အရေပြားလေးဖက်နာနှင့်အစားအသောက်
healthcare.com.mm
|
2019-08-02


အဖြစ်များတဲ့ လေးဖက်နာရောဂါအုပ်စုတွေထဲမှာ ကြောက်စရာအကောင်းဆုံးကတော့အရေပြားလေးဖက်နာ (SLE) ပါပဲ။ သူကအရေပြားမှာ၊ မျက်နှာမှာအကွက်တွေပေါ်တတ်တာမို့အစားမှားလို့၊ မတည့်လို့ဖြစ်တာမို့အယူအဆ မှားတတ်ကြပါတယ်။ တကယ်တော့အင်ပျဉ်ထတာမျိုး၊ ဆေးမတည့်တာမျိုးနှင့် မတူပါဘူး။ ကိုယ့်သွေးထဲက ကိုယ်ခံဓာတ်က ကိုယ့်အရေပြားကိုပြန်တိုက်လို့ ရောင်လာတာဖြစ်တဲ့အတွက်အစားအသောက်ရဲ့ကဏ္ဍဟာအရေးကြီးလာပါပြီ။ သူက နေပူမိရင် ပိုဖြစ်တာမို့အနေအထိုင်ဆင်ခြင်ဖို့လည်း လိုပါတယ်။ မသွားမဖြစ် သွားရမယ်ဆိုရင်တော့ ထီးဆောင်းသွားတာ၊အဝတ်လုံလုံလဲလဲ ဝတ်သွားတာလုပ်ဖို့ လိုပါတယ်။ ပင်လယ်ကမ်းခြေမှာ ဘစ်ကနီနဲ့ ရေသွားကူးတာမျိုး ရှောင်ရပါသည်။ သဘာဝမကျတဲ့အရောင်ဆိုးထားတဲ့အစားအသောက်တွေ၊ ဓာတုပစ္စည်းတွေနဲ့ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ ရယ်ဒီမိတ်အမြန်စားအစားအသောက်တွေ၊ Transfer လို့ခေါ်တဲ့ ပုံပြောင်းဆီမပါတဲ့အစားအသောက်တွေ ရှောင်နိုင်ရင် ကောင်းပါတယ်။ ဆေးဝါးအတု၊ စားသုံးကုန်အတုတွေဟာ ဗီဇပန်းကုံးကို ပျက်စီးစေပြီး ခုခံအားပုံမှန်မဟုတ်လို့ဖြစ်ရတဲ့အရိုး၊အကြော၊အဆစ်ရောဂါအမျိုးမျိုး (Rheumatism) ဖြစ်စေတဲ့အတွက် ဆေးအတု၊အစာအတုတွေကို ဝေးဝေးရှောင်ရပါမယ်။ ကိုယ့်မှာအရေပြားလေးဖက်နာ ဖြစ်နေပြီဆိုရင်တော့ ပိုဆိုးမလာအောင် ခုနကပြောတဲ့အမြန်စာတွေကို ရှောင်ရပါမယ်။ ဒုတိယအဆင့်ကတော့ သွေးတိုး၊အဆီမပိတ်အောင် ဆင်ခြင်ရပါမယ်။အရေပြားမှာအကွက်ပေါ်ရုံနှင့် မသေပါဘူး။ သွေးတိုးတယ်၊ သွေးကြောတွေအဆီပိတ်ပြီး လေးဖက်နာကြောင့်ဖြစ်တဲ့ သွေးကြောရောင်ရမ်းမှုနဲ့ ပေါင်းလိုက်တော့ နှလုံးသွေးကြောပိတ်၊ ကျောက်ကပ်ပျက်ရောဂါတွေ ဖြစ်လာလို့ သေကြတာဖြစ်ပါတယ်။အဆီများတယ်ဆိုတာ ဝက်သား၊ ဘဲသားစားမှ မဟုတ်ပါဘူး။ ထမင်းဆီဆမ်း၊ ပဲကြော်နဲ့ သက်သတ်လွတ်စားလည်း ဆီတွေပါတာပါပဲ။ တီဗီကြည့်ရင်းအာလူးကြော်၊ ငါးမုန့်ကြော်ဝါး၊ မနက်အိပ်ရာထအီကြာကွေး၊ ပလာတာစားလည်း ဆီတွေပါတာပါပဲ။ ညစာမစားဘူးဆိုပြီး ကြာဆံကြော်စားလည်း ဆီတွေပါတာပါပဲ။ ဗမာဟင်းတွေက ချက်လိုက်ရင် ဟင်းတုံးပေါ်မှာ ဆီဖုံးနေတာကိုတွေ့ရတဲ့ နိုင်ငံခြားဧည့်သည်တွေက နှိုက်တောင်မနှိုက်ရဲပါဘူး။  ဆီကိုအရသာရှိတယ်ဆိုရုံ၊ ပါရုံလေးထည့်ပြီး