
မိန်းကလေးအများစုဟာ ရာသီလာချိန်မှာ ကိုက်ခဲတတ်ပါတယ်။ တချို့ဆိုရင် ရာသီလာတိုင်းမှာ ချုပ်စာတွေမစားဘဲနဲ့ကို အလူးအလဲခံစားရပြီး ကိုက်တာပါ။ ရာသီလာချိန်မှာ ဒီလိုကိုက်ခဲနေတာတွေကို သက်သာပျောက်ကင်းဖို့ လုပ်ဆောင်ရမှာတွေနဲ့ ဆင်ခြင်သင့်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
စားသုံးသင့်တဲ့အစားအစာများ
ရာသီလာချိန်မှာကိုက်ခဲတတ်တဲ့သူတွေဟာ သွေးအားကောင်းစေတဲ့အားဆေးတွေ၊ သံဓာတ်အားဖြည့်ဆေးတွေကို တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရပါမယ်။ သွေးအားကောင်းမှလည်း ရာသီသွေးကပုံမှန်ဆင်းနေမှာပါ။ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေကို များများစားပေးပါ။ နေ့တိုင်းစားပေးနိုင်ရင်ပိုကောင်းပါတယ်။ အသီးအရွက်ပဲစားပေးရမယ်လို့မဆိုလိုပါဘူးနော်။ အသားငါးတွေကိုလည်း အာဟာရဖြစ်အောင်စားပေးရပါတယ်။ အသီးအရွက်ကိုလည်း မဖြစ်မနေစားပေးရပါတယ်။ ရာသီလာနေတဲ့အချိန်မျိုးမှာဆိုရင် ပိုပြီးတောင်စားပေးရပါတယ်။

ရှောင်ကြဉ်သင့်တဲ့အစားအစာများ
ရာသီလာချိန်နဲ့ ရာသီလာခါနီးမှာ ကဖင်းဓာတ်ပါတာတွေကို ရှောင်ကြဉ်တာအကောင်းဆုံးပါ။ ကော်ဖီ၊ အရက်၊ ဘီယာနဲ့ အငန်ဓာတ်ပါတာတွေကိုလည်း ရှောင်ပေးပါ။ ချုပ်စာတွေကိုလည်း ရှောင်ကြဉ်ပေးရပါမယ်။ ဥပမာ – လက်ဖက်လိုချုပ်စာတွေပေါ့။ နွားနို့၊ ချိစ်၊ ခရင်မ်စတာတွေကိုလည်း ရှောင်ပေးပါ။ ဒါတွေကတော့ အဓိကရှောင်ပေးရမှာလေးတွေပါ။
နာကျင်ကိုက်ခဲတာတွေသက်သာစေဖို့
ရာသီလာချိန်မှာနာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ ဗိုက်ကိုရေနွေးအိတ်လေးကပ်ပေးပါ။ ပူနေမှ ရာသီသွေးကဆင်းတာပါ။ ကိုက်ခဲနေတာတွေကလည်း ပူနေရင်သက်သာစေပါတယ်။ ဒါကြောင့် ဗိုက်နဲ့ခါးကို ပရုတ်ဆီပူနေအောင်လိမ်းပြီး ရေနွေးအိတ်ကပ်ပေးမယ်ဆိုလည်း အဆင်ပြေပါတယ်။
အဓိကကတော့ ရာသီလာနေချိန်မှာ နွေးနွေးထွေးထွေးနေပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဂျင်းပြုတ်ရည်လည်း သောက်ပေးဖို့လိုပါတယ်။ ရာသီလာချိန်မှာ အရမ်းကိုက်ခဲနေရင် ရေချိုးတဲ့အခါမှာ ရေအေးနဲ့မချိုးဘဲ ရေနွေးလေးနဲ့စိမ်ပြီးချိုးပေးရင် ကိုက်ခဲတာတွေ အနည်းငယ်သက်သာစေပါတယ်။ ဒီအချက်တွေက သင့်ရဲ့နာကျင်ကိုက်မှုတွေကို သက်သာစေမှာပါ။

သတိထားဆင်ခြင်ရမယ့်အရာများနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု
ရာသီလာချိန်မှာ Gym ဆော့မယ့်အစား ယောဂလုပ်ပေးတာက ပိုကောင်းပါတယ်။ ရေများများသောက်ပြီး အိပ်ရေး၀၀အိပ်ပေးဖို့လည်း လိုပါတယ်။ အရေးအကြီးဆုံးကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ရာသီလာနေတဲ့အချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်ပေးပါ။ ရာသီသွေးဆင်းတာနည်းနည်း၊ များများ Pad တစ်ခုကို တစ်နေကုန်မသုံးပါနဲ့။ တစ်ချို့က အဲ့လောက်မဆင်းဘူးဆိုပြီး Pad ကိုမလဲပဲထားတတ်ပါတယ်။ ဒါမျိုးလုံးဝမလုပ်သင့်ပါဘူးနော်။
လေးနာရီခြားတစ်ခါလဲပေးရင်တော့ အကောင်းဆုံးပါ။ Pad ဝယ်သုံးတဲ့အခါမှာလည်း ပိုက်ဆံကိုမနှမြောပါနဲ့။ အရည်အသွေးကောင်းတဲ့ Pad ကိုဝယ်သုံးပါ။ အရည်အသွေးမကောင်းတဲ့ Pad တွေကိုဝယ်သုံးမိရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

Lifestyle_Myanmar
ref-ngage.evewellness