မတည့်တဲ့အစားအသောက်ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ
hellosayarwon.com
|
2019-06-05

ဖေ့ဘွတ် ဟာ သတင်းအစုံအလင် သိရဖို့အတွက်အရမ်းကိုအဆင်ပြေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သတင်းအချက်အလက်အမှားတွေနဲ့အဆိပ်အတောက်ဖြစ်စရာတွေလည်းအရမ်းကိုများပါတယ်။ သေချာ သုံးသပ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင် မမှန်ကန်တဲ့အချက်အလက်တွေ လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီးသားဖြစ်နေတတ်ပါတယ်။

အဆိပ် ကိုအဆိပ်မှန်းမသိလို့ စေတနာနဲ့တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ်ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာကတော့အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့

မီးဖိုချောင် ထဲမှာ ချိတ်ဆွဲထားတတ်ကြတဲ့ မတည့်သောအစားအစာများဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲကအစားအသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။

အစားအစာတွေ ဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ်။အလွန်အကျွံမဟုတ်ရင်အစားအသောက်အချင်းချင်းမတည့်ဘူးဆိုတာ ရှားပါးပါတယ်။ ဒါပေမယ့်အဲဒီ မတည့်သောအစားအသောက်များဆိုတဲ့ကတ်ပြားကိုကြည့်လိုက်မယ်ဆိုရင် လူတွေစားနေကျဖြစ်တဲ့

ဝက်သား နဲ့ကြာစွယ်လို၊ ဖရဲသီးနဲ့ ဘဲဥလို၊

မင်းဂွတ်သီး နဲ့ သကြားလိုအရာတွေပါ ပါနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီမှားယွင်းတဲ့အသိဖြန့်ဝေမှုတွေက လူတွေကြားထဲ မလိုလားအပ်ဘဲ ကြောက်ရွံ့မှုတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါဆိုရင် မေးစရာရှိလာတဲ့မေးခွန်းက တချို့အစားအသောက်တွေတွဲစားပြီး လူတွေဝမ်းလေ ျှာတာ၊ ဘေးအန္တရာယ်ဖြစ်တာတွေ မြင်တွေ့ရတာကျတော့ရော ဘာကြောင့်လဲဆိုတဲ့မေးခွန်းပါ။ မပူပါနဲ့အဲဒီမေးခွန်းအတွက်လည်းအဖြေရှိပါတယ်။

အစာအဆိပ်သင့်ခြင်းရဲ့တရားခံ
အစားအသောက်စားပြီးတဲ့နောက် ပျို့အန်တာ၊ ဝမ်းလေ ျှာတာ၊ ဗိုက်အောင့်တာ ချမ်းတုန်ဖျားဖြစ်တာတွေကိုအစာအဆိပ်သင့်တယ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဒါတွေဟာအစားအသောက်တွေ တစ်ခုနဲ့တစ်ခု မတည့်ဖြစ်တာကြောင့်မဟုတ်ဘဲ စားလိုက်တဲ့အစားအစာတွေရဲ့ သန့်ရှင်းမှုအားနည်းတာကြောင့် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့အခြားကပ်ပါးကောင်တွေပါဝင်တာကြောင့်ဖြစ်ပါတယ်။ အစားအသောက်ထုတ်လုပ်တဲ့ ပြင်ဆင်တဲ့နေရာတစ်ခုခုမှာ မသန့်ရှင်းတဲ့လက်နဲ့ကိုင်တွယ်တယ်။ မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့ထားရှိမယ်ဆိုရင် ဒီအစားအသောက်တွေမှာ ကပ်ပါးပိုးမွှားတွေ ကပ်တွယ်ငြိလာနိုင်ပါတယ်။အဲဒီလိုမသန့်ရှင်းတဲ့အစားအသောက်ကို စားသောက်လိုက်မယ်ဆိုရင် ပိုးမွှားတွေက

အူလမ်းကြောင် းတလျောက်ကို ရောက်ရှိသွားပြီးတော့အဆိပ်တွေထုတ်လွှတ်ပါတယ်။အဲဒီနောက်မှာတော့အစာအဆိပ်သင့်တာရဲ့ လက္ခဏာတွေဖြစ်တဲ့

ခေါင်းမူးတာ ၊ ပျို့အန်တာ၊ ဝမ်းလေ ျှာတာ၊ ဗိုက်အောင့်တာနဲ့ ဖျားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာအစားအစာတွေမသန့်ရှင်းမှုကြောင့်ဖြစ်တာဖြစ်ပြီးအစားအသောက်နှစ်ခု မတည့်တာကြောင့်မဟုတ်ပါဘူး။ ဥပမာ -  လမ်းဘေးကဝယ်လာတဲ့

