
ရန်ကင်းစိုးမင်း ။ မြန်မာတိုင်းမ်နေ့စဉ်
မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စုပေါင်းလှူဒါန်းပွဲကို မေ ၂၁ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် ပြည်လမ်း ဆေးတက္ကသိုလ် (၁) ခန္ဓာ ဗေဒဌာန၌ ပြုလုပ်ခဲ့သည်။
မျက်ကြည်လွှာ
"ရန်ကုန်မျက်စိဆေးရုံကြီးအမျိုးသားမျက်စိ ဘဏ်မှာ တစ်နှစ်ကို မျက်ကြည်လွှာ ၁၀ဝဝခန့် လိုအပ်လျက်ရှိပါတယ်။အမျိုးသားမျက်စိဘဏ် နဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ် ဌာနမှာလည်း မျက်ကြည်လွှာလှူဒါန်းမှုတွေကို လက်ခံဆောင် ရွက်ပေးနေပါတယ်။ နေ့စဉ် သေဆုံးသူတွေ ရှိနေသော်လည်း မျက်ကြည်လွှာလှူဒါန်းသူ နည်းနေပါသေးတယ်။နောက်တစ်ခုက ရန်ကုန် မြို့ ခုတင် ၅၀ဝ ဆေးရုံကြီးမှာလည်း ခန္ဓာကိုယ်အစိတ်အပိုင်း ကျောက်ကပ်၊အသည်း စတာ တွေကို လှူဒါန်းလို့ရပါတယ်။ ခန္ဓာကိုယ်လှူ ဒါန်းလိုသူတွေကတော့ ရန်ကုန်ဆေးတက္ကသိုလ် (၁) မှာ လှူဒါန်းရမှာ ဖြစ်ပါတယ်။"
မသိကြ
"စေတနာရှင်အလှူရှင် တော်တော်များများ က လှူဒါန်းလို့ရတယ်ဆိုတာ သိပေမယ့် ဘယ် လိုလှူရမှန်း မသိကြပါဘူး။ လှူဒါန်းရင်လည်း မျက်စိဆေးရုံကြီး၊ ခုတင် ၅၀ဝအထူးကုဆေး ရုံးကြီးနဲ့ ဆေးတက္ကသိုလ် (၁) သုံးနေရာကို သွားရောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။"
စုပေါင်း
"စေတနာရှင်အလှူရှင်တွေအဆင်ပြေ ချောမွေ့စေဖို့အတွက် တစ်နေ့တည်း၊ တစ်နေရာ တည်းမှာ သုံးမျိုးစလုံးကို စိတ်ချမ်းသာစွာနဲ့ လှူဒါန်းနိုင်အောင်အခုလို ပထမအကြိမ်စုပေါင်း လှူဒါန်းပွဲကို စီစဉ်ကျင်းပရတာ ဖြစ်ပါတယ်" ဟု စေတနာဖြင့် စုစည်းကူညီသူ ဦးဇေသူကိုကို က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါ သုံးမျိုးစလုံးလာရောက်လှူဒါန်းသူ ဗဟန်း မြို့နယ်မှ မသဉ္ဇာကျော်ကလည်း "ကျွန်မက ခန္ဓာကိုယ်အပေါ်အစွဲအလမ်းမရှိပါဘူး။အခု ဘဝမှာလှူတာဟာ နောက်ဘဝအတွက် ကောင်းမှုကုသိုလ်ဖြစ်ပါတယ်။ ခန္ဓာကိုယ် လှူ တာကတော့ ဆေးပညာသင်ကြားရာမှာ လက် တွေ့များများလုပ်နိုင်မှသာ နောင်လာနောက် သားတွေရဲ့ ကျန်းမာရေးကို ပိုမိုထိထိရောက် ရောက် ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ် တွင်းအင်္ဂါအလှူနဲ့ ပတ်သက်ပြီးလည်း ကျွန်မ သေဆုံးသွားရင်တောင် ကျွန်မရဲ့ ကိုယ်တွင်းအင်္ဂါတွေဟာအလှူခံပုဂ္ဂိုလ်အသက်ရှင်သရွေ့ တည်ရှိနေမှာ ဖြစ်ပါတယ်။
မျက်ကြည်လွှာအလှူကလည်း ကျွန်မရဲ့ မျက်ကြည်လွှာကိုအသုံးပြုပြီးအလှူခံပုဂ္ဂိုလ်အသက်ရှင်နေသရွေ့အလင်းရမှာဖြစ်တဲ့အတွက်အလွန်မွန်မြတ်တဲ့အလှူဖြစ်ပါတယ်"ဟု ဖွင့်ဟခဲ့သည်။
ဆက်လက်ကျင်းပမည်
မေ ၂၁ ရက်က မျက်ကြည်လွှာ၊ ခန္ဓာ ကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများ စုပေါင်းလှူဒါန်း ပွဲတွင် မျက်ကြည်လွှာအလှူရှင် ၇၁ ဦး၊ ခန္ဓာ ကိုယ်လှူဒါန်းသူ ၆၉ ဦး၊အတွင်းအင်္ဂါလှူဒါန်း သူ ၆၀ လှူဒါန်းခဲ့ကြသည်။ လစဉ်လတိုင်း ၂၁ ရက်တွင် မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ် တွင်းအင်္ဂါလှူဒါန်းပွဲကို ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။