ကိုယ်ဝန်ဆောင်စဉ်အရေပြားယားယံခြင်း
ondoctor.com.mm
|
2019-08-02



ကိုယ်ဝန်ဆောင်စဉ်အရေပြားယားယံခြင်း

ကိုယ်ဝန်ဆောင်တဲ့အခါမှာအရေပြားဆီကို သွေးထောက်ပံ့မှု များလာခြင်း၊ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဗိုက်ပိုထွက်လာပြီး ဗိုက်အရေပြားကို ဆွဲဆန့်သလို ဖြစ်လာခြင်းတွေကြောင့် ကိုယ်ဝန်ဆောင်အများစုအနေနဲ့ ယားယံခြင်းကို ခံစားရလေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အရေပြားယားယံခြင်းဖြစ်တာဟာ စိုးရိမ်ရသလား။

အနည်းငယ်ယားယံတာမျိုး (Mild itching) ကတော့မစိုးရိမ်ရနိုင်ပါ။

ပွပွလျလျအဝတ်အစားတွေဝတ်တာ၊ လေဝင်လေထွက်ကောင်းတဲ့ ချည်သားနဲ့လုပ်ထားတဲ့အဝတ်အစားတွေဝတ်တာ၊ ရေအေးချိုးတာ၊ Moisturiser (အစိုဓါတ်ပါတဲ့ခရင်မ်)လိမ်းတာတွေ လုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

တချို့တွေမှာအနံ့ပြင်းတဲ့အလှကုန်ပစ္စည်းတွေ၊ ကိုယ်တိုက်ဆပ်ပြာမွှေးတွေကြောင့်လည်းအရေပြားယားယံခြင်းကို ခံစားရနိုင်ပါတယ်။

အဲ့ဒါဆိုရင်တော့အနံ့မပါတဲ့အလှကုန်တွေသုံးတာ၊ ကိုယ်တိုက်ဆပ်ပြာမွှေးမသုံးဘဲ ရိုးရိုးဆပ်ပြာသုံးတာတွေလုပ်ဖို့ လိုပါတယ်။

တကယ်လို့ ဒီလိုတွေလုပ်လို့ မသက်သာဘူး၊အနည်းငယ်ယားယံတာမျိုးကနေ တအားယားယံတာမျိုးဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်း၊ ဆေးရုံပြသစစ်ဆေးဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုတအားယားယံတာမျိုး ဖြစ်တာဟာ obstetric cholestasis (intrahepatic cholestasis of pregnancy) လို့ခေါ်တဲ့အခြေအနေတခုရဲ့ လက္ခဏာဖြစ်နိုင်လို့ပါ။

obstetric cholestasis ဆိုတာဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သည်းခြေရည်စီးဆင်းမှု နှေးသွားတာ သို့မဟုတ် ရပ်သွားတဲ့အခြေအနေ ဖြစ်ပါတယ်။

အဲ့အခြေအနေမှာဆိုရင် သည်းခြေဆား (Bile salts) တွေဟာ စုပုံလာပြီးအသည်းကလည်း များလာတဲ့သည်းခြေဆားတွေကို မဖယ်ရှားမစစ်ထုတ်နိုင်တော့ပါဘူး။

ဒီအခါမှာ သည်းခြေဆားတွေဟာ သွေးကြောထဲကို ရောက်သွားပြီး ယားယံခြင်းကို ဆိုးဆိုးဝါးဝါးဖြစ်စေပါတယ်။

Obstetric cholestasis ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ တိတိကျကျ ပြောမရသေးပါဘူး။

ဟော်မုန်းတွေအတက်အကျအပြောင်းအလဲ ဖြစ်တာကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆကြပါတယ်။

ကိုယ်ဝန်ဆောင် နောက်ဆုံးသုံးလမှာဖြစ်လေ့ရှိပြီး ကလေးမွေးပြီး ရက်ပိုင်းလောက်အကြာမှာ ပျောက်သွားတတ်ပါတယ်။

အဖြစ်များလေ့ရှိတဲ့အခြေအနေမဟုတ်ပါဘူး။ တချို့သော ကိုယ်ဝန်ဆောင်တွေမှာသာ ဖြစ်တတ်ပါတယ်။

လေ့လာမှုတွေအရ

ကိုယ့်မိသားစုထဲမှာ ဒီလိုဖြစ်ဖူးတဲ့သူရှိတဲ့ ကိုယ်ဝန်ဆောင်တွေ၊

အရင်ကိုယ်ဝန်တုန်းက ဒီလိုဖြစ်ဖူးတဲ့ ကိုယ်ဝန်ဆောင်တွေ၊

အိန္ဒိယ၊ ပါကစ်စတန် မျိုးနွယ်ဝင် ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်နိုင်ခြေပိုများကြောင်းသိရပါတယ်။

Obstetric cholestasis ရဲ့ လက္ခဏာတွေကတော့

အနီကွက်တွေပေါ်ခြင်းမရှိဘဲ တအားယားတာ၊

အများအားဖြင့် ခြေဖဝါး၊ လက်ဖဝါးနေရာတွေမှာ ယားတာ၊

အထူးသဖြင့် ညမှာ ပိုယားတာ၊

ယားယံခြင်းဖြစ်တာနဲ့အတူအသားဝါလာတာ၊ မျက်လုံးဝါလာတာ၊ ဆီးအရောင်ရင့်လာတာ၊ ဝမ်းအရောင်ဖျော့လာတာ တွေပါ။

ဒီလိုတွေဖြစ်လာရင် နီးစပ်ရာဆေးခန်းဆေးရုံပြသပြီး စမ်းသပ်စစ်ဆေးကုသမှုခံယူဖို့ လိုပါတယ်။

ဘာလို့လဲဆိုတော့ မကုသဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ လမစေ့တဲ့ကလေးမွေးတာ၊ ကလေးအသေမွေးတာ၊ မွေးလာတဲ့ကလေးမှာအဆုတ်နဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပါလာတာ စသဖြင့် ဆိုးကျိုးတွေဖြစ်လာနိုင်လို့ပါ။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ တအားယားယံခြင်းဖြစ်ပါက မပေါ့ဆပဲ ဆေးမြီးတိုတွေနဲ့ ကုသမနေဘဲနဲ့ ဆေးရုံဆေးခန်းပြသကြပါလို့အဆုံးသတ်အနေနဲ့ မှာချင်ပါတယ်။

ဒါမှသာ မွေးလာမယ့်ကလေးမှာ ဆိုးကျိုးဖြစ်နိုင်ခြေနည်းမှာပါ။

Dr 528


#ကိုယ်ဝန်ဆောင်
#ဆပ်ပြာမွှေး
#အရေပြား
#သည်းခြေ
#ဆေးခန်း

Some text some message..