ဖရဲသီး နဲ့ ဘဲဥကိုတွဲစားတယ်။ ပြီးတဲ့အခါမှာအော့အန် ဝမ်းလေ ျှာတယ်ဆိုရင် လူတွေရဲ့အထင်မှာက ဒီနှစ်ခုမတည့်လို့လို့ ဖြစ်သွားပါတယ်။အမှန်က လမ်းဘေးက ဝယ်လာတဲ့ဖရဲသီးမှာ ယင်ကောင်တွေနားတာ၊ ကိုင်တဲ့လက်တွေမသန့်တာကြောင့် ဖရဲသီးမှာအညစ်အကြေးပိုးမွှားတွေ ပေါက်ဖွားနိုင်နေသလို ဘဲဥကိုပြုတ်တဲ့အခါမှာ သေချာမပြုတ်တာ၊ မသန့်ရှင်းတာတွေကြောင့် ဘဲဥမှာလည်း ပိုးမွှားတွေ ပေါက်ဖွားနေနိုင်ပါတယ်။ ဒီနှစ်ခုသွားဆုံတဲ့အခါ မသန့်ရှင်းတဲ့အစားအသောက်ကြောင့် ကပ်ငြိနေတဲ့ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ပြဿနာကို မတည့်တာဆိုပြီး ဖြစ်သွားရပါတယ်။

အစားအသောက်ဓာတ်မတည့်ခြင်း
နောက်ထပ် ဖြစ်နိုင်ခြေ ပြဿနာတစ်ခုကတော့အစားအသောက်တွေနဲ့ စားလိုက်တဲ့သူ ဓာတ်မတည့်တာကြောင့်ပါ။အဖြစ်များတာကတော့

ပင်လယ်စာတွေ မှာပါ။ လူတချို့မှာ သာမန်ထက်တုံ့ပြန်မှုလွန်ကဲတဲ့ ပြဿနာတွေရှိနေတတ်ကြပြီးအစားအစာတွေနဲ့ မတည့်တာရှိပါတယ်။ ဥပမာအားဖြင့် မြေပဲ၊ ငါး၊ ကမာ၊ ဂုံး၊ ရေခူတို့က မတည့်တတ်တဲ့သူများပါတယ်။ တချို့တွေ

အယ်လ်ကိုဟော နဲ့မတည့်တာ၊

နို့နဲ့နို့ထွက်ပစ္စည်းတွေ နဲ့ မတည့်တာတွေရှိပါတယ်။အဲဒါကလည်းအစားအသောက်တွေတစ်ခုနဲ့တစ်ခု မတည့်တာကြောင့်မဟုတ်ဘဲ နဂိုကတည်းက ခန္ဓာကိုယ်က တုံ့ပြန်မှုလွန်ကဲတာကြောင့်ဖြစ်ပါတယ်။အစားအသောက်နဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ယားယံလာတာ၊ နီရဲပြီး ခန္ဓာကိုယ်မှာအဖုအပိန့်တွေထွက်လာတာတွေဖြစ်တတ်ပြီး ပြင်းထန်တဲ့အခြေအနေတွေမှာတော့အသက်ရှူရခက်ခဲလာတာ၊

သွေးပေါင်ချိန် အလွန်အမင်းကျဆင်းသွားတာ၊ လျင်လျင်မြန်မြန်မတုံ့ပြန်နိုင်ရင်အသက်ဆုံးရှုံးရတာတွေထိ ဖြစ်နိုင်ပါတယ်။အစားအသောက်နဲ့ ဓာတ်မတည့်ဖြစ်တတ်တဲ့သူက သူဘယ်အစားအသောက်နဲ့ ဓာတ်မတည့်တတ်လဲဆိုတာကို သိထားပြီးရှောင်ကြဉ်သွားရပါတယ်။ ဒီလောက်ဆိုရင်တော့ မတည့်တဲ့အစားအသောက်များဆိုတဲ့ ဘယ်သူရေးမှန်းမသိ၊ ဘယ်က ထုတ်နှုတ်ထားတာလဲဆိုတာမသိတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်။အင်တာနက်ပေါ်က သတင်းတွေအချက်အလက်တွေကို တွေ့တဲ့အခါမှာ ဒီအတိုင်းလက်ခံယုံကြည်လိုက်မယ့်အစား  ကိုယ်တိုင်စဉ်းစားဆင်ခြင်သုံးသပ်ပြီးမှ လက်ခံသင့်ပါတယ်။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


#အစားအသောက်
#ဘဲဥ
#ပိုးမွှား
#ဖရဲသီး
#ပျို့အန်

Some text some message..