မြေစာဥ ဆိုတာ ဘယ်လိုဆေးဖက်ဝင်တာလဲ
hellosayarwon.com
|
2019-06-25

အိမ်ကလူကြီးတွေသိပ်ကြိုက်ကြတဲ့ မြေစာဥဆိုတာ တကယ်တော့ စိမ်းစားဥတို့လိုပဲနော်။အစိမ်းစားလို့ရတယ်။ ဝက်မြေစာဥလို့လည်းခေါ်ကြတယ်။ ဆေးဖက်ဝင်တယ်၊အရသာအရမ်းကောင်းတယ်လို့ညွှန်းကြလွန်းလို့ စားကြည့်တော့ ချိုချိုလေးနဲ့ စားကောင်းသား။ ဘယ်လိုဆေးဖက်ဝင်လဲလို့ လေ့လာကြည့်ပြန်တော့ ကာဗိုဟိုက်ဒရိတ်၊ကစီနဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ရေဓာတ်လည်း ပါဝင်မှုမနည်းပါဘူး။ ဒီလိုတွေပါတော့ ဘာအတွက်အကျိုးပြုတာလဲ ဆက်ပြီးကြည့်ရအောင်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတယ်
catechin gallate ၊  epicatechin  gallate နဲ့ gallocatechin gallate တိုု့လို phenolic ဒြပ်ပေါင်းတွေနဲ့ flavonoids တွေကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖြစ်စေမယ့်ဓာတ်တွေကိုဖယ်ရှားပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေရန်က ကာကွယ်တားဆီးပြီး နာတာရှည်ရောဂါတွေဖြစ်မလာအောင် တားဆီးပေးပါတယ်။

သွေးတိုးကျစေတယ်
ပိုတက်စီယမ်ပါဝင်မှုများလို့ သွေးဖိအားကိုကျစေဖို့ ကူညီပေးတယ်။ ပိုတက်စီယမ်က သွေးကြောတွေကိုကျယ်စေပြီး သွေးလည်ပတ်မှုကိုကောင်းစေနိုင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့အစားအသောက်တွေက နှလုံးရောဂါနဲ့လေဖြတ်ခြင်းတို့ကိုလည်း ဖြစ်နိုင်ခြေနည်းစေပါတယ်။

နှလုံးရောဂါကာကွယ်တယ်
မြေစာဥက နှလုံးရောဂါဖြစ်နိုင်ခြေနည်းအောင် နည်းလမ်းနှစ်မျိုးနဲ့ကာကွယ်ပေးပါတယ်။ သူတို့က ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကိုထိန်းညှိပြီး ရေဓာတ်စုခြင်းကို လျှော့ချပေးတယ်၊ သွေးတိုးကို လျှော့ချပေးတယ်။ သူတို့မှာ ကိုလက်စထရောမပါဘူး၊အဆီဓာတ်နည်းနည်းလေးပါတယ်၊ တခြားဥတွေ၊အစေ့အဆန်တွေထက် ကယ်လိုရီနည်းတယ်။

အဆီကျစေတယ်
ကိုလက်စထရောမပါတဲ့အပြင်အမျှင်ဓာတ်ကကြွယ်ဝနေတော့အဆီချဖို့အတော်ပဲပေါ့။ သူ့မှာ ကယ်လိုရီနည်းတော့ ဟင်းရည်ချက်သောက်တာ၊ ဖျော်ရည်လုပ်သောက်တာ၊အစိမ်းစားတာတွေလုပ်လို့ရတယ်။အာဟာရပါဝင်မှုကများတော့အဆီချ diet plan မှာ ထိုက်သင့်သလောက် ထည့်သုံးလို့ရပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်တယ်
သူက ကင်ဆာဆဲလ်တွေပြန့်ပွားမှုကိုဟန့်တားပေးပြီး ခန္ဓာကိုယ်ထဲ ကင်ဆာပျံ့နှံ့ခြင်းကို တားဆီးပေးလို့အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာတွေ၊ ရင်သားကင်ဆာတွေကို ရင်ဆိုင်တိုက်ဖျက်ပေးပါတယ်။

ကိုယ်ခံအားကောင်းစေတယ်
မြေစာဥမှာ penicillin လိုအာနိသင်ရှိတဲ့ puchin ဆိုတဲ့ ပဋိဇီဝဒြပ်ပေါင်းတစ်မျိုးပါရှိပါတယ်။ ဒီဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။

တခြားအကျိုးကျေးဇူးတွေက -

တရုတ်တိုင်းရင်းဆေးပညာမှာဆို မြေစာဥကိုအစာအိမ်ကောင်းစေဖို့နဲ့ ခန္ဓာကိုယ်အားရှိစေဖို့ ဆေးအဖြစ်သုံးကြပါတယ်။
ကိုယ်ဝန်ဆောင်တွေအတွက်အကျိုးကျေးဇူးများတဲ့ folate ပါဝင်မှုလည်းများပါတယ်။
မြေစာဥအမှုန့်က gluten-free ဖြစ်ပြီး ပရိုတင်းကြွယ်ဝတာပါတယ်။ တရုတ်ဆေးပညာမှာအသားဝါခြင်း (jaundice ) နဲ့ ဝက်သက်ရောဂါတို့ကြောင့် မအီမသာဖြစ်တဲ့ဝေဒနာတွေသက်သာစေဖို့ ဒီအမှုန့်ကိုရေနဲ့ဖျော်ပြီး တိုက်လေ့ရှိပါတယ်။

ဘယ်လိုစားရလဲ

အခွံခွာပြီးအစိမ်းစားလို့ရတယ်၊ ပေါင်းစား၊ပြုတ်စား၊ ကင်စားလို့ရတယ်(အခွံတော့ခွာရမယ်)။
ဟင်းချို၊ စွပ်ပြုတ်၊အကြော်၊ ခေါက်ဆွဲတို့မှာထည့်စားလို့ရတယ်။
မုန့်လုပ်တဲ့အခါ ထည့်လို့ရတယ်။
ဖျော်ရည်ကြိတ်သောက်လို့ရတယ်။ သတိထားဖို့က တန်ဆေးလွန်ဘေးဆိုတာပါ။ မြေစာဥကိုအလွန်အကျွံစားရင် မအီမသာဖြစ်တာ၊ပျို့အန်တာတွေခံစားရပြီး တောက်သွားတတ်ပါတယ်။

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


#အစိမ်းစား
#ဒြပ်ပေါင်း
#ဓာတ်
#အဆီ
#ကင်ဆာ

Some text some message..