Brain Aneurysm ရဲ့ လစ်လျူမရှုသင့်တဲ့ လက္ခဏာများ
myanmaplatform.com
|
2023-02-15

ဦးနှောက်သွေးကြောပေါက်ခြင်းဆိုတာ မိမိတို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားဖူးနေကြ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ဒီရောဂါဟာ သတိထားသင့်သလား။ ဘယ်လောက်အန္တရာယ်များသလဲဆိုတာ ဆေးပညာရပ်ကနေ ပြောကြားထားတာတွေအများကြီးပါပဲ။ ဦးနှောက်အတွင်းမှာရှိတဲ့ သွေးလွှတ်ကြောတစ်ခုခု ပေါက်သွားတာမျိုးကို ဦးနှောက်သွေးကြောပေါက်ခြင်းလို့ ဆိုတာဖြစ်ပါတယ်။ သွေးကြောနံရံတွေ အားနည်းလာပြီး ပေါက်ပြဲသွားတာ၊ သို့မဟုတ် ပေါက်ကွဲသွားတာကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီအခါမှာ ဦးနှောက်တွင်း သွေးယိုစီးခြင်း - hemorrhagic stroke ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအခါမှာတော့ အချိန်မီဆေးရုံတင်နိုင်တာမျိုး ဖြစ်ခဲ့ရင် အသက်ကယ်တင်နိုင်မှာဖြစ်ပေမယ့် အများဆုံးကတော့ သေဆုံးသွားတတ်ကြတယ်လို့ UK National Health Services (NHS) က ပြောဆိုထားပါတယ်။ အခုဖော်ပြပေးမှာကတော့ သူ့ရဲ့ လစ်လျူရှုမထားသင့်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

သွေးကြောပေါက်ပြဲသွားခြင်းနဲ့ သွေးကြောမကွဲဘဲ ပေါက်သွားခြင်း

စကားလုံးက ရှုပ်ထွေးသွားနိုင်ပါတယ်။ စိတ်မပူပါနဲ့။ နားလည်အောင် ရှင်းပြပေးပါမယ်။ ဥပမာ -စက်ဘီးကျွတ်တစ်ခုလို့ ဦးနှောက်သွေးကြောတစ်ခုကို မြင်ကြည့်လိုက်ပါ။ ပေါက်ပြဲသွားတယ်ဆိုတဲ့ နေရာမှာ အဲဒီကျွတ်က ဖိအားဒဏ်ကို မခံနိုင်လို့ ပြဲပြီးကွဲသွားတာမျိုးပါ။ တကယ်လို့ ဦးနှောက်သွေးကြောက အဲဒီလို ပေါက်ပြဲသွားတယ်ဆိုရင် ဆေးဘက်ဆိုင်ရာအရ အရေးပေါ်အခြေအနေဖြစ်နေပါပြီ။ ဦးနှောက်တွင်း သွေးယိုစိမ့်မှု များပြားနေပြီဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ပြတတ်တဲ့ လက္ခဏာတွေကတော့ ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်။ ပျို့အန်မယ်။ အော့အန်မယ်။ လည်ပင်းကြီးက ကြီးပေါင်းတက်သလို တောင့်တင်းနေမယ်။ အလင်းရောင်ကို အာရုံမခံနိုင်ဘူး။ မကြာခဏတက်မယ်။ သတိလစ်မယ်။ နောက်ဆုံးတစ်ခုကတော့ အမြဲတမ်းစိတ်ရှုပ်ထွေးနေတတ်တာမျိုးပါ။ နောက်ထပ်ဖြစ်တတ်တဲ့ သွေးကြောမကွဲဘဲ ပေါက်နေတာပါ။ အဲဒါကတော့ အပ်ဖျားလေးလောက်ရှိတဲ့ စူးက ကျွတ်ကို စူးမိထားသလိုပါ။ လေစိမ့်နေတာမျိုး ဖြစ်တတ်တာပါ။ ဒီအခြေအနေက အများအားဖြင့် လက္ခဏာ မပြတတ်ဘဲ အချို့ဆိုရင် မွေးကတည်းက ပါလာတတ်တာ။ ဒါမှမဟုတ် အရွယ်ရောက်ပြီးမှ ဖြစ်နေတာမျိုးတွေပါ။ ဒီလိုအခြေအနေမှာဆိုရင်တော့ အမြင်အာရုံမှာ ပြဿနာတွေ ဖြစ်နေမယ်။ မျက်လုံးတစ်ဝိုက်နဲ့ မျက်ခွံတွေမှာ နာကျင်နေတတ်တယ်။ မျက်နှာတစ်ဖက်မှာ ထုံကျင်နေတာမျိုး ဒါမှမဟုတ် အားနည်းနေသလို ခံစားနေရတာမျိုး။ စကားပြောရခက်ခဲနေတာမျိုး။ ခေါင်းကိုက်နေတာမျိုးနဲ့ ခန္ဓာကိုယ်က လှုပ်ရှားလိုက်တိုင်း ဟန်ချက်မညီတာမျိုးတွေ ဖြစ်နေမှာဖြစ်ပါတယ်လို့ Mayo Clinic က ဖော်ပြထားပါတယ်။


ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း

ဒီအခြေအနေကတော့ ထူးခြားပါတယ်။ NHS ကတော့ "thunderclap headache." လို့ သုံးနှုန်းထားပါတယ်။ သွေးကြောပေါက်ခြင်း အခြေအနေနှစ်မျိုးရှိပါတယ်။ နှလုံးကနေ သွေးတွေကို ညှစ်ထုတ်လိုက်ချိန်မှာ အချို့က ခန္ဓာကိုယ်တွင်းကို စီးဆင်းတာဖြစ်ပြီး နောက်တစ်ခုက ဦးနှောက်ကို စီးဆင်းသွားတာပါ။ အဲဒီလိုအခြေအနေမှာ ဦးနှောက်ကို သွားတဲ့ သွေးကြောတွေဟာ နှလုံးက ပို့လွှတ်လိုက်တဲ့ ဖိအားကြောင့်သော်လည်းကောင်း အခြားသော ခန္ဓာကိုယ်တွင်း ဆိုးကျိုးကြောင့်သော်လည်းကောင်း စူလာပြီး ကွဲထွက်တာမျိုးဖြစ်တတ်ပါတယ်။ ဦးနှောက်တွင်း သွေးထွက်လွန်နေပြီဆိုရင် ရုတ်တရက်ခေါင်းကိုက်တာကို ခံစားရမှာပါ။ ပုံမှန်အနေအထားအတိုင်း ကိုက်တာ မဟုတ်ဘဲ ဦးခေါင်းကြီး တစ်ခုလုံး ကွဲထွက်တော့မတတ် ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာမျိုးပါ။


ခန္ဓာကိုယ် သို့မဟုတ် မျက်နှာတစ်ဖက် ထုံကျင်ခြင်း

ဒီအခြေအနေကိုတော့ သတိထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ အခြေအနေတွေက ရောထွေးနေတတ်လို့ပါ။ သင့်အနေနဲ့ အဲဒီလို ခံစားနေရပြီဆိုရင် ဦးနှောက်သွေးကြောကျဉ်းနေတာလားဆိုတာကို စမ်းသပ်ရတော့မှာပါ။ ဦးနှောက်သွေးကြောဟာ ပေါက်ပြဲပြီး သွေးယိုစိမ့်တာမျိုးမဖြစ်ဘဲ မပေါက်ပြဲဘဲနဲ့ သွေးကြော စူနေတာကြောင့်ပါ။ မျက်နှာထုံကျင်လာပြီဆိုရင် ဦးနှောက်သွေးကြောကျဉ်းတာမျိုးတစ်ခုတည်းမဟုတ်ဘဲ Bell's palsy, multiple sclerosis (MS) သို့မဟုတ် လေဖြတ်နိုင်တဲ့ လက္ခဏာလည်းဖြစ်နိုင်ပြန်ပါတယ်။ ဒါကြောင့် ရောဂါကို သေချာ ရှာဖွေစစ်ဆေးသင့်တယ်လို့ NHS က အကြံပြုထားပါတယ်။


အမြင်အာရုံဆုံးခြင်း သို့မဟုတ် မြင်ကွင်းနှစ်ထပ်ဖြစ်နေခြင်း

ဒါကတော့ လူတိုင်းဖြစ်ဖူးပါတယ်။ နေပူထဲသွားပြီး ပြန်လာချိန်၊ ဓါမှမဟုတ် ရေဓာတ်အားနည်းနေချိန်၊ အခြားသော အခြေအနေတစ်ခုခုမှာ မြင်ကွင်းနှစ်ထပ်ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အဲဒီလို အမြင်အာရုံပိုင်း အခြေအနေဟာ မူမမှန်တော့ဘဲ ပုံမှန်လိုဖြစ်လာပြီဆိုရင် ဦးနှောက်သွေးကြောပေါက်ခြင်းလက္ခဏာနဲ့ သက်ဆိုင်လာနိုင်ပါတယ်။ ရောဂါအခြေအနေအရ ကျယ်သွားတဲ့ သူငယ်အိမ်ရဲ့ အနောက်ဘက်မှာ နာကျင်တဲ့ ခံစားမှုကိုပါ ရရှိလာပါလိမ့်မယ်။ ဒါဆိုရင် သင့်အနေနဲ့ သတိပြုရတော့မှာပါ။

ဘယ်သူတွေအဖြစ်များသလဲ

Mayo Clinic ရဲ့ အဆိုအရတော့ လူတိုင်းဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ အဲဒီအထဲကမှ အသေးစိတ်အကျဆုံးကတော့ အသက်အရွယ်ကြီးလာသူတွေ၊ စီးကရက်အလွန်အကျွံသောက်သုံးသူတွေ၊ သွေးတိုးရှိသူတွေ၊ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေ၊ အရက်အလွန်အကျွံ သောက်သုံးသူတွေနဲ့ ယခင်က ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးသူတွေက ဦးနှောက်သွေးကြောပေါက်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ပြဲခြင်းတွေကို ဖြစ်နိုင်ချေရှိတယ်လို့ ဆိုထားပါတယ်။

Ref; Brain Aneurysm: Signs that should not be ignored


#ဦးနှောက်
#ခေါင်းကိုက်
#သွေးကြော
#BrainAneurysm
#hemorrhagicstroke

Some text some message..