အလွယ်တကူ ဓာတ်မတည့်တတ်သူတို့ သိထားသင့်တဲ့ လက်ဝတ်ရတနာနဲ့ ကျန်းမာရေး
lifestylemyanmar.com
|
2022-08-20

နူးညံ့တဲ့ အသားအရေပိုင်ရှင် အများစုမှာ ဖြစ်တတ်တာက လက်ဝတ်ရတနာနဲ့ မတည့်တာမျိုးပါ။ မတည့်တဲ့ ရွှေဖြူ၊ ငွေ၊ ကြေး၊ နီကယ်ဒြပ်၊ သံ ၊ စတီး တို့ဝတ်မိရင် အနီကွက်များထခြင်း၊ ယားယံလာခြင်း၊ ဖူးရောင်လာတာမျိုးနဲ့ အဖိန့်ထလာခြင်းတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုမတည့်တဲ့အရာများကို မဝတ်မိအောင်ရှောင်ဖို့က ခဲယဉ်းပါတယ်။

လက်ဝတ်ရတနာဒီဇိုင်းတွေမှာ ပုံစံအမျိုးမျိုးနဲ့ နီကယ်ဒြပ်စင်ကို အများဆုံးသုံးထားတတ်ပြီး ဒီ နီကယ်ဒြပ်နဲ့ မတည့်သူများပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း ကိုယ်လိုချင်တဲ့ နာရီဒီဇိုင်းကို ကိုယ်နဲ့တည့်တာနဲ့ မှာဝတ်လာတာ တွေ့ကြရမှာပါ။


ဥပမာ ဆွဲကြိုးဒီဇိုင်းကြိုက်လို့ ဝယ်ပါတယ်။ ကိုယ်နဲ့မတည့်တဲ့ ဒြပ်သားနဲ့ လုပ်ထားတာဆိုရင် လည်ပင်းသားနဲ့ ထိမယ့်နေရာကို တိတ်အကြည်ပတ်ပြီး ဝတ်ရင်ရပါတယ်။ ဆွဲကြိုးက ငွေဖြစ်နေလို့ ဝတ်မရဘူးဆိုရင် သားရည်ကြိုးနဲ့ ပြောင်းဆွဲလို့ရပါတယ်။

နားကပ်အလွယ်တကူ ဝတ်လို့မရရင် နားကပ်ရဲ့ အနောက်ဖင်နေရာကို Antibiotic Ointment ကို သုတ်ဝတ်ပါ။ နားရောင်တာ ယားတာတွေကို မဖြစ်စေပါဘူး။ နားကပ်မဝတ်ခင် နားကပ်နောက်ဖင်ကို အရက်ပျံစွတ်ပြီး အရင်ပိုးသတ်တာကောင်းပါတယ်။ ဆိုင်မှာ လူပေါင်းစုံ ဝတ်ကြည့်ထားပြီးသားဖြစ်နိုင်လို့ အရေပြားရောဂါ အလွယ်ကူးစက်နိုင်ပါတယ်။


ကိုယ်က အလွယ် ဓာတ်မတည့်တတ်သူဆိုရင် ကိုယ့်ပစ္စည်းတွေကို သူများနဲ့အတူမသုံးပါနဲ့။ မိသားစုအချင်းချင်းတောင် ယူမသုံးသင့်ပါဘူး။ လက်ဝတ်ရတနာများကို ပုံမှန်သန့်စင်သင့်ပါတယ်။နားကပ်ဆို ပိုတောင် မျှဝေမဝတ်သင့်ပါဘူး။ အရေပြားရောဂါပိုး ကူးစက်ယုံတင်မကဘဲ နားထဲထိ ပိုးရောက်ပြီး နားသွေးယိုခြင်း၊ နားထဲအနာဖြစ်ခြင်း၊ နားပြည်တည်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ဈေးပေါတဲ့ လက်ဝတ်ရတနာတွေကို ဝယ်ဝတ်မိပြီဆိုရင် Antibiotic Cream ကို ဆောင်ထားပါ။ မဟုတ်ရင် ထိခိုက်လွယ်််တဲ့ အသားအရေပိုင်ရှင်တွေဟာ သာမန် ငွေထည်၊ သံထည်၊ စတီး စသည်တို့နဲ့ လုပ်ထားတာဝတ်မိရင် ဆေးရုံရောက်တဲ့အထိ အခြေအနေဆိုးတတ်ပါတယ်။


