောက်ကြီးလုပ်နေတာထက် နားနားပြီးလုပ်ပါ။ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတာ (သို့) မျက်လုံးမှိတ်ထားကာ ထိုင်ခုံပေါ်မှာ အနားယူတာမျိုးလုပ်ပါ။ သွေးလည်ပတ်မှု ကောင်းစေရန်အတွက် လမ်းလျှောက်တာမျိုးလည်း လုပ်ပေးပါ။

(၃) ကိုယ်နေဟန်ထား မှန်အောင်နေပါ
အလုပ်လုပ်နေစဉ်မှာ ကိုယ်နေဟန်ထားမှန်အောင် ကောင်းမွန်အောင်နေဖို့ လိုအပ်ပါတယ်။ လမ်းလျှောက်တာ ဖြစ်စေ၊ ထိုင်တာဖြစ်စေ ကျောကို C ပုံစံဖြစ်အောင် မထိုင်ပါနဲ့။ ကိုယ်နေဟန်ထားမှန်မှသာလျှင် ကိုယ်ဝန်ဆောင် ချိန်မှာ ကျန်းမာမှာ ဖြစ်ပါတယ်။

(၄) ပြင်းပြင်းထန်ထန် လှုပ်ရှားတာမလုပ်ပါနဲ့
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပြင်းပြင်ထန်ထန် လှုပ်ရှားတာမျိုးမလုပ်ပါနဲ့။ လေးလံတဲ့အရာတွေကို ကိုယ်တိုင်မတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ကိုယ်တိုင်အပင်ပန်းမခံပါနဲ့။

(၅) ကော်ဖီသောက်ခြင်း (သို့) ဆေးလိပ်သောက်တာ ရှောင်ကြဉ်ပါ
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကော်ဖီသောက်တာ (သို့) ဆေးလိပ်သောက်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ကဖင်းနဲ့ နီကိုတင်းများလွန်းခြင်းက ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် တဲ့အချိန်မှာ ကော်ဖီနဲ့ ဆေးလိပ်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

(၆) ဆိုင်ကယ်စီးတာကို ဆင်ခြင်ပါ
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကြမ်းတမ်းတဲ့လမ်းများပေါ်တွင် ဆိုင်ကယ်စီးတာမျိုးမလုပ်ပါနဲ့။ လမ်းမှာ ရှိတဲ့ အဖုအထစ်တွေ ဆိုင်ကယ်စောင့်တာမျိုးဖြစ်တဲ့အချိန်မှာ ခန္ဓာကိုယ်က မလိုအပ်တဲ့ အလှုပ်အရှားများကို ဖြစ်စေပါတယ်။ လမ်းကြောင်းတစ်ခုက အလွန်ကြမ်းတမ်းနေပါက အခြားလမ်းဖြူးတဲ့နေရာကနေ လမ်းကြောင်းပြောင်းပြီးသွားတာမျိုးလုပ်ပါ။ တစ်ခု သတိထားရမှာကတော့ လနုသေးတဲ့အချိန်မှာ ဆိုင်ကယ်စီးတာကို အတတ်နိုင်ဆုံးဆင်ခြင်သင့်ပါတယ်နော်။

(၇) သစ်သီးဖျော်ရည်များများသောက်ပါ
ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ကဖင်းနဲ့ Alcohol ပါတဲ့ အရက်တွေကိုမသောက်ပါနဲ့။ သဘာဝသစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။ သဘာဝသစ်သီးတွေက ရေဓာတ်ကို ရရှိစေသလို ဓာတ်သတ္တုတွေကို ရရှိစေပါတယ်။ ခန္ဓာကိုယ်အတွင်း ကြွက်တက်ခြင်းများကို ရှောင်ရှားနိုင်ရန်အတွက် ရေဓာတ် ပြည့်ဝဖို့လည်း လိုအပ်ပါတယ်နော်။ ကိုယ်ဝန်ဆောင် တဲ့အချိန်မှာ ရေဓာတ် ပြည့်ဝနေပါက ဖောင်းပွခြင်း (သို့) ပျို့အန်ခြင်းတွေကို ဖြစ်နိုင်ခြေ နည်းနိုင်ပါတယ်။

(၈) သက်တောင့်သက်သာ ရှိတဲ့ အဝတ်အစားဝတ်ပါ
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သက်တောင့်သက်သာ ရှိတဲ့ အဝတ်အစားတွေကို ဝတ်ပါ။ တင်းကြပ်တဲ့ အဝတ်အစားများ မဝတ်ပါနဲ့။ ကိုယ်ဝန်ဆောင်မိခင်များအတွက် ထုတ်ထားတဲ့ အဝတ်အစားတွေကို ရွေးဝတ်တာက ပိုအဆင်ပြေပါတယ်။ ချည်သားအဝတ်အစားတွေကို ရွေးချယ်ဝတ်သင့်ပါတယ်နော်။
ref: Working Women During Pregnancy