ဓာတုပစ္စည်း ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကိုအသုံးပြုတဲ့အခါမှာ ရေသေချာစင်ကြယ်အောင် ဆေးချဖို့ လိုပါတယ်။ ဒီလိုဓာတုပစ္စည်းတွေက ဦးရေပြားပေါ် ကျန်ရစ်နေမယ်ဆိုရင် မှိုရောဂါ ဖြစ်ပွားနိုင်လို့ပါ။အထူးသဖြင့် ဦးရေပြားပေါ်မှာ ကပ်ငြိနေတတ်တဲ့ ဖုန်မှုန့်၊အညစ်အကြေး၊ ချွေးနဲ့အဆီတွေ ပေါင်းစပ်လိုက်တဲ့အခါ ဝက်ခြံထွက်ပေါ် လာတတ်ပါတယ်။ ဒါ့ကြောင့် ဦးရေပြားပေါ် ဝက်ခြံထွက်တယ်ဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့လည်း ဆိုင်ပါတယ်။ လူအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမို့လို့ စိုးရိမ်စရာတော့ မရှိပေမယ့် ဝက်ခြံကြောင့် ဦးရေပြား ယားယံခြင်းနဲ့ နာကျင်ခြင်းကိုအလျင်မြန်ဆုံး သက်သာစေမယ့်အိမ်တွင်းကုထုံးများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Tea Tree Oil
Tea Tree Oil က ဦးရေပြားပေါ်က ဘတ်တီးရီးယားများကို သေစေနိုင်တဲ့ သဘာဝပစ္စည်းလေးပါပဲ။ စူပါမားကတ်တွေမှာအလွယ်တကူဝယ်ယူရရှိနိုင်တာမို့လို့ ခက်ခဲတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူးနော်။ tea tree oilအနည်းငယ်ကို ဆံသားအားဖြည့်အဆီအဖြစ် ဦးရေပြားပေါ် လိမ်းပေးနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းလေးကတော့ tea tree oilအနည်းငယ်နဲ့ ရေအနည်းငယ် ရောစပ်ပြီး ဝါဂွမ်းစနဲ့ တို့ယူလိမ်းပေးပါ။ ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယား ပိုးမွှားများကို သေစေနိုင်တဲ့အတွက် သဘာဝနည်းလမ်းကောင်းလေးပါပဲ။
(၂) ကြက်သွန်ဖြူ
ဦးရေပြားပေါ်မှာဖြစ်တတ်တဲ့ မှိုရောဂါများကိုအလျင်မြန်ဆုံး ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ပါပဲ။ မီးဖိုချောင်ထဲမှာအလွယ်တကူရရှိနိုင်တဲ့အတွက် ကုန်ကျလည်းသက်သာပြီး ထိရောက်တဲ့ နည်းလမ်းလေးပါ။ ကြက်သွန်ဖြူတစ်မွှာကို ဝက်ခြံရှိတဲ့ ဦးရေပြားပေါ် ပွတ်တိုက်ပေးရမှာပဲ ဖြစ်ပါတယ်။ ဝက်ခြံကြောင့်ပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ဝက်ခြံကိုအလျင်မြန်ဆုံး သက်သာစေပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူရဲ့ စူးရှတဲ့အနံ့ကို စင်ကြယ်အောင် ခေါင်းသေချာလျှော်ဖို့တော့ လိုပါမယ်နော်။
(၃) သံပရိုသီး
သံပရိုသီးမှာ ပါဝင်တဲ့အက်ဆစ်ဓာတ်က ဦးရေပြားမှိုရောဂါအတွက် သဘာဝဆေးစွမ်းကောင်း တစ်လက်ပါပဲ။ သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး ဝက်ခြံရှိတဲ့ ဦးရေပြားပေါ်ကို ပွတ်တိုက်ပေးပါ။ ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားများကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ယားယံခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
(၄) နနွင်းမှုန့်
ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းမှုန့်ကလည်း ဝက်ခြံကုသတဲ့နေရာမှာ ထိရောက်လှပါတယ်။အပူပေးထားတဲ့ သံလွင်ဆီထဲကို နနွင်းမှုန့်အနည်းငယ်ရောစပ်ပြီး ဝက်ခြံရှိတဲ့ ဦးရေပြားပေးကို သုတ်လိမ်းပေးပါ။ ဦးရေပြားထဲထိ စိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်ခန့် ညင်သာစွာ နှိပ်နယ်ပေးပါ။ ဝက်ခြံကြောင့် ဦးရေပြားယားယံခြင်းနဲ့ ဘတ်တီးရီးယားပိုးမွှားများကို ရှင်းထုတ်ပေးပါတယ်။
(၅) စပျစ်ခြောက်စားပါ
ဦးရေပြားမှာ ဝက်ခြံထွက်တယ် ဆိုတာဟာအာဟာရချို့တဲ့မှုကြောင့်ပါ။ သံဓာတ်ချို့တဲ့အခါ မျိုးမှာလည်း ဦးရေပြားပေါ် ဝက်ခြံထွက်ပေါ်လာနိုင် ပါတယ်။ သံဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ စပျစ်ခြောက်က ဦးရေပြား ကျန်းမာဖို့အတွက် များစွာအထောက်အကူပြုပြီး ဆံပင်သန်စွမ်းကျန်းမာဖို့အတွက်များစွာအထောက်အကူပြုပါတယ်။
နန်း(ရွှေအင်းလေး)