ဒါကြောင့် နားကပ်၊ လက်ကောက် ၊ လက်စွပ်တို့ ဝတ်ခါနီးရင် အရက်ပျံလေးနဲ့ အရင်ဆေးလိုက်ပါ။ ဒါမှမဟုတ် Antibiotic Cream သုတ်လိမ်းပြီးမှ ဝတ်တာပိုကောင်းပါတယ်။တစ်စုံတစ်ခု ဝတ်လိုက်တာနဲ့မတည့်ရင် ချက်ချင်းယားယံပြီး အနီကွက်တွေ ဖုတွေ ထလာတတ်သလို အသားတွေခြောက်ပြီး အရေခွံတွေ ကွာတာလည်း ဖြစ်တတ်ပါတယ်။ တခါတလေ ကိုယ်ဝတ်လိုက်တဲ့ လက်ဝတ်ရတနာရဲ့ဓာတ်နဲ့ ကိုယ့်အသားအရေနဲ့ မတည့်တာမျိုးဆို အသားအရေ အရောင်ပြောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကိုယ်က ဘယ်လို အရာဝတ္ထုနဲ့ မတည့်ဘူးဆိုတာကို သိသင့်လေ့လာသင့်ပါတယ်။ တချို့လက်ဝတ်ရတနာများမှာ ပါဝင်တဲ့ဓာတ်တွေက ကိုယ်နဲ့မတည့်တာပါလာရင် အချိန်အကြာကြီး မဝတ်ပါနဲ့။ လက်ဝတ်ရတနာတွေ ဘာနဲ့ပဲလုပ်ထားလုပ်ထား ညဝတ်မအိပ်သင့်ပါဘူး။ တစ်နေ့တာ ဝတ်ထားတဲ့ပစ္စည်းတွေက ကိုယ်နဲ့တစ်နေ့လုံး ထိတွေ့မှုများနေမှာ သေချာပါတယ်။


ဥပမာ ရေချိုးရင် ဆပ်ပြာတွေ ကပ်ကျန်ခဲ့နိုင်ပါတယ်။ ဒါကိုမသိပဲ ဝတ်ပြီးအိပ်မယ်ဆို ဆပ်ပြာက အသားအရေကို တစ်ညလုံးတိုက်စားပြီး အရေပြားပွန်းပဲ့ကာ အနီကွက်ထတာ အသားအလွှာလိုက်ကွာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝတ်ဆင်တဲ့ လက်ဝတ်ရတနာများကို ရေနွေး၊ ရတနာသန့်စင်ရေတို့နဲ့ မကြာခဏ သန့်စင်ပေးနိုင်မှ Allergy မှ ကာကွယ်နိုင်မှာပါ။

ပြီးလျှင် Lotion များများ လူးထားသင့်ပါတယ်။ ပေါင်ဒါနည်းနည်းလိမ်းပြီးမှ လက်ဝတ်ရတနာဝတ်ရင်လည်း Allergy ဖြစ်တာ ကာကွယ်ပေးပါတယ်။ အသားအရေနူးညံ့သူတွေဟာ လက်ဝတ်ရတနာများဝတ်ဆင်ရာမှာ ပေါ့ပါးပြီး ချောင်ချောင်ချိချိပဲ ဝတ်သင့်ပါတယ်။ ဝတ်ထားတဲ့ပစ္စည်းများ ကြပ်နေရင် အဲဒီနေရာမှာ အနာဖြစ်သွားနိုင်ပါတယ်။


ဘယ်လိုပစ္စည်းမျိုးကိုဝတ်ဝတ် အဓိက က ကိုယ်ဝတ်မယ့်ပစ္စည်းလုပ်ထားတာ ဘာနဲ့လဲ ဘယ်က ဝယ်တာလဲ စသဖြင့် လေ့လာပြီးမှ ကိုယ်ပေါ်တင်ပါ။ အသားအရေထိခိုက်လွယ်််တဲ့ အသားအရေပိုင်ရှင်များ လှချင်တာ တစ်ခုတည်းပဲကြည့်ပြီး လက်ဝတ်ရတနာများကို အလွယ်မဝယ်သုံးမိကြပါစေနဲ့။

Lifestyle_Myanmar

ref-bustle


#အသားအရေ
#အရက်
#အနာ
#ကျန်းမာရေး
#အရေပြားရောဂါ

Some text some message..