မျက်လုံးကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာစေနိုင်မယ့် အလေ့အကျင့်ဆိုးများ
lifestylemyanmar.com
|
2022-11-03

တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာပဲ အလုပ်တွေလုပ်ရင်းအချိန်ကုန်နေရတဲ့ သူတွေအတွက်ကတော့ မျက်လုံးကျန်းမာရေးအတွက် စိတ်ပူစရာတွေတော့ရှိလာပါပြီ။ မျက်လုံးဆိုတာလူတစ်ယောက်အတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် မျက်စိကျန်းမာရေးကိုလည်း သေချာဂရုစိုက်ပေးနိုင်မှ အန္တရာယ်တွေမဖြစ်နိုင်မှာပေါ့။

၁. စမတ်ဖုန်းကို အမြဲစိုက်ကြည့်ခြင်း

စမတ်ဖုန်းရဲ့မျက်နှာပြင်က ဘယ်လောက်ပဲ ကြီးလှပါတယ် ဘယ်နှစ်လက်မ ရှိတယ်ပဲ ဆိုစေကာမူ တီဗီဖန်သားပြင်လောက်တော့ မကြီးနိုင်တာမို့ ဒီသေးသေးလေးကိုပဲ စူးစိုက်ပြီး စာဖတ်ခြင်းက နောက်တစ်နေ့မှာ သင့်မျက်လုံး နာသလိုခံစားလာရတဲ့ အကြောင်းအရင်းဖြစ်နိုင်ပါတယ်။

အထူးသဖြင့် နားနားနေနေ တစ်စက်မှမလုပ်ဘဲ နာရီပေါင်းများစွာ အသုံးပြုမယ်ဆိုရင် အမြင်အာရုံဝေဝါးလာခြင်း၊ မျက်စိခြောက်ခြင်း၊ မူးဝေခြင်းနဲ့ ပျို့အန်ချင်သလိုဖြစ်ခြင်း စတဲ့ အခြေအနေတွေကို ကြုံတွေ့လာရပါလိမ့်မယ်။ ဒါကြောင့် မိနစ် ၂၀ တစ်ခါလောက် သင့်မျက်လုံးကို ခဏတာ ဖုန်းနဲ့ခွာပြီး အနားပေးလိုက်ပါ။ ဒါမှမဟုတ် ဖုန်းပေါ်က စာသားဆိုဒ်ကို ခပ်ကြီးကြီးလေးထားပြိး အသုံးပြုပါ။


၂. ညဖက်တွေ တီဗီကြည့်ခြင်း

တီဗီသာမက ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တို့လို စခရင်မ်တွေကို ညဖက်အိပ်ရာမဝင်ခင် အမှောင်ထဲမှာ အသုံးပြုခြင်းက မျက်စိအတွက် မကောင်းပါဘူး။ အလင်းရောင် Levels တွေက ခဏခဏ ပြောင်းလဲနေပြီး ဒီလိုပြောင်းလဲမှုကို မျက်စိက လိုက်ပြီးကြည့်နေရတာမို့ မျက်စိနာခြင်း၊ စပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိခြောက်ခြင်း၊ နီရဲခြင်းတို့ကို ဖြစ်လာစေနိုင်ပါတယ်။

ပိုဆိုးတာကတော့ သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်လာစေမှာပါပဲ။ ညဖက် စာလေးဖတ်ပြီးမှ အိပ်ချင်တယ်ဆိုရင် လုံးဝအမှောင်ထဲမှာ သုံးတာမဟုတ်ဘဲ အိပ်ရာဘေးမှာ မီးအိမ်လေးဖွင့်ပြီး အသုံးပြုပေးပါ။


၃. မျက်ကပ်မှန်တွေ မချွတ်မိဘဲ ညအိပ်ခြင်း

တစ်ခါတစ်လေ အိမ်ပြန်နောက်ကျလို့ တအားပင်ပန်းနေပြီမို့ တပ်ထားတဲ့ မျက်ကပ်မှန်တွေလည်း မချွတ်နိုင်တော့ဘဲ တန်းအိပ်လိုက်တာမျိုးကို တချို့လူတွေ လုပ်မိတတ်ကြမှာပါ။ ဒီလိုမျိုး တစ်ခါတစ်လေပါ ဆိုပြီး အမှုမဲ့ အမှတ်မဲ့နေလိုက်ခြင်းက ‌ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားရုံသာမက မျက်စိကို နာတာရှည်ထိခိုက်ပျက်စီးမှုအထိ ဖြစ်ပွားစေနိုင်ပါတယ်။ သည့်အတွက် ဘယ်လောက်အချိန်မရှိရှိ ပင်ပန်းနေပါစေ လက်ကိုသေချာပြောင်စင်အောင်ဆေးကြောပြီး မျက်ကပ်မှန်ထုတ်ပြီးမှ အိပ်ဖို့အကြံပြုချင်ပါတယ်။


