ကျောက်ကပ်မှာပြဿနာရှိနေပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀) ခု
hellosayarwon.com
|
2019-07-14


ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့ တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို မသိတဲ့သူများပါတယ်။ သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊ ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။ ဘာလို့လဲဆိုတော့ ရောဂါလက္ခဏာတွေဖြစ်နေလည်း လူတွေက ကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့ရောထွေးကြလို့ပါပဲ။ နောက်ပြီး တချို့ကျောက်ကပ်ဝေဒနာရှင်တွေမှာ ရောဂါရင့်တဲ့အဆင့်အထိ လက္ခဏာမပြဘဲရှိတတ်တယ်၊ နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ၁၀ ရာခိုင်နှုန်းလောက်က ကိုယ့်ရောဂါကိုမသိဘဲနေကြတာ တွေ့ရပါတယ်။ ကျောက်ကပ်ကောင်းမကောင်းအတိအကျသိနိုင်တဲ့နည်းလမ်းကဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီတော့ ဖြစ်နိုင်ခြေ လက္ခဏာတွေနဲ့ပဲအရင် ဆန်းစစ်ရပါမယ်။ ကိုယ့်မှာ သွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ် မိဘဆွေမျိုးတွေထဲမှာ ကျောက်ကပ်ရောဂါရှိဖူးတာ၊ ဒါမှမဟုတ်အသက် ၆၀အထက်ရှိသူ တွေဟာ ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။ဆေးမစစ်ခင် ကိုယ့်မှာဒီလက္ခဏာတွေရှိနေသလားအရင်ကြည့်ပါ။

ကျောက်ကပ်မှာ ပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု
(၁)အရမ်းပင်ပန်း၊အားကုန်နေတာ ဒါမှမဟုတ်အာရုံစူးစိုက်လို့မရတာ ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင် သွေးထဲမှာအဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီး သွေးညစ်စေပါတယ်။အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီးအာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့ သွေးအားနည်းတာပဲဖြစ်ပါတယ်။ (၂)အိပ်မပျော်တာ ကျောက်ကပ်က ကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစား သွေးထဲမှာအဆိပ်အတောက်တွေကျန်နေတာပေါ့။ ဒီလိုုဖြစ်လာရင်အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာအိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။ (၃)အသားခြောက်ပြီး ယားတာ ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက ကဏ္ဍအတော်များများမှာအရေးပါပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်ထဲကအရည်ပိုတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊ သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊အရိုးတွေကြံ့ခိုင်ဖို့ ထောက်ပံ့တယ်၊ သွေးထဲမှာ သတ္တုဓာတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။အသားအရေခြောက်သွေ့ပြီး ယားယံနေတာက ကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓာတ်ချို့တဲ့မှု သို့မဟုတ်အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ (၄) ဆီးခဏခဏသွားချင်နေတာအထူးသဖြင့် ညဘက်မှာ ဆီးခဏခဏသွားချင်တာ ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။ တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ်အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ (၅) ဆီးထဲမှာသွေးပါတာ ကျောက်ကပ်ကျန်းမာနေရင် သွေးထဲကအညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးကလာပ်စည်းတွေကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က ယိုယွင်းနေတဲ့အခါ သွေးကလာပ်စည်းတွေက ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။ ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့အချက်ပြတာဖြစ်နိုင်သလိုအကျိတ်ရှိနေတာ၊ ကျောက်ကပ်ကျောက်တည်တာ၊ ရောဂါပိုးဝင်တာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ (၆) ဆီးကအမြှုပ်တွေထတာ ဆီးခွက်နဲ့သွားရင်အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့်အမြှုပ်ကသိပ်များနေတယ်ဆိုရင် ၊အထူးသဖြင့် ဆီးသွားပြီး ရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာ albumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကို ဖော်ပြတာဖြစ်ပါတယ်။ (၇) မျက်လုံးမို့အစ်နေတာ ဆီးထဲမှာပရိုတင်းရှိနေတာဟာ ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ပရိုတင်းတွေကို ခန္ဓာကိုယ်ထဲမှာထိန်းပေးရမယ့်အစား ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။ (၈) ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီး ခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။ ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက နှလုံးရောဂါ၊အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ (၉)အစာစားချင်စိတ်နည်းတာ ဒါကတော့အကြောင်းကြောင်းကြောင့်အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ ကျောက်ကပ်ကြောင့် ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့အဆိပ်အတောက်ဓာတ်တွေစုပုံလာတာကအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ (၁၀) ကြွက်တက်တာ ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyte တွေမညီမျှတော့ပါဘူး။ ဥပမာ - ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီး ဖော့စဖရပ်စ်ဓာတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။


#ကျောက်ကပ်
#လက္ခဏာ
#ပရိုတင်း
#ရောဂါ
#သွေး

Some text some message..