မြင်ကွင်းကြည်လင်ဖို့ မျက်မှန်ကို စနစ်တကျဆေးစို့
byohls.com
|
2023-07-26

            အမြင်အာရုံအားနည်းသူတွေအတွက် မျက်မှန်ဟာ ကိုယ်နဲ့မကွာဆောင်ထားရတဲ့ မရှိမဖြစ် ပစ္စည်းပဲ ဖြစ်ပါတယ်။ မျက်မှန်ကို ပုံမှန်သမားရိုးကျ တပ်ခါနီးမှ မျက်မှန်သုတ်ဝတ်နဲ့ သုတ်တာ၊ အင်္ကျီအနားနဲ့ သုတ်တာ၊ တစ်ရှူးနဲ့ သုတ်တာ စသဖြင့် လုပ်လေ့ရှိကြပါတယ်။ ကိုယ်က မှန်တယ်ထင်လို့ ပြုမူလိုက်တဲ့အလေ့အထတွေဟာ တကယ်တမ်း လက်တွေ့မှာတော့ အသုံးမဝင်တာမျိုး၊ အကျိုးမရှိတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မျက်မှန်ကို စနစ်တကျဆေးကြောတဲ့ နည်းလေးတွေ၊ စနစ်တကျသိမ်းဆည်းနည်းလေးတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပေးလိုက်ပါတယ်။

မျက်မှန်ဆေးတဲ့အခါ အရင်ဆုံး သင့်လက်ကို သေချာစင်ကြယ်အောင် ဆေးရမှာပဲ ဖြစ်ပါတယ်။ပြီးရင် မျက်မှန်ကို ပန်းကန်ဆေးဆပ်ပြာရည်သုံးပြီး အဆီနဲ့အညစ်အကြေးတွေ ကပ်ငြိနေနိုင်တဲ့ မျက်မှန်ကိုင်းတွေနဲ့ နှာခေါင်းနားက နှာထောက်တွေကို သေချာသန့်စင်အောင် ဆေးကြောပေးပါ။ ဆပ်ပြာမြှုပ်အနည်းငယ်နဲ့ မှန်ဘီလူးတွေကို ညင်သာစွာ ပွတ်တိုက်ဆေးကြောပေးပါ။နောက်တစ်ဆင့်အနေနဲ့ ခြောက်သွေ့သန့်ရှင်းတဲ့ မျက်မှန်သုတ်ပဝါတစ်ခုနဲ့ မျက်မှန်ကိုင်း၊ မှန်တွေကို ရေခြောက်အောင် သုတ်ပါမယ်။ ထပ်ပြီး မျက်မှန်မှန်ဘီလူးတွေကို မှန်ကြည်ဆေး အနည်းငယ်သုံးပြီး သုတ်ပေးပါမယ်။ ဒါဆိုရင်တော့ မျက်မှန်ကို စနစ်တကျဆေးပြီးပါပြီ။အခု ထပ်ပြီးတော့ မျက်မှန်ကို စနစ်တကျသိမ်းဆည်းနည်းလေးကို ပြောပြပေးပါမယ်။ 

မျက်မှန်မတပ်ထားတဲ့ အချိန်တွေမှာ မျက်မှန်ကို သူ့ဘူးနဲ့သူ စနစ်တကျသိမ်းပေးထားပါ။ မျက်မှန်ဘူးထဲမထည့်ဘဲ စားပွဲပေါ်မှာ တင်တာ၊ ကြုံတဲ့နေရာချထားတာတွေကြောင့် ဖုန်မှုန့်အညစ်အကြေးတွေ ကပ်ငြိသွားနိုင်ပါတယ်။ 

မျက်မှန်စိုနေတဲ့အချိန်တိုင်း သုတ်ဖို့ မမေ့ပါနဲ့။

မျက်မှန်ကို သုတ်တဲ့ မှန်ကြည်ဆေးသုံးတဲ့အခါ အယ်လ်ကိုဟောပါတဲ့ အမျိုးအစားကို မသုံးပါနဲ့။ အယ်လ်ကိုဟောရဲ့ အာနိသင်ကြောင့် မှန်ဝါးသွားတာမျိုး ဖြစ်တတ်တာကြောင့်ပါ။

မျက်မှန်ကို တပ်ခါနီး ဖုန်သုတ်တဲ့အခါ အင်္ကျီစ၊ တစ်ရှူးစ စတာတွေကို အသုံးမပြုပါနဲ့။ မှန်မှာ ခြစ်ရာနဲ့ အစင်းရာတွေ ထင်စေနိုင်တဲ့အတွက်ကြောင့်ပါ။

အပေါ်မှာပြောခဲ့တဲ့ မျက်မှန်ကို စနစ်တကျဆေးနည်းကို တစ်ပတ်တစ်ကြိမ်လုပ်ပေးဖို့ မမေ့ပါနဲ့။

နောက်ထပ်လည်း တစ်ကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းလေးတွေရဲ့ သန့်ရှင်းရေးနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။


#သန့်ရှင်းရေး
#မျက်မှန်
#ဆပ်ပြာ
#အညစ်အကြေး
#အမြင်အာရုံ​

Some text some message..