၄. မျက်စိပွတ်ခြင်း

ဖုန်းတွေအကြည့်များလို့၊ ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်တာကြာလာလို့ မျက်စိထောင့်တွေ ကျိန်းစပ်ပြီး ယားယံလာတဲ့အခါ ပွတ်မိကြတာ သဘာဝပါ။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်ဖက်ကကြည့်ရင် လုံးဝလုံးဝ မလုပ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

တအားယားလို့ဆိုပြီး အသားကုန်ပွတ်လိုက်မိတဲ့အခါ မျက်ခွံအောက်က သွေးကြောတွေကို ပြတ်တောက်သွားစေနိုင်လို့ မျက်စိယားတဲ့အချိန်တွေဆို အအေးတစ်ခုခု ကပ်ပေးလိုက်ပါ။


၅. မျက်စဥ်းအခပ်များခြင်း

မျက်စိတွေစပ်လို့ဆိုပြီး မျက်စဥ်းခပ်ကြတာက တစ်ခဏတာ သက်သာမှုကိုသာဖြစ်စေနိုင်ပါတယ်။ လိုတာထက်ပိုပြီး မျက်စဥ်းအသုံးပြုမိမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ မျက်စိကိုယားယံကျိန်းစပ်လာစေပါလိမ့်မယ်။ အကယ်လို့ ဆရာဝန်တွေက အသုံးပြုဖို့ပြောထားတဲ့ မျက်စဥ်းတွေဆိုရင်လည်း ဆရာဝန်တွေပြောတဲ့အတိုင်း သေချာလိုက်နာပြီး ခပ်ပေးပါ။


၆. မျက်လုံးမိတ်ကပ်အသုံးမှားခြင်း

မျက်လုံးအနီးတစ်ဝိုက်မှာ အသုံးပြုတာမှန်သမျှက မျက်လုံးကို ထိခိုက်မှုဖြစ်စေဖို့ အလားအလာရှိတာတွေထဲမှာ ပါဝင်နေပါတယ်။ ဥပမာပြောရရင် Mascara, အိုင်းလိုင်နာ , အိုင်းရှဲဒိုး , Eye Cream တို့ပါ။

မျက်စိက အင်မတန်အရေးကြီးတာမို့ မျက်လုံးနဲ့သက်ဆိုင်တဲ့ အလှကုန်တွေကို သုံးလထက်ပိုမသုံးပါနဲ့။ မည်းမှောင်စိုစွတ်တဲ့ နေရာတွေမှာဆို ဘက်တီးရီးယားတွေက ပိုပေါက်ဖွားတတ်လို့ သင်အသုံးပြုနေတဲ့ Mascara ကလည်း ဘက်တီးရီးယားတွေ စုဝေးနေနိုင်ပါတယ်။


၇. အိပ်ရေးမဝခြင်း

အိပ်စက်ခြင်းက လူတစ်ဦးတစ်ယောက်ရဲ့ဘဝမှာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဒီလိုအရေးကြီးတဲ့ အိပ်စက်မှု မလုံလောက်တော့ဘူးဆိုရင် ဝိတ်တက်လာမယ်၊ depression ဝင်လာမယ်၊ ကိုယ်ခံအားလည်းကျလာမယ် ဒါ့အပြင် မျက်လုံးနဲ့ပတ်သက်ပြီးတော့လည်း မျက်ခွံတွေလှုပ်လာမယ်၊ မျက်လုံးတွေခြောက်မယ်၊ အမြင်အာရုံဝေဝါးလာမယ် နောက်ပြီး နာကျင်လာပါလိမ့်မယ်။ ဒါကြောင့် တစ်ညကို အနည်းဆုံး ၇ နာရီ အိပ်ချိန်ရှိရမှာဖြစ်ပြီး အိပ်ရာမဝင်ခင် တတ်နိုင်သမျှ စမတ်ဖုန်းမသုံးမိအောင် ရှောင်ရှားပါ။


Lifestyle_Myanmar

ref- womansday


#ကျန်းမာရေး
#သဘာဝ
#မျက်စိ
#စမတ်ဖုန်း
#တီဗီ

Some text some message..