ရခိုင်ချက် ချက်စားကြရင်တော့ လေးဖက်နာအတွက်အကောင်းဆုံးပါပဲ။ နောက်တစ်ခုကအငန်လျှော့စားပါ တစ်နေ့လုံးစားနေတဲ့ သရေစာတွေ၊ ဟင်းတွေမှာ ပြုပြင်ထုတ်လုပ်တဲ့အဆင့်ထဲက ဆိုဒီယမ်ဓာတ်က ပါနေပြီးဖြစ်ပါသည်။ ဒါကြောင့် သွေးတိုးတက်မလာအောင်အငန်လျော့စားပါဆိုရင်အနီရောင်အစားအစာတွေကို ရှောင်ရပါမယ်။အငန်များတဲ့အစားတွေဟာအန္တရာယ်ကို ဖိတ်ခေါ်နေသလိုရှိတာမို့အနီရောင်အစာ (Red food) လို့တင်စားပြီး ခေါ်တာဖြစ်ပါတယ်။အနီရောင်အစားအစာထဲမှာ- - ဘေကွန်ဝက်ပေါင်ခြောက်၊ ချိစ်၊ ဆလာမီ၊ ငါးပိ၊ ငါးခြောက်၊ စည်သွပ်အစာဘူး၊အမေရိကန်ကြက်ကြော်၊အမြန်စားခေါက်ဆွဲခြောက်ထုပ်၊အာလူးချောင်းကြော်၊အာလူးကြော်ထုပ် စတာတွေပါပါတယ်။ တတိယအဆင့်ကအရေပြားလေးဖက်နာ လူနာတွေဟာ တစ်ချိန်ချိန်မှာ လူတိုင်းလိုလို ကျောက်ကပ်ပျက်စီးမှုနှင့် ရင်ဆိုင်လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတွင်းဆီအဆိပ် (Creatinine) ကို မကြာမကြာ (၆ လတစ်ခါ) စစ်ကြည့်ရပြီး ဆီးဆိပ်တက်လာပြီဆိုရင်တော့ ပိုတက်ဆီယမ်လို့ခေါ်တဲ့အချဉ်ဓာတ်ကို လျှော့ရပါမည်။ ချဉ်တဲ့သံပုရာသီး၊ ကမ္ဗလာသီးတွေမှာအများဆုံးပါပါတယ်။ ၁ မီလီမိုး/ ကီလိုဂရမ် ကိုယ်အလေးချိန်အနေနှင့် တွက်စားရတယ်။ ကိုယ်အလေးချိန် ၅ဝ ကီလိုရှိရင် တစ်နေ့ကို ၅ဝ မီလီမိုးပိုတက်ဆီယမ်စားလို့ရတဲ့ သဘောပေါ့။ ခရမ်းချဉ်သီး၊ မျှစ်၊ ငှက်ပျောသီး၊အမဲသား၊ ဂုံး စတာတွေမှာလည်း ပိုတက်ဆီယမ်ဓာတ်များလို့ လိုအပ်ရင် လျှော့စားဖို့ လိုပါတယ်။အသားဓာတ်ကိုလည်း ၁ ဂရမ်/ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ တွက်စားရပါမယ်။ ဒီနေရာမှာ ပရိုတင်း ၅ဝ ဂရမ်အသား၅ဝ ဂရမ်မတူပါဘူး။ ကြက်သားတုံး၊ ဝက်သားတုံးမှာ ပရိုတင်းဓာတ်အပြင်အဆီဓာတ်၊အမျှင်ဓာတ်၊အရိုး၊ ရေဓာတ်စတာတွေ ရောပါနေလို့ ၆ ပုံ ၁ ပုံကနေ ၁ဝ ပုံ ၁ ပုံလောက်ပဲ ပရိုတင်းဓာတ်စစ်စစ် ပါပါတယ်။ ဒါပေမဲ့ တစ်ဖက်ကတစ်ခါ ထမင်းထဲမှာလည်းအဓိကကာဗိုဟိုက်ဒြိတ်၊ ကစီဓာတ်အပြင်အသားဓာတ်လည်း ပါပါတယ်။ ဒါကြောင့် တစ်ခါစားရင် ထမင်းတစ်ပန်းကန်နှင့်အသား ၄ တုံးလောက်စားမယ်ဆိုရင် တစ်နေ့တာကိုလိုအပ်တဲ့အသားဓာတ် လုံလောက်အောင်စားရမှာဖြစ်ပါတယ်။ Credit : ပါမောက္ခဦးချစ်စိုးသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။    


#အရေပြား
#အသားဓာတ်
#ဓာတ်
#အငန်
#ဆီ

Some text some message..