သန့်ရှင်းရေးလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ
lotaya.mpt.com.mm
|
2023-02-06

သန့်ရှင်းရေးလုပ်တာက စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးရော နှစ်မျိုးလုံးကို တစ်ကယ် ကောင်းကျိုးပေးတဲ့ အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။ကိုယ်ကိုယ်တိုင်ရော ကိုယ့်ရဲ့ ပတ်ဝန်းကျင်ရောက သန့်ရှင်းသပ်ရပ်နေ မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်ကလည်း အလိုလို ပြောင်းလဲလာတတ်ပါတယ်။

ဒါကြောင့် သပ်သပ်ရပ်ရပ်နေခြင်းက လူတစ်ယောက်အပေါ်မှာ ဘယ်လိုမျိုး ကောင်းတဲ့ အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို အောက်မှာ တစ်ချက်ကြည့်လိုက်ကြရအောင်နော်။


1.သန့်ရှင်းရေး လုပ်ခြင်းက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းလာစေတယ်

သင်ဟာ ကိုယ်ခံအားစနစ် အားနည်းတဲ့ သူပဲ ဖြစ်ဖြစ် ဖုန်မှုန့်တွေကြောင့် ယားယံတာ ခဏခဏဖြစ်တတ်တဲ့သူမျိုးဆိုရင် ဒီအချက်က အရမ်းကို အရေးကြီးပါတယ်။ခုလိုမျိုး ဆောင်းရာသီ ကာလမှာဆိုရင် ပိုပြီးတော့တောင် လေညစ်ညမ်းမှုတွေ ဖုန့်မှုန့်, ပိုးမွှားအစရှိတာတွေက အိမ်ထဲ ဝင်နိုင်တာမို့လို့ သတိထားဖို့လိုပါတယ်။ အချို့ပညာရှင်တွေက အိမ်ထဲမှာ ရှိတဲ့ လေညစ်ညမ်းမှုက အပြင်က လေညစ်ညမ်းမှုထက်တောင် ပိုဆိုးတယ်ဆိုပြီးလည်း ပြောကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို ဒီထက်ပိုပြီး မဆိုးစေချင်ဘူးဆိုရင် အိမ်မှ ရှိတဲ့ ပစ္စည်းတွေကို သေချာ သန့်ရှင်းရေး လုပ်တာတို့ အမှိုက်တွေကို ပုံမှန်ပစ်တာ အစရှိတဲ့ အလေ့အကျင့်လေးတွေကို ပြုလုပ်ကြဖို့ ပြောချင်ပါတယ်။


2.သန့်ရှင်းရေး လုပ်ခြင်းက စိတ်ဖိစီးမှုကို သက်သာစေပါတယ်

သန့်ရှင်းရေးလုပ်တာက ခန္ခာကိုယ်ကို အနည်းငယ်ပင်ပန်းစေပေမယ့် စိတ်ကိုတော့ အေးချမ်းစေနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ရင်း ဒါမှမဟုတ် လုပ်ပြီးလို့ သန့်ရှင်းသွားတာကို တွေ့လိုက်ရတဲ့ ခံစားချက်က စိတ်ကို အများကြီး သက်သာစေတာကတော့ အမှန်ပါပဲ။ သန့်ရှင်းရေးလုပ်ရင်း လာဗင်ဒါအနံ့လိုမျိုး ပါတဲ့ ပစ္စည်းလေးတွေ သုံးပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

3.သန့်ရှင်းတဲ့ အိပ်ခန်းက ညကောင်းကောင်းအိပ်ပျော်အောင် အကူအညီပေးတယ်

ကိုယ့်ရဲ့ အိပ်ခန်းက သပ်သပ်ရပ်ရပ်နဲ့ အိပ်ချင်စဖွယ်လေးဖြစ်နေတယ်ဆိုရင် ကိုယ်တိုင်လည်း စိတ်သက်သာရာရပြီး ညကျလည်း ကောင်းကောင်း အိပ်ပျော်စေပါတယ်။ကိုယ့်ရဲ့ အိပ်ရာခင်းကို ပုံမှန်လဲပေးတာမျိုး အခန်းကို လေဝင်လေထွက်ကောင်းအောင်လုပ်တာမျိုးကလည်း ညဘက် ကောင်းကောင်း အိပ်ပျော်အောင် အများကြီး အကူအညီပေးပါတယ်။


4.သန့်ရှင်းသပ်ရပ်တဲ့ နေရာက သင့်ရဲ့ တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်

ဒီလိုမျိုး ကိုယ်ရှိနေတဲ့ နေရာက သပ်ရပ်ပြီး လေဝင်လေထွက်လည်း ကောင်းတဲ့နေရာမျိုးဆိုရင် ရှိနေတဲ့အချိန်မှာ အလုပ်လုပ်ရင်လည်း စိတ်ပိုကြည်လင်ပြီး ကိုယ့်ရဲ့ တွေးခေါ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။

5.သန့်ရှင်းရေးလုပ်ခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပိုမို ကောင်းမွန်အောင် လုပ်ပေးပါတယ်

လူတိုင်းဟာ သန့်ရှင်းရေး လုပ်ရတာကို မကြိုက်ချင်ရင်နေမယ် သန့်သန့်ရှင်းရှင်းလေး နေရတာကို ကြိုက်နှစ်သက်ကြတာတော့ လူတိုင်းနီးပါးပါပဲ။ အပြင်က ပြန်လာတဲ့အချိန်မှာ ကိုယ့် အိမ်/အခန်းထဲကို ဝင်သွားလို့ ညစ်ပတ်နေတာကို တွေ့ရမယ်ဆိုရင် အပြင်မှာ ရလာတဲ့ စိတ်ဖိစီးမှုက ၂ဆလောက်ဖြစ်သွားတဲ့ အချိန်မျိုး ကြုံဖူးကြလား မသိဘူး?

အဲ့လိုမဟုတ်ဘဲ ကိုယ့်အခန်းလေးက သန့်ရှင်းသပ်ရပ်နေတာမျိုးဆိုရင် အပြင်မှာ စိတ်မကြည်စရာရှိခဲ့တယ်ဆိုရင်တောင် စိတ်မရှုပ်စေတော့ဘဲ စိတ်သက်သာရာရစေပါတယ်။

ဒါကြောင့် သန့်သန့်ရှင်းရှင်းနေထိုင်တာက ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာလည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိတာမို့လို့ ဒီ ကောင်းတဲ့ အလေ့အကျင့်လေးကို လိုက်နာပေးဖို့ မမေ့ကြနဲ့နော်။

#cleaning #goodhabits #stressless #happylife

(Akhayar Lifestyle)


#ကျန်းမာရေး
#စိတ်ဖိစီးမှု
#အလေ့အကျင့်
#အကျိုးကျေးဇူး
#ကိုယ်ခံအား

Some text some message..