
ဓာတ်ပုံ-ကိုကိုဌေး
အနာကပ်ပလတ်စတာ သုံးသူတိုင်း သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေ
တစ်ခုခုထိခိုက်မိပြီးအနာဖြစ်ဖူးတဲ့သူ၊ ဒဏ်ရာရဖူးတဲ့သူတွေ ရှိကြပါသလား။
လူတိုင်းဖြစ်ဖူးကြမှာပါ။ မတော်တဆထိခိုက်မိလို့ပဲဖြြစ်ဖစ်၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင် လုပ်တာပဲဖြစ်ဖြစ်အကုန်လုံးက ထိခိုက်ဒဏ်ရာကနေ ပြေးမလွတ်ပါဘူး။ တစ်ခုခုထိခိုက်မိသွားလို့ ဖြစ်လာတဲ့အနာတွေကို ဘယ်လို ကုသရမလဲ။
ဒဏ်ရာသေးရင်တော့အနာကပ်ပလတ်စတာသာကပ်ကြပြီး ဒဏ်ရာကြီးရင်တော့ ပတ်တီးစည်းတတ်ကြပါတယ်။ ပတ်တီးစည်းရတဲ့အဆင့်လောက်ဆိုအနာက တော်တော်လေးကြီးနေပြီမို့ ဆေးခန်းသွားပြီး ကုမှရတာပါ။အဲဒီအခါကျရင် ဆရာဝန်က ပတ်တီးစည်းတဲ့အခါ လုပ်သင့်တဲ့ရှောင်ရန် ဆောင်ရန်တွေ တစ်ခါတည်းပြောလိုက်မှာပါ။အနာကပ်ပလတ်စတာကကျတော့ ကိုယ့်ဘာသာအိမ်မှာပဲ လွယ်လွယ် ဝယ်သုံးနေကြတဲ့အတွက် သူနဲ့ပတ်သက်တဲ့ ရှောင်ရန် ဆောင်ရန်တွေကျတော့ မသိဖြစ်နေတတ်ကြပါတယ်။
ဒဏ်ရာမြန်မြန်ကျက်ချင်လို့၊ ပိုးမဝင်စေချင်လို့အနာကပ်ပလတ်စတာသုံးခါမှာအသုံးမတတ်လို့ ပိုဆိုးသွားတဲ့အနာတွေအများကြီးရှိပါတယ်။ ဒါကြောင့်အနာကပ်ပလတ်စတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကို ပြောပြချင်ပါတယ်။
ဆောင်ရန်အချက်များ
•အနာကပ်ပလာစတာ ဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်လိုက်တဲ့အနာကပ်ပလာစတာဘူးရဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ကြည့်ဖို့ မမေ့ပါနဲ့။
•အနာကပ်ပလာစတာအခွံပြဲနေရင် ဆက်မသုံးပါနဲ့တော့။
• လက်ကို ပိုးသေအောင် သေချာဆေးပြီးမှအနာကပ်ပလာစတာ ကိုကိုင်ပါ။
• ဆေးရှိတဲ့နေရာနဲ့အနာကိုသေသေချာချာထိအောင်ချိန်ပြီးမှအနာကပ် ပလာစတာကပ်ပါ။
• မိုးရာသီ ( ဒါမှမဟုတ်)အနာနဲ့ရေနဲ့ထိနိုင်တဲ့အခါမျိုးဆိုရင် ရေစိုခံအနာကပ်ပလတ်စတာကို ရွေးသုံးပါ။
•အနာကပ်ပလတ်စတာကို တစ်နေ့ နှစ်ခုလဲပေးပါ။
• သုံးပြီးသားအနာကပ်ပလတ်စတာတွေကို တွေ့ရာနေရာမှာ လျှောက်မထားဘဲ စနစ်တကျ လွှင့်ပစ်ပါ။
ရှောင်ရန်အချက်များ
•အနာကပ်ပလတ်စတာနဲ့အသားကြားထဲမှာ နေရာလွတ်ရှိမနေသင့်ပါဘူး။
•အပြင်က ပိုးတွေ မဝင်အောင်၊အနာကျက်မြန်အောင်အနာကပ် ပလတ်စတာ ကပ်ရမယ်ဆိုပြီး တစ်ချိန်လုံးကြီး ကပ်မထားပါနဲ ဖုန်ထူတဲ့ နေရာတွေ၊အပြင်တွေသွားရင်တော့ ပလာစတာ မဖြစ်မနေကပ်ထားသင့်ပြီး ညဘက်အိမ်ပြန်ရောက်ရင်တော့ ပလတ်စတာကို ခွာပြီးမှအိပ်ပါ။အနာကို ပြင်ပကအောက်ဆီဂျင်နဲ့ ထိတွေ့ပေးဖို့လည်း လိုသေးတယ်လေ။
•အနာကို ပလတ်စတာကပ်ရင် တင်းတင်းကျပ်ကျပ် မစည်းပါနဲ့။အနာဆီကို သွေးတွေ မရောက်နိုင်ရင်အနာကျက်တာလည်း နှေးသွားနိုင်တဲ့အတွက်ကြောင့်ပါ။
•အနာကို ကြည့်ချင်လို့ဆိုပြီး ပလတ်စတာကို ခွာလိုက်၊ ပြန်ကပ်လိုက် မလုပ်သင့်ပါဘူး။အနာကိုဆွပေးသလိုဖြစ်လို့ ပိုးတွေဝင်ပြီးအနာကျက်နှေးတတ်ပါတယ်။
•အနာကျက်ခါနီးရင်အနာယားတတ်တာ ထုံးစံဖြစ်တဲ့အတွက်အနာကပ်ပလတ်စတာအပေါ်ကနေအနာကို လက်နဲ့ကိုင်တာမျိုး၊ ကုတ်တာမျိုးတွေက မလုပ်သင့်တဲ့အရာတစ်ခုပါ။
လူတိုင်းကအနာတွေ၊ ဒဏ်ရာတွေနဲ့ မကင်းနိုင်တဲ့အတွက် ခုပြောပြတဲ့အချက်လေးတွေက တစ်နေရာရာမှာအသုံးဝင်မယ်လို့ ထင်ပါတယ်။ (ရေးသားသူ Dr. Thin Yadana@ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win) Hello ဆရာဝန် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။